Friday, October 14, 2011

ကချင် စစ်ပြေးဒုက္ခသည်များ ကျန်းမာရေး ထိခိုက်နေ

သန်းထိုက်ဦး
October 14, 2011

ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) ဌာနချုပ် လိုင်ဇာ ဒေသသို့ ရောက်ရှိလာသော စစ်ပြေး ဒုက္ခသည်များထဲမှ လူ ၄၀၀ ခန့် ဖျား နာ နေကြပြီး နေ့စဉ်ကျန်းမာရေး စောင့်ရှောက်မှု ပြုလုပ်ပေးနေရသည်ဟု KIO က ပြောသည်။

ဇွန်လဆန်းပိုင်းက စတင်ဖြစ်ပွားခဲ့သည့် ကချင်ဒေသ တိုက်ပွဲများကြောင့် လတ်တလော စစ်ပြေး ဒုက္ခသည်ပေါင်း ၁၂၀၀၀ ခန့် ရှိကြောင်း KIO တွဲဖက် အတွင်းရေးမှူး ဦးလနန်က ဆိုသည်။

“အတွင်းလူနာ ပုံစံမျိုးတော့ မဟုတ်ပါဘူး၊ ဆေးတောင်းစားတဲ့ အဆင့်ပဲ၊ လူဦးရေ ၄၀၀ လောက်တော့ အမြဲတမ်း ရှိတယ်၊ နေ့ တိုင်းလိုလို”ဟု ၎င်းက ပြောဆိုသည်။


ဖျားနာသူများမှာ ကလေးငယ်နှင့် သက်ကြီးရွယ်အိုများဖြစ်ပြီး အဓိက ချောင်းဆိုးနှင့် ငှက်ဖျားရောဂါ တို့အဖြစ်များကြောင်း သိရ သည်။

“ကျန်းမာရေးကတော့ စိုးရိမ်စရာရှိတယ်လို့ ပြောလို့ရတယ်၊ အာဟာရ ချို့တဲ့တာလည်းပါပါတယ်၊ ဒီမှာ ကျွေးနိုင်တယ် ဆိုပေ မယ့် အဓိက ထမင်းပဲ ကျွေးလို့ရတယ်၊ ထမင်းနဲ့ ဟင်းတမယ်လောက်ပဲ၊ အာဟာရဖြစ်မယ့် အစားအသောက်တွေ ဘာမှ မပါ ဘူး၊ ဆေးဝါးလည်း မလိုက်နိုင်ဘူး၊ အဲဒီအခါကျတော့ သူတို့က အာဟာရ ပြတ်လပ်မှုတွေ ရှိတော့ ဖျားနာတာကတော့ တော် တော် များများ ဖြစ်ကြတယ်”ဟု ဦးလနန်က ရှင်းပြသည်။

ဖျားနာနေကြသူ အများစုမှာ လိုင်ဇာဒေသသို့ ရောက်ရှိလာသော ဒုက္ခသည်များဖြစ်ကြကြောင်း၊ တခြား ဒေသသို့ ရောက်နေ သည့် ဒုက္ခသည်များ အနေနှင့် ဖျားနာမှု အနည်းငယ်သာ ရှိကြောင်းလည်း ၎င်းက ဆိုသည်။

တာဝန်ထမ်းဆောင်နေသော ကျောင်းဆရာ တဦးက လိုင်ဇာဒေသသို့ ထွက်ပြေးလာသူများထဲတွင် ကျောင်းနေအရွယ်ကလေး ငယ် ၁၀၀၀ ကျော်နှင့် ကိုယ်ဝန် ဆောင်အမျိုးသမီး ၁၈၀ ခန့် ရှိကြောင်း ပြောပြသည်။

လတ်တလောတွင် လိုင်ဇာဒေသရှိ ဒုက္ခသည် ၁၂၀၀၀ နှင့် တခြား KIOထိန်းချုပ်ဒေသများရှိ ဒုက္ခသည်များ အပါအ၀င် စစ်ပြေး ဒုက္ခသည် စုစုပေါင်း၂ သောင်း ကျော်ရှိကြောင်း သိရသည်။

ကချင်ပြည်နယ် မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့ရှိ ဆွေမျိုးများရှိရာ နှင့် ဘာသာရေး အဆောက်အအုံများတွင် ခိုလှုံနေကြသူများ လည်း ရှိကြကြောင်း၊ ယင်း ဒုက္ခသည်များကို KIO အပါအ၀င် ဒေသခံ ဘုရားကျောင်းနှင့် အဖွဲ့အစည်းတချို့တို့မှ ကောက်ခံရရှိ ထားသော အလှူငွေများဖြင့် ထောက်ပံ့ပေးထားရကြောင်း KIO က ပြောသည်။

မြန်မာနိုင်ငံတွင် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်(WFP)၊ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့(ICRC) နှင့် ပြည်တွင်း NGO အများအပြား ရှိသော်လည်း ကချင်စစ်ပြေး ဒုက္ခသည်များအရေး ဆောင်ရွက်ပေးရန် ဆက်သွယ်ကမ်းလှမ်းလာခြင်း မရှိသေးကြောင်း ကချင် အမျိုးသမီး အစည်းအရုံး ထိုင်းနိုင်ငံ (KWAT) အဖွဲ့က လွန်ခဲ့သည့် လပိုင်းက ထုတ်ပြန်ထားသည်။

ဒုက္ခသည်များကို နိုင်ငံတကာ အကူအညီများ မပေးနိုင်ရန် မြန်မာအစိုးရက ပိတ်ပင်ထားခြင်း ဖြစ်ကြောင်းလည်း KWAT အဖွဲ့က ဆိုသည်။

KIO သည် ၁၉၆၁ ခုနှစ်မှစ၍ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရရှိရေးအတွက် အစိုးရနှင့် တိုက်ပွဲများ ဖြစ်ခဲ့ပြီး ၁၉၉၄ ခုနှစ်တွင် အပစ် အခတ် ရပ်စဲရေး စာချုပ်ကို သဘောတူခဲ့သည်။ ပြီးခဲ့သည့် ဇွန်လအတွင်း နှစ်ဘက် တိုက်ပွဲများ ဖြစ်ပွာခဲ့ပြီးနောက် အဆိုပါ
သဘောတူ စာချုပ် ပျက်ပြယ်သွားခဲ့ရသည်။

Ref: ဧရာဝတီ

0 comments:

အပေါ်သို့