Thursday, January 26, 2012

ကန်ထရိုက်တိုက်​ဆောက်မည့်​သူများ​ ကား​ပါကင်လုပ်ရမည်ဖြစ်၍ အခက်ကြုံ

January 25, 2012
ရွှေအောင်

ရန်ကုန်မြို့​မှာ ကန်ထရိုက်တိုက်​ဆောက်ရင် ​မြေညီထပ်ကို ကား​ထား​ဖို့​ ကား​ပါကင် လုပ်ရမယ်ဆိုတာ​ကြောင့်​ ကန်ထရိုက်​တွေနဲ့​ အိမ်ပိုင်ရှင်​တွေ အခက်တွေ့​နေကြပါတယ်။

အခုနှစ်ဆန်း​ စတင်တဲ့​ ရန်ကုန်မြို့​တော် စည်ပင်သာယာ​ရေး​ ​ကော်မတီ၊​ အင်ဂျင်နီယာဌာန အ​ဆောက်အဦရဲ့​ ညွှန်ကြား​ချက်​ကြောင့်​ အခက်ကြုံ​နေကြတာပါ။

ကန်ထရိုက်တိုက် တလုံး​ဆောက်ရင် ​အောက်ဆုံး​ ​မြေညီထပ်ကို ကား​ထား​ဖို့​ ကား​ပါကင် ​ဆောက်ရမယ်လို့​ တိုက်​ဆောက်ဖို့​ ခွင့်​ပြုချက် သွား​တောင်း​ကြရာမှာ ဌာနက ​ပြောလိုက်တာ ဖြစ်ပါတယ်။


ရန်ကုန်စည်ပင် သက်ဆိုင်ရာဌာန တာဝန်ကျဝန်ထမ်း​တဦး​က “သက်ဆိုင်ရာ တရား​ဝင် စာပို့​ဖို့​ ​ရေး​ပြီး​သွား​ပြီ။ အ​သေအချာ သိချင်ရင်​တော့​ ရုံး​ကအရာရှိ​တွေကို ​သေချာလာ​မေး​လိုက်၊​ ကျမတို့​ဖြေရင် မှား​သွား​မှာစိုး​လို့​။”

ရန်ကုန်မှာ ကန်ထရိုက်တိုက်တလုံး​ ​ဆောက်ပြီး​ရင် ​မြေညီထပ်က ​ဈေး​အများ​ဆုံး​ရပြီး​ အိမ်ရှင်နဲ့​ ကန်ထရိုက် နှစ်ဦး​နှစ်ဖက်အတွက် တိုက်ခန်း​ခွဲ​ဝေယူဖို့​ အဆင်​ပြေ​နေကြတာပါ။

ကား​ပါကင် လုပ်ရမယ်ဆိုတဲ့​အတွက် နှစ်ဦး​နှစ်ဖက် အကျိုး​မရှိပုံကို ကန်ထရိုက်တဦး​က ခုလို ​ပြောပြပါတယ်။

“သူက ​မြေညီထပ်ကို ကား​ပါကင်လုပ်လိုက်တဲ့​ အတွက်​ကြောင့်​မို့​လို့​ သိန်း​ ၃၀၀၊​ ၄၀၀ ကို တပြား​မှလည်း​ မရ​တော့​ဘူး​။ အိမ်​တွေလည်း​ မရ​တော့​ဘူး​။ ကား​ပါကင် ဖြစ်သွား​ရော။ အကျိုး​သက်​ရောက်မှုက​တော့​ နံပါတ်တစ် ကား​ပါကင် ဖြစ်သွား​တော့​ အိမ်ရှင် လည်း​ အကျိုး​အမြတ် မရဘူး​။ ကန်ထရိုက်ကလည်း​ အဆင်မ​ပြေ​တော့​ဘူး​။”

ရန်ကုန်မြို့​ လယ် ၆ မြို့​နယ်ကလွဲပြီး​ ကျန်တဲ့​မြို့​နယ် အ​တော်များ​များ​မှာ ကန်ထရိုက်တိုက်​တွေ ​ဆောက်လုပ်ပြီး​ ဖြစ်တာ​ကြောင့်​ အခုအချိန်မှ ကား​ပါကင်ထား​ဖို့​ လုပ်လာတာလည်း​ အကျိုး​မရှိဘူး​လို့​ ဆိုပါတယ်။

“အခု ဒီဘက်မှာဖြစ်​နေတဲ့​ ​ကျောက်​မြောင်း​၊​ စမ်း​ချောင်း​၊​ တာ​မွေ၊​ ကြည့်​မြင်တိုင်တို့​ဘက်​တွေမှာ လာကြည့်​မယ်ဆိုရင် လမ်း​တလမ်း​မှာ အိမ်​ခြေ ၅၀ ရှိတယ်ဆိုရင် ဥပမာ အိမ်​ခြေ ၄၅ လုံး​က ကန်ထရိုက်တိုက် ​ဆောက်ပြီး​နေပြီ၊​ ၅ လုံး​လောက်ပဲ ကျန်​တော့​တယ်။ အဲဒီ ၅ လုံး​ကို ကား​ပါကင်လုပ်လိုက်တဲ့​အခါမှာ အကျိုး​သက်​ရောက်မှုက ၅ လုံး​ထဲနဲ့​လည်း​ ဘာဖြစ်မှာလဲ၊​ မထူး​တော့​တဲ့​ပုံစံ ဖြစ်​နေတယ်။ ခုချိန်မှ ဒီအမိန့်​ကို ထထုတ်လိုက်တဲ့​အခါမှာ ဒီကား​ပါကင်ထဲကို ကျန်တဲ့​အိမ်​တွေက​တော့​ အဆင်​ပြေတယ်။ လက်ရှိ​ဆောက်မယ့်​လူက​တော့​ အိမ်က ရှိတာမှ ​လေး​ငါး​လုံး​ ကျန်​တော့​တယ်။ ပိုက်ဆံအဆင်မ​ပြေလို့​ ​ဆောက်ကာမှ ကား​ပါကင်က လုပ် လိုက်တဲ့​ အခါကျ​တော့​ ​နောက်လူခံရတာ​ပေါ့​။”

ကန်ထရိုက်တိုက် တလုံး​မှာ ​မြေညီထပ် နှစ်ခန်း​ပါရှိပြီး​ ကာလ​ပေါက်​ဈေး​က အချက်အချာကျတဲ့​ လမ်း​မတန်း​ ​နေရာမှာ တခန်း​ကို ကျပ်သိန်း​ ၈၀၀ ​လောက်၊​ အတွင်း​လမ်း​ ​နေရာမှာ​တော့​ ကျပ်သိန်း​ ၄၀၀ ​လောက် ​ပေါက်​ဈေး​ ရှိပါတယ်။

ကန်ထရိုက်တိုက် ​ဆောက်ကြရာမှာ့​ ၆ ထပ် အမြင့်​ဆောက်ကြပြီး​ အိမ်ရှင်နဲ့​ ကန်ထရိုက်တို့​ အခန်း​တဝက်စီယူဖို့​ သ​ဘောတူ ​ဆောက်ကြတာ များ​ပါတယ်။

ရန်ကုန်မြို့​ မှာ​တော့​ စမ်း​ချောင်း​နဲ့​ ​ကျောက်​မြောင်း​ဘက်က ကန်ထရိုက် တိုက်ခန်း​တွေကို လူကြိုက်များ​ လူ​နေများ​ကြတာလည်း​ ဖြစ်ပါတယ်။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့