Thursday, October 13, 2011

အတိုက်အခံနှင့် စစ်ဘက် ပူဇော်ကန်တော့ပွဲများ ကျင်းပ

ကိုပေါက်
အောက်တိုဘာလ ၁၂ ရက် ၂၀၁၁ ခုနှစ်

မြန်မာ ဗုဒ္ဓဘာသာဝင် အများစု၏ အစဉ်အလာတခုဖြစ်သော သီတင်းကျွတ်လပြည့်နေ့တွင် သက်ကြီးဝါကြီးများအား ပူဇော် ကန်တော့ ကြလေ့ ရှိသည့်အလျောက် နိုင်ငံရေး အသိုင်းအဝန်း အမျိုးမျိုးတွင် လည်း ဂါရဝပြု ကန်တော့ပွဲများ ကျင်းပကြကြောင်း သိရသည်။

ဗုဒ္ဓဟူးနေ့ နက်နက် ၁ဝ နာရီမှ စတင်ကာ ဗဟန်းမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဌာနချုပ်ရုံးတွင် နိုင်ငံရေး သက်ကြီး ပူဇော်ပွဲများ ပြုလုပ်ခဲ့ကြကြောင်း ပြောခွင့်ရ ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။


“ဗဟိုအလုပ်အမှုဆောင် အဖွဲ့ထဲက အသက် ၈ဝ ကျော် ပုဂ္ဂိုလ်များကို ကန်တော့တာ။ ကန်တော့ပွဲတွေက ဆက်တိုက် ဆက်တိုက် လုပ်တာပါ။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အမျိုးသမီးလုပ်ငန်းအဖွဲ့၊ လူငယ်လုပ်ငန်းအဖွဲ့၊ ပြည်နယ်/ တိုင်း အသီးသီး က ခေါင်းဆောင်တွေက ကန်တော့ကြတာပါ” ဟု ပြောသည်။

NLD ခေါင်းဆောင်များထဲမှ ဦးအောင်ရွှေ ( အသက် ၉၅ နှစ်)၊ ဦးလွင် ( အသက် ၈၉ နှစ် )၊ ဦးလွန်းတင်( အသက် ၉၁ နှစ်) နှင့် ဦးညွန့်ဝေ ( အသက် ၈၄ နှစ် )တို့မှာ ကျန်းမာရေးအခြေအနေအရ ကန်တော့ခံ မကြွရောက်နိုင်သော်လည်း အခြား ခေါင်းဆောင် များဖြစ်ကြသည့် ဦးတင်ဦး ( အသက် ၈၆ နှစ် )၊ ဦးသန်းထွန်း ( အသက် ၈၉ နှစ် )၊ ဦးလှဖေ ( အသက် ၈၅ နှစ် )နှင့်ဦးဝင်းတင်
(အသက် ၈၂ နှစ်)တို့ ကန်တော့ခံခဲ့ကြသည်။

ဤကဲ့သို့ ပါတီဝင်များက ပါတီခေါင်းဆောင်များအား ဂါရဝပြုကြသည့်နည်းတူ ဗေဒါ သင်တန်းကျောင်း၊ အမေ့အိမ် စာသင် ကျောင်း မှာ ကျောင်းသား/သူများကလည်း ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းတင်တို့အား သီးသန့်စီ ကန်တော့ကြကာ တနင်္သာရီတိုင်းမှ စေတနာရှင် ဦးစိုးတင့် မိသားစုကလည်း ပါတီခေါင်းဆောင် ၁၂ ဦးအား ကန်တော့ ခဲ့သည်။

ထို့အတူ နိုင်ငံရေး အကျဉ်းသားဟောင်းများကလည်း နိုင်ငံရေးခေါင်းဆောင် သုံးဦး အဖြစ် ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းတင်တို့အား တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် နေ့လည်ပိုင်းက ဂါရဝ ပြုခဲ့ကြေသေးကြောင်း သိရသည်။

ထိုကဲ့သို့ အတိုက်အခံ နိုင်ငံရေး အင်အားစုများက ၎င်းတို့ခေါင်းဆောင်များအား ပူဇော်ကန်တော့ကြသည့်နည်းတူ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေအား လက်ရှိ တာဝန်ထမ်းဆောင်ဆဲ ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင် လှိုင် အပါအဝင် လက်ရှိအစိုးရ ခေါင်းဆောင်များက သွားရောက် ကန်တော့ကြကြောင်း နေပြည်တော် သတင်းရပ် ကွက်မှ သိရ သည်။ မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုချက် ရယူနိုင်ခြင်း မရှိပါ။

နံနက် ၁ဝ နာရီတွင် စစ်ရုံးချုပ်တွင် ပြုလုပ်သော အဆိုပါ ကန်တော့ပွဲသို့ ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး ၊ပြည်သူ့ လွှတ် တော် ဥက္ကဋ္ဌ ဦးရွှေမန်း ၊ ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် နေပြည်တော် စစ်ရုံးကြီး၏ တပ်မိသားစုဝင်များ ပါဝင် ကြောင်း သတင်းရပ်ကွက်က ပြောသည်။

အငြိမ်းစား ယူသွားခဲ့ကြသော ယခင်အာဏာရှင် ဦးသန်းရွှေနှင့် သူ၏လက်ထောက် ဦးမောင်အေးတို့မှာ အများပြည်သူ မြင်ကွင်း မှ ကွယ်ပျောက်နေသည်မှာ ဧပြီလကတည်းက ဖြစ်သည်။ ယခုနှစ် မတ်လအတွင်းက အငြင်းပွားဖွယ်ရာ ရွေးကောက်ပွဲမှ အနိုင် ရလာသော ယခင်ဝန်ကြီးချုပ်နှင့် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် ခေါင်းဆောင်သော အစိုးရကို အာဏာလွှဲပေးသွားခဲ့သော စစ်အစိုးရအဖွဲ့၏ ခေါင်းဆောင်နှစ်ဦးအကြောင်းမှာ လျို့ဝှက်ချက်တခုလို ဖြစ်နေသည်။

မန္တလေးမြို့တော်ဝန်က ကြီးမှူးသော မြန်မာ့ရိုးရာသင်္ကြန် ရေပက်မဏ္ဍပ်ဖွင့်ပွဲသို့ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးအဖွဲ့ နံပါတ်နှစ်ခေါင်းဆောင်ဖြစ်ခဲ့သူ ဦးမောင်အေးလည်း တက်ရောက်ခဲ့ဖူးသည်။

ကန့်လန့်ကာနောက်ကွယ်တွင် ဝင်သွားပြီဟု အတိုက်အခံများက ခန့်မှန်းပြောဆိုခြင်းခံရသလို စစ်ဘက်ရေးရာများတွင်
သာ ဝင်ရောက်စွက်ဖက်လေ့ရှိသည်ဟု လေ့လာသူများက ညွှန်းဆိုလေ့ရှိသော ပရိယာယ်ကြွယ်ဝသော ဦးသန်းရွှေမှာ လက်ရှိ အစိုးရခေါင်းဆောင်များနှင့် ထိတွေ့နေမှုတော့ ရှိနေမြဲဖြစ်သည်ဟု နေပြည်တော်ရှိ သတင်းရပ်ကွက်က မဇ္ဈိမသို့ ပြောသည်။

သမ္မတဦးသိန်းစိန်မှာမူ ဗုဒ္ဓဟူးနေ့တွင် စတင်ကာ အိန္ဒိယနိုင်ငံသို့ လေးရက်ကြာ ချစ်ကြည်ရေး ခရီး လည်ပတ်လျှက် ရှိသည်။ ယခုသတင်းပေးပို့ချိန်တွင် ဘီဟာပြည်နယ် ဂယာမြို့ရှိ ဗုဒ္ဓဂါယာသို့ ရောက်ရှိနေသည်။ ယခုကဲ့သို့ တပ်မတော် ခေါင်းဆောင် ဟောင်းတဦးအား လက်ရှိခေါင်းဆောင်များက သွားရောက် ကန်တော့ခြင်းမျိုး ယခင်က မရှိခဲ့ဖူးကြောင်း ၁၉၆၂ ခုနှစ်က ဗိုလ်ချုပ် ကြီးနေဝင်း ဦးဆောင်သော အာဏာသိမ်းစစ်ခေါင်းဆောင်များတွင် ပါဝင်ခဲ့သူ တဦးဖြစ်သည့် ထိုစဉ်က ဗိုလ်မှူးချုပ်အောင်ကြီး၏ ဇနီး ဒေါ်မူမူသိန်းက မဇ္ဈိမကို ပြောသည်။

“အရင် တခါမှ မရှိဖူးပါဘူး။ အခုမှပဲ ကြားတာပါ။ ဗိုလ်ချုပ်ကြီးနေဝင်းကိုလည်း သွားကန်တော့တာမျိုးတော့ မရှိခဲ့ဖူး ပါဘူး။ အဲဒီတုန်းက ထွက်သွားပြီးတဲ့လူတွေက လက်ရှိလူတွေနဲ့ အဆက်အသွယ် လုပ်ဖို့က အင်မတန် ခဲယဉ်းပါတယ်။ အခုကတော့ နည်းနည်းတော့ change ဖြစ်သွားပြီပေါ့။ အရင်ကတော့ အခု တပ်က ထွက်သွားရင် အဲဒီလူကို အခေါ်အပြော သိပ်မ ရှိကြ တော့ဘူး။ အခုကတော့ ထွက်သွားတယ်၊ အခု သွားတွေ့လို့ရတယ်” ဟု ပြောသည်။

အသက် ၉၃ နှစ်အရွယ် ဦးအောင်ကြီးအား ယနေ့နံနက်က ဆွေမျိုးမိတ်သင်္ဂဟများက လာရောက် ဂါရဝပြုကြ သော်လည်း တပ်မတော်မှ မည်သည့် အရာရှိတဦးမျှ လာရောက်ခြင်း မရှိသေးကြောင်း ဒေါ်မူမူသိန်းက ပြောသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့