Tuesday, July 19, 2011

SSA ဌာနချုပ် ကျတော့မည်

သန်းထိုက်ဦး
19 July 2011

အစိုးရတပ်များ၏ ၄ ရက်ကြာ ထိုးစစ်ဆင်မှုနှင့် ရင်ဆိုင်နေရသည့် ရှမ်းပြည် တပ်မတော် (SSA) မြောက်ပိုင်း သည် ၎င်းတို့၏ ဌာနချုပ်ကို လက်လွှတ်ရတော့မည်ဟု သိရသည်။

လက်နက်ကြီးဒဏ် ခံနေရသော ဌာနချုပ် ကျရန် ၈၀ ရာ ခိုင်နှုန်း သေချာနေသည်ဟု SSA မြောက်ပိုင်း၏ အရာရှိ တဦး ဖြစ်သည့် ဗိုလ်မှူးကြီး စိုင်းထူးက ဧရာဝတီကို ပြောသည်။

SSA တပ်သားများက ဌာနချုပ်အပြင်ဘက်သို့ ဆုတ်ခွာပြီး အစိုးရတပ် များကို ခုခံနေသည်ဟု ဆိုသည်။

နှစ်ဘက် အကျအဆုံး စာရင်းများကို မသိရသေးပေ။

တိုက်ပွဲများကြောင့် စာသင်ကျောင်းနှင့် ဆေးရုံများ ပိတ်ထားကြောင်း၊ ၀န်ထမ်း များက ကျေးသီးမြို့နယ်နှင့် လာရှိုးမြို့နယ် များသို့ ထွက်ပြေး တိမ်းရှောင် နေသည်ဟု သိရကြောင်း ဗိုလ်မှူးကြီး စိုင်းထူးက ဆိုသည်။

ထိုင်းနိုင်ငံ အခြေစိုက် သျှမ်းသံတော်ဆင့် သတင်းစဉ်မှ အယ်ဒီတာ ဦးစိန်ကြည်ကလည်း တိုက်ပွဲကြောင့် ရွာပေါင်း ၂၀ မှ ဒေသခံ ၃၀၀ ခန့် အိုးအိမ်စွန့်ခွာ၍ တောထဲသို့ ထွက်ပြေး တိမ်းရှောင်နေရသည်ဟု သတင်းရကြောင်း ဧရာဝတီကို ပြောသည်။

SSA မြောက်ပိုင်းသည် အစိုးရနှင့် ငြိမ်းချမ်းရေးယူထားသည့် လက်နက်ကိုင်အဖွဲ့ ဖြစ်သည်။ သို့သော်လည်း အစိုးရ၏ နယ်ခြားစောင့် တပ်ဖွဲ့အဖြစ် အသွင်ပြောင်းရေး အစီအစဉ်ကို လက်မခံသဖြင့် ငြိမ်းချမ်းရေး ပျက်ပြားသွားသည်။

SSA မြောက်ပိုင်း ထိန်းချုပ်နယ်မြေများမှာ မိုင်းရူး၊ မိုင်းယန်း၊ တန့်ယန်း၊ ကျေးသီး၊ လားရှိုး၊ သီပေါ၊ နမ့်ဆန်မြို့၊ မိုးမိတ် စသည့် ဒေသများ ဖြစ်သည်။

ရှမ်းပြည်နယ်တွင် SSA တောင်ပိုင်း ဟူသော အမည်ဆင်တူသည့် လက်နက်ကိုင်အဖွဲ့တခု ရှိသည်။

SSA တောင်ပိုင်းသည် အစိုးရနှင့် အပစ်အခတ် ရပ်စဲခြင်း မပြုဖူးသည့် အဖွဲ့ ဖြစ်သည်။

Ref: ဧရာဝတီ

0 comments:

အပေါ်သို့