Friday, January 27, 2012

၉၀ ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသားပါတီကြီးများ မှတ်ပုံပြန်တင်တော့မည်

January 26, 2012
နန်းမြနဒီ

၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရပြီး ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ကြတဲ့ တိုင်းရင်းသားပါတီတွေဟာ မကြာခင် မှတ်ပုံ ပြန်တင်ဖို့ စီစဉ်နေကြပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်လ်ဒီပါတီရဲ့ မဟာမိတ် တိုင်းရင်းသား ပါတီတွေဖြစ်တဲ့ ရှမ်းတိုင်းရင်း သားများဒီမိုကရေစီ အဖွဲ့ချုပ်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဇိုမီး အမျိုးသားကွန်ဂရက်တို့ ပါတီမှတ်ပုံ ပြန်တင် ကြတော့မှာပါ။

၁၉၉၀ ရွေးကောက်ပွဲတုန်းက တနိုင်ငံလုံးမှာ ဒုတိယအမတ်နေရာ အများဆုံး အနိုင်ရထားတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ နှစ်ရှည် ထောင်ချခံထားရတဲ့ ပါတီခေါင်းဆောင် ဦးခွန်ထွန်းဦးနဲ့ တကွ အဖွဲ့ဝင်တွေ ပြန်လွတ်လာပြီ ဖြစ်တဲ့အတွက် မှတ်ပုံပြန်တင်မယ်လို့ ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးစိုင်းလိတ်က ပြောပါတယ်။

“လောလောဆယ်ကတော့ လက်မှတ်ထိုးတဲ့ အဆင့် ရောက်နေပါပြီ။ ဒီလကုန်ရင်တော့ အားလုံး အဆင်သင့် ဖြစ်မယ်လို့ ကျနော်တို့ ခန့်မှန်းပါတယ်ခင်ဗျ။”

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က အတွင်းရေးမှူး ဦးအေးသာအောင်ကလည်း ပါတီမှတ်ပုံပြန်တင်ဖို့ ဆုံးဖြတ်ပြီးပြီလို့ ပြော ပါတယ်။

“ကျနော်တို့ပါတီက ပြည်နယ်ကို အခြေခံတဲ့ ပါတီဆိုတော့ ပြည်နယ်ကလူတွေရဲ့ လက်မှတ်တွေ၊ ကတိခံဝန်ပြုတဲ့ လက်မှတ်တွေ လိုပါသေးတယ်။ ဒါတွေရဖို့ ကြိုးစားနေပါတယ်။ ဒါတွေရပြီးရင် နောက်လလောက်မှာ မှတ်ပုံတင်ဖြစ်မယ်လို့ ကျနော်ထင်ပါတယ်။”

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ကို ၁၉၈၈ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့မှာ တည်ထောင်ခဲ့ပြီး ၁၉၉၀ ရွေးကောက်ပွဲမှာ လွှတ်တော်အမတ် ၁၁ နေရာ အနိုင်ရခဲ့တဲ့ ပါတီ ဖြစ်ပါတယ်။

ဇိုမီးအမျိုးသား ကွန်ဂရက်ကလည်း မြန်မာနိုင်ငံမှာ နိုင်ငံရေး တိုးတက် ပြောင်းလဲမှု လမ်းစတွေ မြင်လာပြီဖြစ်တဲ့အတွက် မှတ် ပုံပြန်တင်ပြီး နဂိုက ချမှတ်ထားတဲ့ နိုင်ငံရေး ဦးတည်ချက်အတိုင်း ပြန်လည်ဆောင်ရွက်မယ်လို့ ပါတီဥက္ကဋ္ဌ ဦးပူကျင့် ရှင်းထန်က ပြောပါတယ်။

“ပြည်ထောင်စု မြန်မာနိုင်ငံမှာ ဒီမိုကရေစီကို အစပျိုးတဲ့အတွက်ကြောင့် ဟိုးတုန်းကထက် အများကြီး ကွာခြားတယ်။ အဲဒါကြောင့် ကျနော်တို့ ပါတီ ပြန်မှတ်ပုံတင်ဖို့ သဘောတူ ဆုံးဖြတ်ထားတာပါ။ ကြားဖြတ်ရွေးကောက်ပွဲ ဧပြီလမှာ လုပ်မှာဆိုတော့ အဲဒီ နောက်မှာပဲ ကျနော်တို့ မှတ်ပုံတင်မယ်။”

ဇိုမီးအမျိုးသားကွန်ကရက် ပါတီကို ၁၉၈၈ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့မှာ စတင်တည်ထောင်ခဲ့ပြီး ၁၉၉၀ ရွေးကောက်ပွဲ တုန်းက ချင်းပြည်နယ်မှာ အမတ်နေရာ ၅၀ ရာခိုင်နှုန်း အနိုင်ရခဲ့ပါတယ်။

တိုင်းရင်းသားပါတီတွေဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ရွေးကောက်ပွဲ ဥပဒေတွေကို လက်မခံတဲ့အတွက် ၂၀၁၀ ရွေးကောက်ပွဲကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့အတူ သပိတ်မှောက်ခဲ့ကြပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြားဖြတ်ရွေးကောက်ပွဲဝင်ဖို့ ပါတီ မှတ်ပုံတင်ချိန်မှာတော့ တိုင်းရင်းသားခေါင်းဆောင်တွေ အပါအ၀င် နိုင်ငံရေး အကျဉ်းသားတွေကိုလည်း ပြန်မလွှတ်ပေးခဲ့တဲ့အတွက် ပါတီမှတ်ပုံမတင်ဘဲ နေခဲ့ကြပါတယ်။

ဒါပေမယ့် အခုအခါ တိုင်းရင်းသားခေါင်းဆောင်တွေ ပြန်လွတ်လာပြီ ဖြစ်တဲ့အတွက် ခုလို ပြန်ပြီး မှတ်ပုံတင်ဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

တိုင်းရင်းသား ပါတီတခုဖြစ်တဲ့ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ မှတ်ပုံပြန်တင်တော့မှာ မဟုတ်ဘဲ မွန်ပြည်နယ်မှာ မွန်နိုင်ငံရေးပါတီ တခုတည်း ရှိလာဖို့အတွက် အခုလက်ရှိ ၂၀၁၀ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီနဲ့ ပေါင်းစည်းဖို့ ကြိုးစားနေပါတယ်။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့