Friday, January 27, 2012

တနှစ်တာ ဘတ်ဂျက်ကိစ္စ တရက်တည်းနှင့် အပြီးဆွေးနွေးမည်

မျိုးသန့်
ဇန်နဝါရီလ ၂၆ ရက် ၂၀၁၂ ခုနှစ်

၂၀၁၂-၂၀၁၃ ခုနှစ်တွင် ပြုလုပ်မည့် ဝန်ကြီးဌာန အသီးသီး၏ စီမံကိန်းများနှင့် ဘဏ္ဍာရေး ဆိုင်ရာ ကိစ္စရပ်များကို ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်တွင် တရက်တည်းနှင့် အပြီးအပြတ် ဆွေးနွေးသွားမည်ဟု လွှတ်တော် အမတ်များက ပြောသည်။

တနှစ်တာ ဘဏ္ဍာရေးနှင့် စီမံကိန်းကိစ္စရပ်များကို ပြည်ထောင်စု လွှတ်တော်နာယက ဦးခင်အောင်မြင့်က တရက်ဖြင့် အပြီးသတ် စေ၍ ထိုနေ့ဆွေးနွေးမှုများကို ညပိုင်းအထိ ဆက်ရမည် ဖြစ်သည်ဟု လွှတ်တော်အမတ်များက ပြောသည်။

“တနေ့တာ အစီအစဉ်တွေကို ပြည်ထောင်စုလွှတ်တော်မှာ ပြီးအောင်ရှင်းမယ်ပေါ့။ သက်ဆိုင်ရာ ဝန်ကြီးတွေနဲ့ တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေလည်း လွှတ်တော်မှာ လာရှင်းကြမယ်။ နယ်ဝေးက လာတဲ့လူတွေလည်း ပါမယ်ဆိုတော့ အစီအစဉ်တွေကို ပြီး အောင် လုပ်မယ်။ ညပိုင်းအထိ ဆက်သွားမယ်၊ ညစာပါကျွေးမယ်ပေါ့။ အစီအစဉ်တွေ ပြီးတဲ့ထိအောင် ထိုင်ရမယ်တဲ့။” ဟု အမျိုးသားလွှတ်တော်အမတ် ဦးဖုန်းမြင့်အောင် က မဇ္ဈိမကို ပြောသည်။


အစိုးရစီမံကိန်းများနှင့် ပတ်သက်၍ လုပ်ဆောင်ရန် သင့်မသင့် စိစစ်ကာ ဘတ်ဂျက် လိုငွေမပြစေရန် စိစစ်သွားမည်ဟု လည်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ဒေါက်တာအေးမောင်က မဇ္ဈိမနှင့် အင်တာဗျူးတခုတွင် ဗုဒ္ဓဟူးနေ့က ပြောဆိုခဲ့သည်။

၂ဝ၁၁ ခုနှစ် စက်တင်ဘာလအတွင်းက နေပြည်တော်တွင် ကျင်းပသည့် ဘဏ္ဍာရေးဆိုင်ရာ ဆွေးနွေးပွဲတွင် အစိုးရ၏ ၂ဝ၁၁- ၂ဝ၁၂ ဘဏ္ဍာရေး လည်ပတ်မှုပုံစံကို အဆင့်မြင့်ပညာ ဦးစီးဌာန ဘဏ္ဍာရေးမှူးချုပ် (ငြိမ်း) ဦးကြည်ယုံမှ လွှတ်တော် အမတ် များသို့ တင်ပြခဲ့ရာ ၂ဝဝ၅ ခုနှစ်တွင် စတင်တည်ဆောက်သည့် နေပြည်တော် အထူးခရိုင် တည်ဆောက်ရေး စီမံကိန်း ကုန်ကျ စရိတ် များ မပါဝင်ခြင်းကြောင့်လည်း ဝေဖန်မှုများ ထွက်ပေါ်ခဲ့ဖူးသည်။

အဆိုပါ လိုငွေပြမှုကို ဒုတိယအကြိမ် လွှတ်တော်အစည်းအဝေးတွင် ပြည်သူ့ငွေစာရင်းကော်မတီမှ တင်ပြအစီရင်ခံခဲ့သေး သော် လည်း ဆွေးနွေးမည့်သူမရှိ၍ လွှတ်တော်မှ မှတ်တမ်းတင်ရုံသာ ပြုလုပ်နိုင်ခဲ့သည်။

ကြာသပတေးနေ့တွင် စတင်သည့် လွှတ်တော်ဆွေးနွေးမှုများတွင် အထက်လွှတ်တော် အမတ်များမှ တောင်သာ- နွားထိုးကြီးလမ်း၊ ညောင်ဦး- တောင်သာ- မြင်းခြံလမ်း၊ မုံရွာ- သာစည်- ရေကြည်ဝ- ဆိပ်ခွန်- ရွှေဘို လမ်းများ ဖေါက်လုပ်ပြုပြင်ပေးရန် ရှိမရှိ မေးမြန်းခဲ့ပြီး၊ နယ်စပ်စည်ပင်ဝန်ကြီး ဗိုလ်ချုပ်သိန်းဌေးမှ ဘဏ္ဍာရေးအခြေအနေအရ တနှစ်ထက်တနှစ် တိုးမြှင့်လုပ်ပေးမည်ဟု ဖြေဆိုခဲ့ကြောင်း လွှတ်တော်တက်အမတ်များကပြောသည်။

ယင်းအပြင် အမျိုးသားလွှတ်တော်အမတ် ဒေါ်ခင်ဝိုင်းကြည်က အနာဂတ် စွမ်းအင်ဖူလုံမှုအတွက် စီစဉ်ထားမှုကို မေးမြန်းရာ စွမ်းအင်ဝန်ကြီး ဦးသန်းဌေးက လက်ရှိတွင် မြန်မာနိုင်ငံတွင် ရေနံစည် တနေ့လျှင် ၆၀,၀၀၀ ခန့် သုံးစွဲနေပြီး မြန်မာနိုင်ငံ၏ ကုန်းတွင်းနဲ့ ကမ်းလွန်မှ ရရှိမှုမှာ စည် ၂၀,၀၀၀ ခန့်သာရရှိနေခြင်းကြောင့် ယခုအခြေအနေတွင်ပင် လုံလောက်မှု မရှိသေး ကြောင်း ဖြေကြားသွားသည်ဟုလည်း သိရသည်။

ယင်းအပြင် အမျိုးသားလွှတ်တော်အမတ် မန္တလေးတိုင်း မဲဆန္ဒနယ် ၆ မှ ဦးမျိုးမြင့်မှ မြန်မာနိုင်ငံတွင် သုံးစွဲနေသည့် တိုင်းထွာ စနစ် "ပေ" မှ "မီတာ" စနစ်သို့ ပြောင်းလဲ အသုံးပြုရန် အဆိုတင်သွင်းခဲ့ပြီး ရန်ကုန်မဲဆန္ဒနယ် ၁ မှ လွှတ်တော်အမတ် ဒေါ်ခင်ဝိုင်းကြည်က အမျိုးသမီးများ မီးဖွားခွင့်ကို ၄၅ ရက်ထက် ကျော်လွန် သတ်မှတ်ပေးရန် အဆိုတင်သွင်းခဲ့ကြသည်။ ယင်း အဆိုများကို လွှတ်တော်က ဆက်လက်ဆွေးနွေးရန် သင့်မသင့် လာမည့် လွှတ်တော်ဆွေးနွေးပွဲများတွင် ဆက်လက်ဆွေးနွေးကြ မည်ဖြစ်သည်။

ယခု တတိယအကြိမ် လွှတ်တော် ဆွေးနွေးပွဲများသည် တလခန့်ကြာမြင့်မည်ဟု လွှတ်တော်အမတ်များက ခန့်မှန်းထားသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့