Wednesday, January 25, 2012

ဖလမ်း – ရိဒ် ကားလမ်းဖောက်လုပ်မှု စတင်ပြီ

January 24th, 2012

ချင်းပြည်နယ် ဖလမ်းမြို့ နှင့် အိန္ဒိယ-မြန်မာနယ်စပ် ရိဒ် အကြား ၂၄ ပေအကျယ်ရှိသည့် ကားလမ်း ကို ယခုလ ၁၈ ရက်နေ့က စတင်ဖောက်လုပ်နေကြပြီဖြစ်သည်။

ယခုလ ၁၈ ရက်နေ့ က ရိဒ်ခေါဒါရ် မြို့တွင် အဆိုပါကားလမ်းတူးဖော်ခြင်း အခမ်းအနားတရပ်ကို ကျင်းပပြီး ချင်းပြည်နယ် ၀န်ကြီး ချုပ် ဦးဟုန်းငိုင်း နှင့် ဆောက်လုပ်ရေးဝန်ကြီး မြို့ပြအင်ဂျင်နီယာ ဦးငွန်ဆန်းအောင် တို့တက်ရောက်ခဲ့ကြသည်ဟု သိရသည်။

ကားလမ်းကို ဖလမ်းမြို့ဖွံ့ဖြိုးရေးအသင်း(Falam Social Development Association) မှ ကိုယ်ထူ ကိုယ်ထစနစ်ဖြင့် တာဝန် ယူဖောက်လုပ်နေခြင်းဖြစ်ပြီးချင်းပြည်နယ်အစိုးရကလည်း နောက်ပိုင်းတွင် အကူအညီပေးနိုင်ရန် စီစဉ်ပေးမည်ဟု ဖွင့်ပွဲ အခမ်း အနားတွင်ဝန်ကြီးချူပ် ဦးဟုန်းငိုင်းကပြောဆိုသွား သည်ဟု သိရသည်။

ကားလမ်းဖောက်လုပ်ရန်အတွက် ဖလမ်းဖွံ့ဖြိုးရေးအသင်းမှ မည်သည့် ရံပုံငွေမှ မရရှိသေးသော်လည်း ဦး KhuangLuai က သူ၏မြေတူးစက်(JCB) ၂ စီးကိုအသုံးပြုခွင့်ပေးပြီး စက်မောင်းသမား ၂ ဦးကို တစ်လ ၂ သိန်းခွဲဖြင့် ငှားရမ်းကာ စတင်တူး ဖော်နေပြီဖြစ်သည်ဟု ဦး KhuangLuai ကပြောသည်။

အဆိုပါကားလမ်းဖောက်လုပ်ရေး ရံပုံငွေအတွက် ပြည်တွင်းပြည်ပရှိချင်းအသိုင်းအ၀ိုင်းထံ အလှူငွေများ တောင်းခံသွား ရန် စီစဉ် ထားသည်ဟု သူကပြောသည်။

ယခုစတင်ဖောက်လုပ်နေသည့် ကားလမ်းသည် ယခင်လမ်းဟောင်းကို ၂၄ ပေအကျယ်ဖြင့် ပြန်လည်တိုးချဲ့ ခြင်းဖြစ်သည်။ ပြည် တွင်းပြည်ပမှ စေတနာရှင် ချင်းပြည်သူများထံမှ ရံပုံငွေများ ရရှိလာပါက ကားလမ်းကို လျင်မြန်စွာပြီးဆုံးနိုင်ရန်အတွက် နောက် ထပ် မြေထိုးစက်တလုံးကို ငှားရမ်းရန်လည်း အစီအစဉ်ရှိသည်ဟု သိရသည်။

Falam Social Development Association (FSDA) အဖွဲ့ကို ၂၀၁၁ ခုနှစ်ဒီဇင်ဘာလက ချင်းပြည်နယ် ဖလမ်းမြို့ တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

Ref: ခိုနှုမ်းထုန်

0 comments:

အပေါ်သို့