Wednesday, January 25, 2012

တိုင်းလုံးဆိုင်ရာ မွန်ဘာသာ ဗုဒ္ဓတက္ကသိုလ် တည်ဆောက်မည်

24 January 2012
အဲာပိုန

တိုင်းလုံးဆိုင်ရာ မွန်ဘာသာ ဗုဒ္ဓ တက္ကသိုလ်သည် ဗုဒ္ဓစာပေကို သင်ကြားလိုသော ရဟန်းတော်များနှင့် လူပုဂ္ဂိုလ်များ အတွက် သက်သာစွာ ပညာသင်ကြားနိုင်ရန် ရည်စူးပါသည်။ ဤတက္ကသိုလ် ဖြစ်မြောက်ရေးကို ထင်ရှားသော တရားဟော မွန်ဆရာတော် ဦးသီလာစာရက ဦးဆောင်နေပြီး မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ အမှတ် (၇) ၊ဈေးကြို ရပ်ကွက်၊ ဆန်တန်း ကျောင်းသစ် ကျောင်းလမ်းမှာ တည်ဆောက် သွားမည်ဟု တက္ကသိုလ် ဖြစ်မြောက်ရေးအတွက် အဓိကနေရာတွင် ဝန်ဆောင်မှုပေးနေသော မွန်ရဟန်းတော် တစ်ပါးက မိန့်ကြားခဲ့ပါသည်။

ထိုတက္ကသိုလ်သည် မွန်ပြည်နယ်၊ ဖအောက်ကျေးရွာ အရှေ့ မျက်နှာဇာရှိ GTC တက္ကသိုလ် နည်းတူ ခေတ်မှီသည့် နည်းပညာ များဖြင့် သင်ကြားသွားမည် ဖြစ်ပါသည်။ မွန်ဘာသာနှင့် အင်္ဂလိပ် နှစ်ဘာသာကို အဓိကထားပြီး သင်ကြားသွားမည် ဖြစ်သော ကြောင့် စာသင်မွန်ရဟန်းတော်၊ မွန်သီလရှင်များနှင့် ပညာရေးကို ထိရောက်စွာ မသင်ကြားနိုင်သော နယ်နယ်ရပ်ရပ်မှာ ရှိသော မွန်ကလေးငယ်များအတွက်လည်း ရည်ရွယ်ထားပါသည်။ ထို့အပြင် ဤပညာရေးစနစ်ကို စိတ်ဝင်စားသူ များလည်း မည်သူမဆို တက်ရောက်သင်ကြားနိုင်သည်ဟု သိရပါသည်။


ဗုဒ္ဓ တက္ကသိုလ် တည်ဆောက်မည့် မြေကွက်သည် (၅) ဧက အကျယ်အဝန်းရှိပြီး ကာလတန်ဖိုးကာ သိန်း (၁၅၀၀) ကျပ်ခန့် ရှိပါသည်။ ထိုမြေကွက်အတွင်း၌ ရာမညရဋ္ဌ ဗုဒ္ဓတက္ကသိုလ် အမည်ဖြင့် တည်ဆောက်သွားမည်ကို သာသနာရေးဝန်ကြီးထံ တင်ပြ လျှောက်ထားပြီးဖြစ်ပါသည်။ ဤသည်ကို အကြောင်းပြုပြီး ဒီနေ့ နေ့လယ်ပိုင်တွင် သာသနာရေးဝန်ကြီးနှင့် မွန်ပြည်နယ် ဝန်ကြီး တို့က လာရောက်ကြည့်ရှု့ စစ်ဆေးလျှက် ရှိပါသည်။

“ (၅) ဧက အကျယ်အဝန်းလောက် ရှိမယ်။ သိန်း (၁၅၀၀) နဲ့မြေပိုင်ရှင်က ခေါ်ထားတာပါ။ အဲဒီမြေကွက်က အပစ်ကင်းရှင်း မယ်ဆိုရင် ဘုန်းဘုန်းတို့ ဝယ်ယူမှာပါ။ ဒီကိစ္စက သာသနာရေး ဝန်ကြီးဆီမှာ တင်ပြထားပြီးဖြစ်ပါတယ်။ ဒီနေ့ (၁) နာရီ အချိန် မှာ သာသနာရေးဝန်ကြီး နှင့် မွန်ပြည်နယ်ဝန်ကြီးတွေ လာရောက် ကြည့်ရှု့စစ်ဆေးပေးမှာ ဖြစ်ပါတယ်။ စစ်ဆေးမှု တွေလုပ်ပြီးရင် တော့ စရံအဖြစ် ကျပ်သိန်း (၈၅၀) ပေးဆောင်ဖို့ ရှိပါတယ်”

ဆောက်လုပ်ရန် မတည်ငွေသည် မော်လမြိုင်မြို့၊ ဈေးချိုးရပ်ကွက်၊ သန္တိသုခ ကျောင်းတိုက် ဆရာတော် သီလာစာရမှ ကျပ်သိန်း (၂၀၀) ၊ ရန်ကုန်မြို့၊ ကျောက်ပတောင်းဇာတိ နိုင်သာမြင့်နှင့် မိမကျင်းတို့မှ ကျပ်သိန်း (၄၀၀) နှင့် မွန်ပြည်သူ လူထုမှ ကျပ် သိန်း (၃၀၀) စုစုပေါင်း ကျပ်သိန်း (၉၀၀) ရရှိထားပြီးဖြစ်ပါသည်။

ဤတက္ကသိုလ်သည် ပထမဦးဆုံးသော ပရဟိတ မွန်ဗုဒ္ဓတက္ကသိုလ်ဖြစ်ပြီး တည်ဆောက်ရေးမှာ (၃) နှစ် ရာထားပါသည်။ ကျောင်းဆောင် (၁၀) ဆောင်ခန့်ဆောက်လုပ်သွားမှာ ဖြစ်ပြီး ကုန်ကျငွေ သိန်း (၅) ထောင်ကျော်ခန့် ရှိမည်ဖြစ်ပါသည်။ ထိုကျောင်းဆောင်သည် ကျိုက်မရောမြို့ နယ်ကျောင်းဆောင်၊ ရေးမြို့နယ်ကျောင်းဆောင် ဤကဲ့သို့ မြို့နယ်အလိုက်နာ မည် များပေးသွားပါမည်။ ပညာရေး၌ စိတ်အားထက်သန်စွာ ဒါနပြုလိုသူတိုင်း မြေကွက် တစ်ပေပတ်လည်ကို ကျပ်တစ်သောင်းဖြင့် ဒါနပြုနိုင်ပါကြောင်း နှိုးဆော်အပ်ပါသည်။

ဆက်သွယ်ရန်လိပ်စာ--------------ဆရာတော် သီလာစာရ ဖုန်း ၀၉-၄၉၂၁ ၂၅၅၉-------/ ၀၅၇-၂၆၅၂၇

ဆရာတော် ခေမာသာရ ဖုန်း ၀၉-၄၃၁၁ ၃၁၉၁ (ပညာရေးတက္ကသိုလ်၊ ရန်ကုန်မြို့)

Ref: ရွှေဟင်္သာ

0 comments:

အပေါ်သို့