Tuesday, January 24, 2012

ရှမ်းနီလူမျိုးများအတွက် ရှမ်းနီပါတီ ထူထောင်

ဖနိဒါ
ဇန်နဝါရီလ ၂၃ ရက် ၂၀၁၂ ခုနှစ်


ရှမ်းနီလူမျိုးစုများ တန်းတူအခွင့်အရေး ရရှိနိုင်ရန်အတွက် တိုင်းလိုင် (ခေါ်) ရှမ်းနီ အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) ကို ထူထောင်ရခြင်း ဖြစ်ကြောင်း ပါတီခေါင်းဆောင် ဦးစောဝင်းထွန်း က ပြောသည်။

ဇန်န၀ါရီလ ၂၀ ရက်နေ့က ရှမ်းနီလူမျိုး ဦးစောဝင်းထွန်း အပါအဝင် (၁၈)ဦးမှ နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ လျှောက်ထားခဲ့ခြင်းဖြစ်သည်။

“အရင်တုန်းကတော့ အခြေအနေအကြောင်းကြောင့် ဘာမှ လုပ်လို့ မရခဲ့တဲ့အပိုင်းတွေ ရှိတယ်။ အခု နိုင်ငံတော် အစိုးရရဲ့ လွတ်လပ်လာတဲ့ မူဝါဒသစ်နဲ့အညီ လုပ်ကိုင်ဆာင်ရွက်လို့ ရတဲ့ အခြေအနေတွေ ပေးလာပြီလို့ ယူဆတဲ့အတွက်ကြောင့် လွှတ် တော်လမ်းကြောင်းကို ပါဝင်ဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

ရှမ်းနီပါတီဝင်အချို့မှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP မှ တရားဝင် နုတ်ထွက်၍ လူမျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဆောင်ရွက်နိုင်ရန်အတွက် ပါတီသစ် ထူထောင်ရခြင်းဖြစ်ကြောင်း သိရှိရသည်။

“ကိုယ့်အမျိုးသားရေးအတွက် အဓိကလုပ်ဆောင်ချင်တယ်ဆိုတော့ အမှန်ပြောရရင် တစိတ်တဝမ်း ထဲပါပဲ။ နိုင်ငံရေးရှုထောင်အရ နေရပ်၊ ဒေသအပေါ် မူတည်ပြီးတော့ ပါတီသုံးခု ပူးတွဲဆောင်ရွက်သွားဖို့ကိုလည်း အားလုံးညှိနှိုင်းထားပါတယ်။ ကွဲတာ မဟုတ်ဘူး၊ ခွဲထွက်တာလည်း မဟုတ်ဘူး။ တိုင်းလိုင် ပါတီကလည်း ကျားဖြူပါတီကနေ တရားဝင်နုတ်ထွက်ပြီးတော့ ထူထောင်တာပါ”ဟု SNDP ခေါင်းဆောင်တဦးဖြစ်သည့် ဦးစောသန်းမြင့် က ပြောသည်။

မြန်မာပြည်အထက်ပိုင်း စစ်ကိုင်းတိုင်းအတွင်းရှိ ကောလင်း၊ ဝန်းသို၊ ထီးချိုင့်၊ ပင်လည်ဘူး၊ အင်းတော်၊ ဗန်းမောက်၊ ကသာနှင့် ကချင်ပြည်နယ် မြစ်ကြီးနား၊ ဝိုင်းမော်၊ မိုးညှင်း၊ မိုးကောင်း၊ ဟိုပင်၊ ဗန်းမော်၊ အင်းတော်ကြီး၊ ဟောင်းပါး၊ လုံးခင်း၊ ဖားကန့် စသည့် မြို့များတွင် ရှမ်းနီလူမျိုး ၂ သန်းခန့် ပြန့်နှံ့နေထိုင်လျက်ရှိကြောင်း သိရသည်။

ရှမ်းနီပါတီသစ်မှာ လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခြင်းမရှိသော်လည်း နောင်လာမည့် ရွေးကောက်ပွဲ များတွင် စစ်ကိုင်းတိုင်း အထက်ပိုင်းနှင့် ကချင်ပြည်နယ်များတွင် ဝင်ရောက် ယှဉ်ပြိုင်နိုင်ရန် မျှော်လင့်ထားကြောင်း ဦးစောဝင်း ထွန်းက ပြောသည်။

တိုင်းရင်းသားအရေးနှင့် အများအကျိုးအတွက် ရည်ရွယ်၍ ပါတီသစ်ထူထောင်ခြင်းကို ကြိုဆိုသော်လည်း အမှန်တကယ် လုပ် ဆောင် မှု ရှိမရှိကိုမူ ပြည်သူလူထုက အဆုံးအဖြတ် ပေးလိမ့်မည်ဖြစ်ကြောင်း SNLD ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ပြောသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့