Wednesday, January 25, 2012

ရှမ်းပြည်တိုးတက်ရေးပါတီက အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမည်

January 24, 2012
နန်းမြနဒီ

ရှမ်းပြည်တပ်မတော်၊ ရှမ်းပြည်တိုးတက်ရေးပါတီက လာမယ့်ရက်ပိုင်းအတွင်း ပြည်ထောင်စုအစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံ ဆွေးနွေးမယ်လို့ ကြေညာလိုက်ပါတယ်။

အစိုးရနဲ့ အပစ်အခတ်ရပ်ရေး ဆွေးနွေးဖို့အတွက် ဗိုလ်မှူးကြီး ခွန်ဆိုင် ခေါင်းဆောင်တဲ့ ၅ ဦးပါ ကိုယ်စားလှယ်အဖွဲ့ကို ဖွဲ့စည်း ထားပြီး ဒီလ ၂၈ ရက် နေ့မှာ​ ရှမ်းပြည်နယ်​ ​တောင်ကြီးမြို့မှာ တွေ့ဆုံကြမယ်လို့ ရှမ်းပြည် တိုးတက်ရေးပါတီ အတွင်းရေးမှူး -၂ ဗိုလ်မှူး ကြီး စိုင်းထူးက ပြောပါတယ်။

“တခါတုန်းက ကျနော်တို့ နေပြည်တော်မှာ ပြောထားတဲ့ ကိစ္စပေါ့။ အပစ်အခတ် ရပ်စဲရေးကိစ္စနဲ့ ဆက်ဆံရေး ရုံးထားမယ့်ကိစ္စ၊ အခုလောလောဆယ် ဗမာ့တပ်မတော်က ကျနော်တို့နားမှာရှိတဲ့ တပ်တွေ ဆုတ်ပေးဖို့ပေါ့။”

ပြီးခဲ့တဲ့အပတ်က ကျေးသီးမြို့နယ် ၀မ်ဟိုင်းဌာနချုပ်မှာ ၂ ရက်ကြာ ဗဟို အလုပ်အမှုဆောင် အစည်းအဝေးလုပ်ပြီး ဒီလ ၂၂ ရက်နေ့က ထုတ်ပြန် ကြေညာလိုက်တာပါ။

“အပစ်ခတ်ရပ်ရေးကို ဗဟိုအစိုးရအဆင့်နဲ့ ဆွေးနွေးမှာ ဖြစ်တယ်။ အစိုးရဘက်က ဦးအောင်သောင်း ဦးဆောင်တဲ့ အစိုးရ ကိုယ်စားလှယ်တွေ ပါဝင်မယ်၊ နိုင်ငံရေးကိစ္စကို ဒီဆွေးနွေးပွဲမှာ မဆွေးနွေးသေးဘဲ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ်ကောင်စီ အနေနဲ့ကျမှ ဆွေးနွေးမယ်” လို့ ဗိုလ်မှူးကြီး စိုင်းထူးက ပြောပါတယ်။

ရှမ်းပြည်တိုးတက်ရေးပါတီဟာ အပစ်အခတ်ရပ်ရေး ငြိမ်းချမ်းရေးအတွက် အစိုးရကိုယ်စားလှယ်နဲ့ မနှစ်က တောင်ကြီးနဲ့ နေပြည်တော်တို့မှာ တွေ့ဆုံခဲ့ပါသေးတယ်။

ရှမ်းပြည်တိုးတက်ရေးပါတီဟာ ၁၉၈၉ ခုနှစ်တုန်းက န၀တအစိုးရနဲ့ အပစ်ခတ်ရပ်ပြီး အထူးဒေသ ၁ အဖြစ် သီပေါမြို့နယ် ဆိုင်ကျော့ဒေသမှာ အခြေစိုက် လှုပ်ရှားခဲ့ပါတယ်။

စစ်အစိုးရရဲ့ နယ်ခြားစောင့်တပ် အသွင်းပြောင်းစီမံချက်ကို ငြင်းပယ်ခဲ့ပြီးတဲ့ နောက် မနှစ်မတ်လကစပြီး တိုက်ပွဲတွေ ပြန်ဖြစ်လို့ အကျိုးဆက်အဖြစ် မြို့နယ် ၉ ခုက ဒေသခံရွာသား ထောင်ပေါင်းများစွာ အိုးပစ်အိမ်ပစ် ထွက်ပြေးခဲ့ရပါတယ်။

မွန်ပြည်သစ်ပါတီနဲ့ ကယန်းပြည်သစ်ပါတီတို့ကလည်း မကြာခင်ကာလမှာ အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဖို့ ပြင်ဆင်နေကြပြီး အသေးစိတ် ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့