Friday, January 27, 2012

“ပူညံပူညံ ဖြစ်တယ်ဆိုတာ ဒီလိုဗျ” ဦးတင်ဦး ရှင်းပြ

ကိုပေါက်၊ ဖနိဒါ
ဇန်နဝါရီလ ၂၆ ရက် ၂၀၁၂ ခုနှစ်

ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်နေရာပြည့် ဝင်ရောက် ယှဉ်ပြိုင်ရန် အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ ကိုယ်စားလှယ်လောင်းများ ရွေးချယ်ရာတွင် ယှဉ်ပြိုင်တင်ပြမှုများ ရှိခဲ့၍ ဘဝင်မကျ ဖြစ်ရသည်များ ရှိခဲ့ကြောင်း နာယက ဦးတင်ဦး က ပြောသည်။

မင်္ဂလာတောင်ညွန့်မြို့နယ် ပါတီဆိုင်းဘုတ်တင်ပွဲတွင် မိန့်ခွန်းပြောစဉ်က အဆိုပါကိစ္စများနှင့်ပတ်သက်၍ တခွန်းတစ ထည့်သွင်း ပြောဆိုခဲ့ဖူးပြီး ထိုကိစ္စများကို ရွံမုန်းကြောင်း ပါတီဝင် စိစစ်ရွေးချယ်ရေးအဖွဲ့ခေါင်းဆောင်လည်းဖြစ်သည့် ဦးတင်ဦး က မဇ္ဈိမကို ပြောသည်။

“ပူညံပူညံ ဖြစ်တယ်ဆိုတာ ဒီလိုဗျ။ ကျနော်တို့ ဒုက္ခသုခ ရောက်စဉ်အခါတုန်းကတော့ တခါတည်း ငြိမ်ပြီးတော့ ဘာမှ မပါကြ၊ ကင်းကွာနေကြတယ်။ အခု နေရာလေး ပေါ်လာရော သူကလည်း ငါလုပ်တာ ဘယ်လောက်၊ ဘယ်တုန်းက ဘယ်သူနဲ့တွေ့ပြီး နှုတ်ဆက်ခဲ့တယ်၊ ကျနော် အရင်တုန်းက လူမှုရေးနဲ့ ပတ်သက်ပြီး ဘယ်လောက် လုပ်ခဲ့ဖူးတယ်၊ ကျနော်သာလျှင် အသင့်တော် ဆုံး ဖြစ်တယ်။ အဲဒီနေရာ အရွေးခံပါရစေ။ ဒီလိုဟာတွေက သိပ်လာတယ်ဗျ။ အဲဒါတွေ ကျနော်က ရွံတယ်” ဟု ပြောသည်။


NLD ၏ လွတ်တော်ကိုယ်စားလှယ်လောင်း ရွေးချယ်မှုတွင် အမျိုးသမီး၊ ဒေသခံ၊ ပညာတတ်နှင့် လုပ်ငန်း အတွေ့အကြုံ ရှိမှုပေါ်တွင် မူတည်၍ ရွေးချယ်သွားမည်ဟု ကြေညာထားရာ အချို့နယ်မြေများတွင် ယခုကဲ့သို့ အင်အားစု၍ ယှဉ်ပြိုင် တင် သွင်းမှုများ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

“အသိုင်းအဝိုင်းတွေနဲ့ လော်ဘီလုပ်ပြီး လက်မှတ်တွေဝိုင်းထိုးပြီး ရွေးပါခင်ဗျဆိုပြီး လာနေလို့ ပြောလိုက်တာပါ။ အချင်းချင်း မညီညွတ်လို့ မဟုတ်ပါဘူး။ သိပ်ပြီး ကိုယ်ရည်သွေးလာကြတာတွေ များလွန်းလို့ဗျာ။ ဘဝင်မကျလို့ နည်းနည်း ပြောလိုက်တဲ့ သဘောပါ” ဟု ဦးတင်ဦး က ပြောသည်။

ပြည်နယ်/တိုင်းတို့မှ ရွေးချယ်တင်ပြသည့် ကိုယ်စားလှယ်လောင်းများကို ဗဟိုမှ စိစစ်ချမှတ်ပေးခြင်းဖြစ်ပြီး မကျေလည်မှု အတော် များများကို ဖြေရှင်းပေးနိုင်ပြီ ဖြစ်ကာ ဘဝင်မကျမှုရှိနေသေးသည့် အချို့နေရာများကို ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည် ကိုယ် တိုင် ကွင်းဆင်း စည်းရုံးပေးသွားမည်ဟုလည်း ဦးတင်ဦးက ပြောသည်။

ထို့ပြင် NLD က ကြားဖြတ်ရွေးကောက်ပွဲနှင့် ပတ်သက်သည့် အခက်အခဲနှင့် ပြဿနာများ ဖြေရှင်းပေးရန် အတွက် လည်း အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းအား ကြာသပတေးနေ့က တာဝန်ပေးအပ်လိုက်သည်။ ရွေးကောက်ပွဲ ဗဟိုအောင်နိုင်ရေးအဖွဲ့ အတွင်းရေးမှူးအဖြစ် တာဝန်ပေးလိုက်ခြင်း ဖြစ်သည်။

“ဦးဉာဏ်ဝင်းက ဘယ်မဲဆန္ဒနယ်မှာမှ ပါဝင်အရွေးခံမှာ မဟုတ်ဘူး။ ကျွမ်းကျင်တဲ့ ဥပဒေပညာရှင် တယောက်လည်း ဖြစ် တယ်။ ဒါကြောင့် မဲဆွယ်ကာလမှာ ဥပဒေနဲ့အညီ မှန်မှန်ကန်ကန် မဲဆွယ်နိုင်ဖို့နဲ့ ကြုံတွေ့နိုင်တဲ့ အခဲအခဲတွေကို တရား မျှမျှတတနဲ့ မှန်မှန်ကန်ကန် ကိုင်တွယ်ဖြေရှင်းဖို့ ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်လို့ သူ့ကို ဒီတာဝန်ပေးတာ ဖြစ်ပါ တယ်” ဟု သတင်း ပြန်ကြားရေးအဖွဲ့ဝင် ဦးအုန်းကြိုင်က ပြောသည်။

ပြည်နယ်နှင့်တိုင်း၊ ခရိုင်နှင့်မြို့နယ်များရှိ ရွေးကောက်ပွဲ အောင်နိုင်ရေး အဖွဲ့ခွဲများတွင်မူ အတွင်းရေးမှူးများ ထားရှိမည် မဟုတ်ကြောင်းလည်း သိရသည်။

NLD ၏ ကြာသပတေးနေ့ ထုတ်ပြန်ချက်တွင် ဦးဝင်းတင် ခေါင်းဆောင်သည့် သတင်းပြန်ကြားရေးနှင့် စာစောင် ထုတ်ဝေရေး ကော်မတီ၊ မုံရွာအောင်ရှင် ခေါင်းဆောင်သည့် မဲဆွယ်ဟောပြောရေး ကော်မတီ၊ ဦးဟံသာမြင့် ခေါင်းဆောင်သည့် ဘဏ္ဍာငွေ ရှာဖွေရေး ကော်မတီ၊ ဦးတင်ဦး ခေါင်းဆောင်သည့် ဥပဒေရေးရာ ကော်မတီနှင့် ဦးသိန်းဦး ခေါင်းဆောင်သည့် စာရေးစစ် အဖွဲ့တို့၏ အဖွဲ့ဝင် အမည်စာရင်းများကိုလည်း ဖော်ပြထားသည်။

လာမည့် ဖေဖော်ဝါရီလ ၁ဝ ရက်နေ့တွင် ပါတီ၏ မဲဆွယ်စည်းရုံးရေး လုပ်ငန်း စတင်လုပ်ဆောင်မည် ဖြစ်ပြီး ပထမဆုံး မဲဆွယ် စည်းရုံးရေး လုပ်ငန်းစဉ်အဖြစ် မဲဆန္ဒရှင်များကို ဆန္ဒမဲနှင့် ပတ်သက်သည့် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်သွားမည် ဟု လည်း ဆိုသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့