Friday, October 14, 2011

မြန်မာအစိုးရကို သတိထားရန် အိန္ဒိယရောက် အတိုက်အခံများ တိုက်တွန်း

ဇာနည်မာန်
October 13, 2011

မြန်မာနိုင်ငံတွင် သိသာထင်ရှားသည့် ပြောင်းလဲခြင်းများ မမြင်ရသေးသဖြင့် မြန်မာအစိုးရနှင့် ဆက်ဆံရာတွင် သတိဖြင့် ဆက်ဆံ စေလိုကြောင်းအိန္ဒိယနိုင်ငံရှိ မြန်မာ့ဒီမိုကရေစီ အင်အားစုများက အိန္ဒိယ ၀န်ကြီးချုပ် မာမိုဟမ်ဆင်းထံ စာပေးပို့ တိုက်တွန်း လိုက် သည်။

သမ္မတ ဦးသိန်းစိန် အိန္ဒိယနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် အဖြစ် ရောက်ရှိနေစဉ် အိန္ဒိယ ဝန်ကြီးချုပ်ထံ ပေးပို့သော တိုက်တွန်းစာ ၌ “မြစ်ဆုံ ရေကာတာ စီမံကိန်းကို ရပ်ဆိုင်းပြခြင်း၊ နိုင်ငံရေး အကျဉ်းသားအနည်းငယ်မျှကို လွှတ်ပေးခြင်း တို့သည် မြန်မာ့ ဒီမို ကရေစီရေးအတွက် ပြောင်းလဲမှုများ မဟုတ်သေး၍ အရှေ့မျှော်ဝါဒ ကျင့်သုံးနေသည့် အိန္ဒိယအစိုးရ အနေဖြင့် သမ္မတ ဦးသိန်း စိန် အစိုးရသစ်နှင့် ဆက်ဆံရာတွင် သတိကြီးစွာ ထားရန်လိုအပ်သည်” ဟု ပါရှိသည်။


ထို့အပြင် သမ္မတ ဦးသိန်းစိန်၏ အစိုးရသစ်သည် ပြည်သူလူထု ဆန့်ကျင်ခဲ့သည့် ၂၀၀၈ အခြေခံဥပဒေနှင့် တရားမျှတမှု မရှိသော ၂၀၁၀ ရွေးကောက်ပွဲ အရ ဖြစ်လာသည့် အစိုးရဖြစ်သောကြောင့် ပြည်သူ့ကိုယ်စားပြုသည် အစိုးရမဟုတ်၍ နှစ်နိုင်ငံအစိုးရ ပူးပေါင်း ဆောင်ရွက်မှုများသည် ယခင်က စစ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်သကဲ့သို့ပင် အကျိုးတစုံတရာ ရှိလိမ့်မည် မဟုတ် ကြောင်း ရေးသားထားသည်။

“၁၉၉၂ ခုနှစ် ကတည်းက အိန္ဒိယရဲ့ အမျိုးသားအကျိုးစီးပွားအတွက် ကျင့်သုံးနေတဲ့ အရှေ့မျှော် မူဝါဒအရ မြန်မာ အစိုးရနဲ့ လုပ်နေတာတွေဟာ နှေးကွေးလွန်းပြီး ဘာမှ ဖြစ်မလာတာ မြင်နေရတာပဲ။ ဒါကိုမှ ဦးသိန်းစိန်နဲ့ နားလည်မှု စာချွန်လွှာတွေ လက်မှတ် ထပ်ထိုးနေလို့ကတော့ ဒီအတိုင်းပဲ လည်နေအုံးမှာပဲ” ဟု ပြည်ထောင်စုမြန်မာနိုင်ငံ အဝေးရောက် အမျိုးသား ညွန့်ပေါင်းအစိုးရ ပြန်ကြားရေးဝန်ကြီး ဒေါက်တာတင့်ဆွေက ပြောသည်။

သမ္မတ ဦးသိန်းစိန်၏ ခရီးစဉ်နှင့် တိုက်ဆိုင်စွာ နိုင်ငံရေးအကျဉ်းသားတချို့တို့ကို ပြန်လွှတ်ပေးခြင်းမှာလည်း နိုင်ငံတကာမှ အစိုးရ သစ်အပေါ် ထောက်ခံမှု ရရှိစေရေးအတွက် ဟန်ပြလုပ်ဆောင် နေခြင်းသာဖြစ်ကြောင်း၊ ယနေ့ မြန်မာ့နိုင်ငံရေး အခြေအနေသည် နိုင်ငံတကာမှ သတိအလွန်ကြီးမားစွာဖြင့် စောင့်ကြည့်နေရမည့် အချိန်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအတွက် စစ်မှန်သော ပြောင်းလဲမှု ဖြစ်ပေါ်ရေးမှာ အစိုးရသစ် တခုတည်းအပေါ်တွင် မဟုတ်ဘဲ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပေါ်တွင်လည်း မူတည်ကြောင်း သူကဆိုသည်။

သူက “အိန္ဒိယအစိုးရဟာ အရင်အတိုင်းပဲ မြန်မာအစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ တဘက်တည်း တွေ့တာမျိုး မဟုတ်ဘဲနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ထိုက်သင့်တဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်သင့်တယ်” ဟု ဆက်ပြောသည်။

ဒီမိုကရေစီ အင်အားကြီးနိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံ အနေဖြင့် ပြည်သူလူထုကို ကိုယ်စားမပြုသည့် သမ္မတ ဦးသိန်းစိန် အစိုးရ အား ချစ်ကြည်ရေးခရီးစဉ် ဖိတ်ကြားမှုအတွက် ကန့်ကွက်သည့် အနေဖြင့် အိန္ဒိယရောက် မြန်မာ့ဒီမိုကရေစီအင်အားစု ၂၀၀ ခန့်က နယူးဒေလီမြို့ ပါလီမန် အဆောက်အအုံ အနီးရှိ ဂျန်တားမန်တားပန်းခြံတွင် ဆန္ဒပြခဲ့ကြသည်။

သမ္မတ ဦးသိန်းစိန်နှင့် အဖွဲ့ဝင် ၆၉ ဦးတို့မှာ ယနေ့နံနက်တွင် ဂယာမြို့၌ မြန်မာ သံဃာတော်များအား ကထိန်သင်္ကန်း ကပ်လှူ ခဲ့ကြောင်း၊ ဂယာတွင် သာသနာ့ ဗိမာန်တခု တည်ဆောက်လှူဒါန်းမည်ဟု ကတိပေး ပြောဆိုခဲ့ကြောင်း သံဃာတော်များက မိန့်သည်။

“နေရာတွေ ဘာတွေတော့ သေချာ မသတ်မှတ်ရသေးပါဘူး။ သမ္မတကြီးက အဲဒီလို လုပ်ပေးမယ်လည်း ပြောရော သူနဲ့ပါလာတဲ့ စီးပွားရေး လုပ်ငန်းရှင်ထဲက ၄ ယောက်က သူလှူမယ်၊ ငါလှူပါမယ်နဲ့ တယောက်ကို ဒေါ်လာ တသောင်း နှုန်းနဲ့ စုစုပေါင်း ဒေါ်လာ ၄ သောင်း နှုတ်ကတိ ရလိုက်တယ်” ဟု ဂယာမှ သံဃာတပါးက ဆိုသည်။

သမ္မတ ဦးသိန်းစိန်နှင့် အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းက ဗာရာဏသီသို့ ထွက်ခွာသွားပြီး ယနေ့ညနေ ၅ နာရီခန့်တွင် နယူးဒေလီသို့ ရောက်ရှိမည်ဟု သိရသည်။

ဂယာတွင် လုံခြုံရေးများ အထူး တင်းကျပ်ထားသည်မှာ ပြီးခဲ့သည့် ၂၀၁၀ ဇူလိုင်လအတွင်း ဗိုလ်ချုပ်မှူကြီးသန်းရွှေ၏ ခရီးစဉ် ထက် ပိုမိုကြောင်း၊ မဟာဗောဓိ စေတီ ပရ၀ဏ်အတွင်းနှင့် မြန်မာဘုန်းတော်ကြီး ကျောင်းအတွင်းသို့ ဖိတ်ကြား ထားသူများမှအပ ၀င်ခွင့်မပေးကြောင်း ဂယာမှ သံဃာတော်များက မိန့်ကြားသည်။

သမ္မတ ဦးသိန်းစိန်နှင့် အဖွဲ့သည့် နယူးဒေလီတွင် သမ္မတ ပရာတီဘာပတေးလ်၊ ၀န်ကြီးချုပ် မာမိုဟမ်ဆင်းတို့နှင့် တွေ့ဆုံ၍ နယ်စပ် လုံခြုံရေး၊ စီးပွားရေး၊ ကူးသန်းရောင်းဝယ်ရေး ကိစ္စရပ်များကို ဆွေးနွေးပြောဆို၍ ကူးသန်းရောင်းဝယ်ရေးနှင့် စီးပွားရေး ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ နားလည်မှု စာချွန်လွှာများ ချုပ်ဆိုဖွယ်ရှိကြောင်း သိရသည်။

၎င်းသည် ၁၄ ရက်နေ့ မနက်ပိုင်းတွင် မဟတ္တမ ဂန္ဒီ၏ ဂူသင်္ချိုင်းသို့ သွားရောက် ဂါရ၀ပြုမည်ဖြစ်ပြီး နေ့လယ်ပိုင်းတွင် ၀န်ကြီးချုပ် မာမိုဟမ်ဆင်းနှင့် တွေ့ဆုံ၍ နယ်စပ်လုံခြုံရေး၊ စီးပွားရေး၊ ကူးသန်းရောင်းဝယ်ရေး ကိစ္စရပ်များကို ဆွေးနွေးပြောဆိုကာ ကူးသန်း ရောင်းဝယ်ရေးနှင့် စီးပွားရေး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ နားလည်မှု စာချွန်လွှာများ ချုပ်ဆိုမည်ဟု အိန္ဒိယ နိုင်ငံခြားရေး ၀န်ကြီးဌာန က ထုတ်ပြန်ကြေညာထားသည်။

ဦးသိန်းစိန်ကို ၁၄ ရက် ညနေပိုင်းတွင် အိန္ဒိယ သမ္မတ ပရာတီဘာပတေးလ်မှ ညစာစားပွဲဖြင့် တည်ခင်း ဧည့်ခံမည်ဖြစ်ပြီး အောက်တို ဘာ ၁၅ ရက်နေ့ မနက်ပိုင်းတွင် စိုက်ပျိုးရေး သုတေသနဌာနသို့ သွားရောက်လေ့လာမည်ဟု သိရသည်။

Ref: ဧရာဝတီ

0 comments:

အပေါ်သို့