Friday, January 27, 2012

ကျန်ရှိ နိုင်/ကျဉ်းစာရင်း တိုးလာနိုင်ဖွယ်ရှိ၊ ဆက်လက်ပြုစုဆဲ

နေမျိုး
ဇန်နဝါရီလ ၂၆ ရက် ၂၀၁၂ ခုနှစ်

မြန်မာနိုင်ငံ အကျဉ်းထောင်အသီးသီးတွင် နိုင်ငံရေးအကျဉ်းသား အများအပြား ကျန်ရှိနေသေးပြီး စာရင်းအတိအကျ ရရှိရန် ဆက်လက် ပြုစုဆဲဖြစ်ကြောင်း နိုင်/ကျဉ်း အရေး ဆောင်ရွက်နေသော အဖွဲ့များက ပြောသည်။

ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) စာရင်းအရ မလွှတ်မြောက် သေး သည့် နိုင်ငံရေးအကျဉ်းသား ၉၁၈ ဦး ကျန်ရှိနေသေးပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD စာရင်းအရ ၃၈၈ ဦး ကျန်ရှိ နေသေးသည်ဟု သိရသည်။

“အခုပြန်စစ်ကြည့်လိုက်တဲ့ အခါကျတော့ တချို့ကလည်း လွှတ်လာတာရှိတယ်၊ တချို့ကလည်း ရဲလက် အပ်လိုက်တာ ရှိတယ်။ တချို့ကလည်း စစ်တပ်က ခေါ်ထုတ်သွားတာ ရှိတယ်။ အဲဒီတော့ စာရင်းလုပ်ရတာ တော်တော်ခက်တယ်။ သေချာတဲ့ သတင်း တွေကို ပြန်ကြည့်လိုက်တော့ မလွှတ်မြောက်ဘဲ ကျန်နေတာ ၉၀၀ ကျော် ရှိတယ်” ဟု AAPP အတွင်းရေးမှူး ဦးတိတ်နိုင် က မဇ္ဈိမကို ပြောသည်။


NLD ပြောရေးဆိုခွင့်ရှိသူ ဦးအုန်းကြိုင်၏ အဆိုအရ၊ ယခုချိန်ထိ အတည်ပြုချက်များ ရယူစုဆောင်းနေရဆဲဖြစ်ပြီး အရေအတွက် တိုးလာနိုင်ဖွယ်ရှိကြောင်း သိရသည်။

“ကျနော်တို့ စာရင်းအရတော့ဗျာ ၅၉၁ ယောက်မှာ အခု ဖိုင်နယ်စာရင်းစစ်ပြီးတော့ ၃ဝ၃ ယောက် လွတ်တယ်။ NLD ပါတီဝင် ဘယ်လောက် ပါတယ်ဆိုတာ စစ်ဆေးတုန်း ရှိပါသေးတယ်။ ထောင်ကလွှတ်လာတဲ့ လူတွေကို အခြေခံ ပြီးတော့ သူတို့ရဲ့ပြော ပြချက်တွေ၊ သူတို့ရဲ့ ရီပို့လုပ်ချက်တွေနဲ့ ကျနော်တို့ အသစ်ပြန်ပြီး ပြုစုနေပြီ” ဟု ဦးအုန်းကြိုင် က မဇ္ဈိမကို ပြောသည်။

ဇန်နဝါရီ ၁၃ ရက်နေ့က မြန်မာနိုင်ငံအဝှမ်း အကျဉ်းထောင်များမှ အကျဉ်းသား စုစုပေါင်း ၆၅၁ ဦး လွှတ်ပေးခဲ့သည်။

နေပြည်တော်တွင် ဇန်နဝါရီလ ၁၄ ရက်နေ့က သတင်းစာရှင်းလင်းပွဲတွင် ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကိုကို က “အကျဉ်းထောင်တွေထဲမှာ ရှိတာတွေကတော့ ပြစ်မှုနဲ့ အရေးယူခံထားရတဲ့သူတွေပဲ ရှိပါတယ်။ အဖမ်းခံရတဲ့ သံဃာတွေ ရှိ တယ်ဆိုရင်တော့ ကျနော်တို့ကို အတိအကျ ပေးပါ” ဟု ပြောဆိုခဲ့သည်။

AAPP ကမူ နိုင်ငံရေးလှုပ်ရှားမှုဖြင့် ဖမ်းဆီးခံရသည့် ပြစ်ဒဏ်ကျ အကျဉ်းသားများအား နိုင်ငံရေး အကျဉ်းသားအဖြစ် သတ်မှတ်ကြောင်း ဦးတိတ်နိုင် က ပြောသည်။

“နိုင်ငံရေးတက်ကြွ လှုပ်ရှားသူတွေကို အခြားပုဒ်မတွေနဲ့ စွဲချက်တင်ပြီး အရေးယူထားတာ တွေရှိတယ်။ ဘိန်းမှုတို့၊ အလွှဲသုံးစား မှုတို့၊ လောင်းကစားမှုတို့ အဲလိုမျိုး အခြားအမှုတွေနဲ့ စွဲချက်တင်ပြီး ထောင်ချထားတာတွေ ရှိတယ်။ နိုင်ငံရေးနဲ့ ပါတ်သက်ပြီး ထောင်ချလို့ဘဲဖြစ်ဖြစ်၊ လှုပ်ရှားလို့ဘဲဖြစ်ဖြစ်၊ အားပေးလို့ဘဲဖြစ်ဖြစ် အဲလိုမျိုးစွပ်စွဲခံရပြီး ဖမ်းဆီးခံရတယ်ဆိုလို့ရှိရင် ကျနော်တို့က နိုင်ငံရေးအကျဉ်းသား အဖြစ် သတ်မှတ်ပါတယ်” ဟု သူက ပြောသည်။

ထို့ပြင် NLD ကလည်း မတရားသင်းဥပဒေ အပါအဝင် ဖောက်ခွဲရေးမှုများဖြင့် စွပ်စွဲခံရပြီး ပြစ်ဒဏ်ကျခံနေရသူများလည်း
နိုင်ငံရေး အကျဉ်းသားအဖြစ် သတ်မှတ်ကြောင်း ဦးအုန်းကြိုင်က ပြောသည်။

“ဖောက်ခွဲတယ်လို့ စွပ်စွဲခံရသူတွေ၊ ဘုန်းကြီးအရေးအခင်းတုန်းက ပါဝင်ခဲ့တဲ့သူတွေ ၁၇ (၁)၊ ၁၇ (၂) တောင်ငူဘက်မှာ ဖမ်းခံရသူတွေ၊ နောက်ကျနော်တို့ ၅ (ည) ဘာညာနဲ့ အစွဲခံရတဲ့ အရေးပေါ် အက်ဥပဒေပုဒ်မ၊ နောက် ၅၀၅ နိုင်ငံတော် ကို အကြည်အညိုပျက်အောင် လုပ်တာ၊ အဲဒါတွေ အကုန်လုံးကို ကျနော်တို့က ထည့်ပါတယ်။ နောက် အားပေး ကူညီတယ် ဆိုပြီး ဖမ်းတာတွေရှိတယ်။ အဲဒါတွေ အကုန်လုံးကို ကျနော်တို့က နိုင်ငံရေးအကျဉ်းသားထဲ ထည့်ပါတယ်” ဟုဆိုသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့