Tuesday, July 19, 2011

ရန်ကုန်ဝန်ကြီးချုပ် ဦးမြင့်ဆွေ မီဒီယာကို ပြောတာက

ဇူလိုင်လ ၁၈ ရက် ၂၀၁၁ ခုနှစ်

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြင့်ဆွေနှင့် ရန်ကုန်အစိုးရ ဌာန ၆ ခုကိုင်ဝန်ကြီး ဗိုလ်မှူးကြီးဟောင်း ဦးဥာဏ်ထွန်းဦးက တိုင်းလွှတ်တော် အဆောက်အအုံ၌ ဇူလိုင် ၁၆ ရက်၊ စနေနေ့တွင် မီဒီယာနှင့် တွေ့ဆုံခဲ့စဉ်က ပြောဆိုခဲ့သည်များကို တင်ပြ လိုက်ပါသည်။

ရန်ကုန်ဝန်ကြီးချုပ် ဦးမြင့်ဆွေ

‘‘တကယ်ဆို မီဒီယာတွေနဲ့ တွေ့တဲ့အခါ ကျနော်တို့ဆောင်ရွက်ချက်တွေကို ရှင်းပြရင် ပြီးသွားရော။ မေးခွင့်လည်း မရှိဘူး။ ဒါပေမဲ့ အခု မေးခွင့်ပေးထားတယ်၊ သတင်းစာရှင်းလင်းပွဲ လုပ်တာမဟုတ်ဘူး။ တိုင်းဒေသကြီး အစိုးရအနေနဲ့ ဘာတွေ လုပ်တယ်ဆိုတာ အသိပေးတာဖြစ်တယ်။ အရင်တခါ လုပ်တုန်းကလည်း DVB (နော်ဝေအခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ) မှာ ပါတယ်။ တချို့ ရေးတာတွေ ပြည်သူလူထု အထင်လွဲတာတွေ တွေ့ရတယ်။ တချို့တွေရေးတာ ပြည်ထောင်စု လွှတ်တော်ကတောင် အထင် လွဲစရာတွေ ပါတယ်။ ပြည်သူလူထု အထင်အမြင် မှားစရာတွေပါတယ်။ အဲဒီအကြောင်းကို ပြည်ပမီဒီယာတွေက ရေးကြတယ်။ အဲဒီတော့ ပြည်ပမီဒီယာတွေကို ဘယ်သူ ပို့သလဲ။ ဒီအထဲကလူတွေပဲ ပို့တာပေါ့။ ဒီအထဲကလူတွေ မပို့ရင် ဘယ်သူမှ ပို့စရာ အကြောင်းမရှိဘူး’’

‘‘အဲဒီတုန်းက ကျောင်းတွေကိစ္စ ပြောတယ်။ ပြည်ပမီဒီယာမှာ ပါလာတယ်။ အဲဒီကျောင်းတွေက အောင်ချက်ကောင်းတယ်။ ဒါကြောင့် ကျောင်းသားမိဘတွေက ထားချင်တယ်။ ကျောင်းကို လှူတာတွေ များလာတယ်။ငွေပိုလှူနိုင်သူ သားသမီး တက်ရတာ ဖြစ်လာတယ်။ အောင်ချင်ကောင်းတဲ့ ကျောင်းတွေ ဖြစ်နေတယ်။ ဒါမျိုးတွေ ဖြစ်နေတာကို ပြောလိုက်တာ ဖြစ်တယ်။ပြည်ပ မီဒီယာ ဆိုတာက အစိုးရကို ဆန့်ကျင်ရေးသားတာ၊ အမြဲရေးတာ ဖြစ်တယ်’’

ဝန်ကြီး ဦးဥာဏ်ထွန်းဦး

အနှိပ်ခန်းနှင့် ကာရာအိုကေများ ဖမ်းဆီးကာ ၎င်းဝန်ထမ်းများကို အလုပ်ပေးနိုင်ရန် စီစဉ်နေကြောင်းနှင့် နိုင်ငံကူး လက်မှတ် လွယ်ကူစေရန် ရုံးပြောင်းရွှေ့ကာ ၃ ပတ်အတွင်း ဆောင်ရွက်ပေးနေကြောင်း ပြောဆိုသည်။

သွေးလွန်တုပ်ကွေး မဖြစ်စေရန် ကျောင်းပတ်ဝန်းကျင်များ ရေစီးရေလာကောင်းရန် လုပ်ဆောင်ခြင်းနှင့် ရန်ကုန်တက္ကသိုလ် မြင်ကွင်း ရှင်းလင်းရေး၊ စိမ်းလန်းစိုပြေရေး ဆောင်ရွက်ခြင်းများ ပြုလုပ်နေပြီး၊ ရန်ကုန်ရုပ်သွင် မပျောက်ပျက်စေရန် ဆောင်ရွက် မည်ဖြစ်ကာ ရန်ကုန်စက်မှုတက္ကသိုလ်လည်း ယင်းအတိုင်း ဆောင်ရွက်မည်ဟု ဆိုသည်။ စည်ပင်က ရေအားမကောင်းလျှင် မီးစက်ကြီးများနှင့် ဆောင်ရွက်ရန် စီစဉ်နေပြီဟု ပြောသည်။

ထို့အပြင် ဆင်းရဲနွမ်းပါးမှု ပပျောက်စေရန် ရန်ကုန်တွင် ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းစုံများ တည်ရှိရာ စက်မှုလုပ်ငန်းများတွင် အလုပ်အကိုင်များ ဖန်တီးပေးမည်ဟု ဆိုသည်။ ထို့နောက် အိမ်ငှားရာ၌ အိမ်ရှင်အိမ်ငှား နှစ်ဖက်လုံးထံမှ အုပ်ချုပ်ရေးမှူးက ကျပ် ၅ဝဝဝ တောင်းယူသည်မှာ တရားမဝင်ဟုလည်း ဦးဥာဏ်ထွန်းဦးက ပြောဆိုခဲ့သည်။

Ref: မဇျ္စိမ

0 comments:

အပေါ်သို့