Thursday, January 26, 2012

မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို IMF ချီးကျူး

2012-01-25

မကြာသေးခင် လပိုင်းတွေမှာ ပေါ်ထွက်လာခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ချီးကျူးပြီး စီးပွားရေး ပိုမိုတည်ငြိမ် လာအောင် ပြုပြင်ပြောင်းလဲမှုတွေ ရှေ့ဆက် ပိုမို လုပ်ဆောင်သွားဖို့ လိုအပ်ကြောင်း IMF ခေါ် နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့ရဲ့ မနေ့ကထုတ် ပြန်တဲ့ မြန်မာနိုင်ငံအပေါ်သုံးသပ်ချက်မှာ တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ မတ်လမှာ ကုန်ဆုံးမယ့် လက်ရှိ ဘဏ္ဍာရေးနှစ်မှာ ၅.၅ ရာခိုင်နှုန်းအထိ တိုးတက် လာနိုင်ဖွယ်ရှိပြီး လာမယ့် ဘဏ္ဍာရေးနှစ်မှာ ၆.၀ ရာခိုင်နှုန်းအထိ တက်လာ နိုင်ဖွယ်ရှိတယ်လို့ IMF သုံးသပ်ချက်မှာ ဆိုပါတယ်။


ဒါပေမယ့် နိုင်ငံတော်ရဲ့စီးပွားရေးတည်ငြိမ်ဖို့ ရှုပ်ထွေးနေတဲ့ ငွေကြေးလဲလှယ်မှုစနစ်ကို ပြုပြင်ပြောင်းလဲဖို့ဟာ အဓိကကျမှာ ဖြစ် ကြောင်း၊ အဲဒါနဲ့ ဆက်နွယ်နေတဲ့ စီမံခန့်ခွဲရေးကအစ တခြားပြုပြင် ပြောင်းလဲမှုတွေ လုပ်သွားဖို့ လိုအပ်မှာဖြစ်ကြောင်း IMF က ပြောပါတယ်။

“မြန်မာနိုင်ငံရဲ့ အစိုးရသစ်ဟာ ဖွံ့ဖြိုးတိုးတက်မှုလမ်းစဉ်နဲ့ လူနေမှု အဆင့်အတန်း မြှင့်တင်နိုင်ဖို့ သမိုင်းဝင် အခွင့်အရေးကြီး တစ်ခုကို ရရှိနေတာဖြစ်တယ်” လို့ မြန်မာနိုင်ငံဆိုင်ရာ IMF အကြီးအကဲ မီရာလ် ကာရာဆူလူ (Meral Karasulu) က ပြောပါတယ်။

“ပေါများတဲ့ သယံဇာတပစ္စည်းတွေ၊ နုပျို အားကောင်းတဲ့ လုပ်သားထုတွေရှိနေပြီး စီးပွားရေး အင်အားကြီးနိုင်ငံတွေနဲ့ နီးစပ်မှုကို မိမိအကျိုးအတွက် အသုံးပြုနိုင်မယ်ဆိုရင် မြန်မာနိုင်ငံဟာ အာရှရဲ့ စီးပွားရေး အလားအလာ အကောင်းဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်လာ နိုင်တယ်”လို့လည်း သူက ပြောသွားပါတယ်။

Ref: အာရ်အဖ်အေ

0 comments:

အပေါ်သို့