Friday, July 22, 2011

ဂွ၊ တောင်ကုတ်၊ မြေပုံ မိုးရွာ ရေကြီး နောက်ဆက်တွဲ သတင်းများ

7/21/2011

ရခိုင်ပြည်နယ်တ၀န်းလုံးတွင် မိုး အဆက်မပြတ် ရွာသွန်းနေသဖြင့် မြို့နယ် အတော်တော်များများတွင် ရေလွှမ်းနေကြောင်း သတင်း ရရှိသည်။ ဂွ၊တောင်ကုတ်နှင့် မြေပုံမြို့နယ်များတွင် ရေလွှမ်းနေကြောင်းသိရသည်။

ဂွမြို့နယ်အတွင်း ရေကြီးနေမှုကြောင့် အိမ်ခြေ ၁၀ လုံး ရေထဲ မျောပါသွား

ပေးပို့သူ- မောင်ရမ္မာ

ရခိုင်ပြည်နယ် ဂွမြို့နယ်အတွက် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် အနည်းဆုံး အိမ်ခြေ ၁၀ လုံးခန့် မိုးရေထဲ မျောပါ သွားသည်ဟု သိရသည်။

" အခု အချိန်ထိ ရွာသစ်ကုန်း၊ ဒေါင်းချောင်း၊ ပေါက်တူးအထိ ရေတွေပြည့်နေပါတယ်။ ပေါက်တူးရွာက အိမ်ခြေ ၁၀ လုံးလောက် ရေထဲ မျောပါသွားတယ်လို့ သိရပါတယ်။ အခုတော့ ရွာသစ်ကုန်းရွာက လူတွေကို ဂွက လူငယ် အဖွဲ့တွေက ကယ်ဆယ်ရေး တွေလုပ်ပြီးတော့ စားနပ်ရိက္ခာတွေ ပို့ပေးပြီး လူတွေကို ဂွမြို့ကို ပို့ထားပါပြီ။"ဟု ဂွမြို့မှ ကယ်ဆယ်ရေး လုပ်နေသူ လူငယ် တဦးက နိရဉ္စရာသို့ပြောသည်။


လက်ရှိအခြေအနေတွင် လမ်းတလျှောက် မိုးရေတိုက်စားမှုကြောင့် လမ်းတွေ ပြိုပျက်ပြီး သွားလာရေး အခက် အခဲ ဖြစ်နေသည်ဟု သူက ယခုကဲ့သို့ ဆက်ပြောသည်။

" ဒေါင်းချောင်းကိုတော့ ကားနဲ့သွားလို့မရသေးတဲ့ပါဘူး။ ဒေါင်းချောင်းကြားမှာ တောင်က ပြိုနေပါတယ်။ ကားနဲ့သွားလို့ မရသေးပါဘူး။ အဲဒီကိုသွားဖို့ အခက်အခဲဖြစ်နေတဲ့အတွက် အဲဒီကလူတွေ စားရေး သောက်ရေးအတွက် အခက်အခဲတွေ ဖြစ်နေကြပါတယ်။"

ဒေါင်းချောင်းဆိုသည်မှာ ကျေးရွာအုပ်စုကြီး တခုလုံးကိုခေါ်ဆိုခြင်းဖြစ်ပြီး အဆိုပါ ဒေါင်းချောင်း အုပ်စုတွင် ကွင်းကြီး၊ ပေါက်တူးကွင်း၊ ဆားချက်ကွင်း၊ တောင်နားကုန်း၊ ဆားဖြူကွင်း အပါအ၀င် ရွာပေါင်း ၈ရွာခန့် ပါဝင်ပြီး အုပ်စုတခုလုံး၏ အိမ်ခြေအရေအတွက်မှာ အနည်းဆုံး တစ်ထောင်ကျော် ပါဝင်သည်ဟု သိရသည်။

ယခု လက်ရှိအခြနေထိ အစိုးရဌာနဆိုင်ရာအနေဖြင့် ဘာမှ ကူညီပေးတာတွေ မရှိသေးဘူးဟုလည်း သူက ဆက်ပြောသည်။

" မနေ့က ကျွန်တော်တို့မြို့က ၁၁ နာရီလောက်ကို ရွာသစ်ကုန်းကို အရင်သွားပြီးတော့ ကယ်ဆယ် ရေးလုပ်ခဲ့ပါတယ်။ ည ၈နာရီလောက်မှာ ဒေါင်းချောင်းက သတင်းကို ကြားတော့ လိုက်တဲ့အခါမှာ တောင် ကျော်ပြီးတော့ ထမင်းတွေ သွားပို့ကြပါတယ်။ အဲဒီအချိန်ထိတော့ ဌာနဆိုင်ရာက လုပ်ဆောင် ပေးနေတာတော့ မရှိသေးဘူး။ ကျွန်တော်တို့ လူငယ်တွေဘဲ ကယ်ဆယ်ရေးတွေ လုပ်ခဲ့ကြပါတယ်။"

ယခုအခါ ဒေါင်းချောင်းအုပ်စုမှာ ရေဘေးဒုက္ခသည်များမှာ အဆိုပါနေရာရှိ ဘုန်းကြီးကျောင်းနှင့် မြင့်မားသော နေရာများတွင် တက်နေကြရသည်ဟု သိရသည်။

၎င်းအပြင် ဒေါင်းချောင်းအုပ်စုတွင်ပါဝင်သော ချောင်းတဖက်ကမ်းရှိ ရွာနှစ်ရွာ၏အခြေအနေနှင့် ချောင်းဖျားတွင် ရှိသော ပေါက်တူးရွာ၏ အခြေအနေများကို မသိရသေးသဖြင့် ယနေ့တွင် သွားရောက်မည်ဟု သူက ပြော သည်။

" အဲဒီအုပ်စုထဲမှာ ချောင်းတဖက်ကမ်းက ရွာနှစ်ရွာက သတင်းမရသေးဘူးခင်ဗျာ။ နောက်ပြီးတော့ ချောင်း ဖျားမှာရှိတဲ့ ပေါက်တူးဆိုတဲ့ရွာက ရေတော်တော်ကြီးပြီးတော့ အိမ် ၁၀လုံးလောက် မျောပါသွားတယ်လို့ ကြား ရပါတယ်။ ဒီနေ့မှာ ကျွန်တော်တို့ မြို့နယ်အုပ်ချုပ်ရေးမှုးတွေနဲ့ လူငယ်တွေပူးပေါင်းပြီးတော့ သွားကူညီ ဖို့အစီအစဉ်ရှိပါတယ်" ဟု ပြောသည်။

တောင်ဂုတ်မြို့မှ လူများ ဘေးလွှတ်ရာသို့ ရွှေ့

ပေးပို့သူ- ထွန်းထွန်း

ရခိုင်ပြည်နယ်တောင်ကုတ်မြို့တွင် မိုးသည်းထန်စွာရွာသွန်းရာမှ ရေတက်လာသဖြင့် ရာပေါင်းများစွာသော မြို့ခံများမှာ ဘေးမဲ့ရာသို့ပြောင်း ရွှေ့နေရသည်ဟု သတင်းရရှိသည်။

"မိုးက ၃ ရက်ဆက်တိုက်ရွာတော့ မြို့တခုလုံးလိုလိုရေနစ်မြုပ်နေပါတယ်။ ဒီနေ့ညဥ့် ၁ နာရီကနေ ဈေးနဲ့ရပ် ကွက်တော်တော်များများကို ရေတက်လာတဲ့ အတွက် နစ်မြုပ်နေပါတယ်။ ရေက ၅ ပေကနေ ၆ ပေအထိတက်နေပါတယ်။ ခုလည်း မိုးဆက် တိုက်ရွာနေတုန်းဖြစ်ပါတယ်။ တချို့ ရပ်ကွက်တွေက လူတွေဘုန်းကြီးကျောင်းနဲ့ တခြား ကုန်းမြင့်တဲ့နေရာတွေ ကိုပြောင်းရွှေ့ နေကြရပါတယ်" ဟု မြို့ခံတဦးက နိဉ္စရာသို့ ပြောသည်။

အဆိုးဝါးဆုံးနစ်မြုပ်နေသော ရပ်ကွက်များမှာ ချောင်းကောက်ရပ်ကွက်၊ ဆေးရုံသစ်ရပ်ကွက်၊ ဂူတာ ရပ် ကွက်၊ မီးစက်သစ်ရပ်ကွက်၊ ကိုင်းရှည်ရပ်ကွက်၊ သိမ်တောင်ရပ်ကွက်၊ ကံပိုင်ရပ်ကွက်တို့ ဖြစ်ကြသည်။

"အဲဒီ ရပ်ကွက်မှာ ဆိုလို့ရှိရင် ဇူလိုင်လ ၂၀ ရက်နေ့ကနေ စပြီး ဆန်အိတ်တွေ၊ ၀က်တွေ၊ နွားတွေ၊ ကြက်ငှက်တွေနဲ့ တခြား အထွေထွေပစ္စည်းတွေကို ဘေးလွတ်ရာ နေရာတွေကို ပြောင်းရွှေ့ နေကြရပါတယ်" ဟုပြောသည်။

"ဆန်အိတ်နဲ့ တခြားပစ္စည်းတွေကို ဆယ်ဘီးကားနဲ့ အပြည့်တင်ပြီး တောင်ကုတ် ကားလမ်းမပေါ်တွေမှာ သယ် နေရတယ်။ ထောင်နဲ့ချီပြီးလူတွေလည်း ရေဘေးလွတ်နေရာတွေကို ပြောင်းရွှေ့နေရဆဲဖြစ်ပါတယ်" ဟုဆက် ပြောသည်။

တောင်ဂုတ်မြို့သည် နှစ်စဉ်နှစ်တိုင်းရေကြီးမူ ဘေးအန္တရာယ်ကို ခံနေရသော်လည်း ယခုနှစ်လောက် ရေနစ်မြုပ် မှုမှာ မဆိုးဝါးဟု တောင်ကုတ်မြို့ လူမှုရေးအသင်းအဖွဲ့မှ လူငယ်တဦးက ပြောသည်။


မြေပုံမြို့ မြေနိမ့်ပိုင်းများ ရပ်ကွက်များ ရေလွှမ်းနေပြီ

ပေးပို့သူ- မောင်အေး

ရခိုင်ပြည်နယ်တွင် ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းနေသည့်အတွက် မြေပုံမြို့မြေနိမ့် ပိုင်း ရပ်ကွက် တချို့ ရေလွှမ်းမိုးမှု ခံနေရကြောင်း သိရှိရသည်။

ရေလွမ်းမိုးမှုခံနေရသည့် နေရာများမှာ မြစ်ကမ်းနားတလျှောက်ရှိ လူနေရပ်ကွက်များဖြစ်ကြောင်း မြေပုံမြို့ခံတဦးက ယခုကဲ့သို့ ပြောသည်။

"ဟုတ်တယ်ရေ သိပ်ကြီးနေတယ်။ မြို့အောက်ပိုင်းတလျှောက်ပေါ့ အလယ်ပိုင်း၊ဈေးပိုင်းနဲ့ မြစ်ကမ်း တလျှောက်က ရပ်ကွက် တွေမှာ ရေကြီးနေတယ်။ ကျောင်းတွေဘာတွေတော့ မပိတ်သေးဘူး။ စာသင် ကျောင်းတွေတော့ ဖွင့်တယ်။"

ယခုကဲ့သို့ မိုးအဆက်မပြတ်ရွာသွန်းပြီး ရေတက်နေသည့်အတွက် လက်လုပ်လက်စားတချို့မှာလည်း အလုပ်လက်မဲ့ ဖြစ်နေ ကြရကြောင်း တခြားမြေပုံမြို့ခံတဦးက ယခုကဲ့သို့ ပြောသည်။

"မိုးရွာနေတာ လေးငါးရက်ရှိပြီး အခုဆို နယ်ဘက်တွေနဲ့ အဆက်သွယ်ပြတ်နေတယ်။ စက်လှေတွေ လည်းမထွက်နိုင်ဘူး။ အလုပ်သမားတွေလည်းအလုပ်မလုပ်နိုင်၊ ဆိုက္ကားသမားတွေလည်း ဆိုက္ကား မထွက်နိုင်ဖြစ်နေတယ်။ နေ့စားအလုပ်သမားတွေ စားဝတ်နေရေးအခက်ခဲဖြစ်နေကြတယ်။"

ရက်ချောင်း၊ မီးကျောင်းတက် ကျေးရွာအနီးရှိ ရန်ကုန် စစ်တွေလမ်းပိုင်းတွင် ရေကျော်တက်နေသည့် အတွက် ကားသမား များအသွားအလာ ရပ်တန့်နေကြောင်း သိရသည်။

ကုလားတန် မြစ်ရေမှာလည်း ယနေ့နံနက်ကတည်းက တိုးလာနေပြီဖြစ်ကြောင်း စစ်တွေမြို့မှ လူငယ် တဦးက ပြောသည်။

Ref: နိရဉ္စရာ

0 comments:

အပေါ်သို့