Thursday, October 13, 2011

ဂါယာက မြန်မာကျောင်းမှာ ဦးသိန်းစိန် သင်္ကန်းကပ်လှူမည်

သဲသဲ
အောက်တိုဘာလ ၁၂ ရက် ၂၀၁၁ ခုနှစ်

နှစ်နိုင်ငံ ချစ်ကြည်ရေး ခရီးအဖြစ် အိန္ဒိယနိုင်ငံသို့ ဗုဒ္ဓဟူးနေ့တွင် ရောက်ရှိသည့် မြန်မာ သမ္မတ ဦးသိန်းစိန်နှင့် အဖွဲ့သည် ဂါယာမြို့ ဗုဒ္ဓဂါယာရှိ မြန်မာဘုန်းကြီးကျောင်း တကျောင်း၌ ကြာသပတေးနေ့တွင် ကထိန်သင်္ကန်း ကပ်လှူရန် စီစဉ်ထားသည်။

မတ်လအတွင်းက သမ္မတအဖြစ် ကျမ်းသစ္စာကြိမ်ဆိုခဲ့ပြီးနောက် ဦးသိန်းစိန်၏ ပထမဆုံးသော လေးရက်ကြာမည့် အိန္ဒိယနိုင်ငံ ခရီး စဉ် တွင် နေပြည်တော်မှသည် ဂေါတမ မြတ်စွာဘုရား ပွင့်တော်မူရာဒေသ ဂါယာသို့ အထူးလေယာဉ် ဖြင့် တိုက်ရိုက် ရောက်ရှိ လာ ခဲ့ခြင်း ဖြစ်သည်။

ခရီးစဉ်အတွင်း နယူးဒေလီသို့ သွားရောက်ကာ အိန္ဒိယသမ္မတ ပရာတီဘာ၊ ဝန်ကြီးချုပ် မန်မိုဟန်ဆင်း တို့ကိုလည်း တွေ့ဆုံ လိမ့်မည်ဟု အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

သမ္မတ ဦးသိန်းစိန်၊ ဇနီး ဒေါ်ခင်ခင်ဝင်းနှင့်အတူ အဆင့်မြင့် ကိုယ်စားလှယ် ၅၉ ဦး အဖွဲ့သည် ဂါယာသို့ နံနက် ၁၁ နာရီခန့်တွင် ရောက်ရှိပြီး Royal Presidency ဟိုတယ်တွင် တည်းခိုလျက် ရှိသည်။

ဗုဒ္ဓဂါယာ မြန်မာကျောင်းကြီး၌ နံနက် ၁၀ နာရီတွင် ပြုလုပ်မည့် သမ္မတ၏ ကထိန်အလှူသို့ ဗုဒ္ဓဂါယာရှိ ဘုန်းကြီးကျောင်း ဆယ့်ခုနစ်ကျောင်းမှ သံဃာများ ကြွရန်ရှိဟု သံဃာတော်တပါးက မဇ္ဈိမသို့ ပြောသည်။

ဦးသိန်းစိန်သည် သီတင်းကျွတ် လပြည့်နေ့ ဖြစ်သော ဗုဒ္ဓဟူးနေ့ ညပိုင်းတွင် မဟာဗောဓိ စေတီတော်သို့ သွားရောက် ဖူးမြော်ကာ ဆီမီးပူဇော်ရန် အစီအစဉ် ရှိသဖြင့် မဟာဗောဓိစေတီတော် ဂေါပက အဖွဲ့များက ပြင်ဆင်နေကြောင်းနှင့် လုံခြုံရေး အစီအစဉ် ပြုလုပ်ထားသူများက ပြောသည်။

အောက်တိုဘာလ ၁၃ ရက်နေ့ ညနေတွင် နယူးဒေလီမြို့တော်သို့ ခရီးဆက်မည်ဖြစ်ပြီး ဂန္ဒီဂူဗိမာန်သို့ သွားရောက် ဂါရဝပြုရန် လည်း ရှိသည်ဟု သိရသည်။ ခရီးစဉ် နောက်ဆုံးရက်ဖြစ်သော အောက်တိုဘာ ၁၅ ရက်နေ့တွင် အိန္ဒိယ စိုက်ပျိုးရေး သုတေသန ဌာနသို့ သွားရောက်လေ့လာမည် ဖြစ်သည်။

သမ္မတ အကြံပေး အဖွဲ့ဝင်၏ အဆိုအရ မြန်မာနှင့် အိန္ဒိယအကြား သွေးအေးနေသည့် နိုင်ငံရေးနှင့် စီးပွားရေးတို့ မြှင့်တင်ရန်နှင့် နယ်စပ်လုံခြုံရေးကိစ္စများ အလေးပေး ဆွေးနွေးနိုင်ကြောင်း ပြောဆိုထားသည်။

သမ္မတဦးသိန်းစိန် အိန္ဒိယသို့ မလာမှီ ရက်ပိုင်းအတွင်း အိန္ဒိယအစိုးရကို လက်နက်ကိုင် တော်လှန်နေသည့် နက်ဇယ်လိုက် Naxalites ခေါ် အိန္ဒိယ မော်ဝါဒီသူပုန်များက မြန်မာ့မြေပိုင်နက် ထဲတွင် စစ်သင်တန်း စခန်းများ ဖွင့်ရန် စီစဉ်နေသည့် အထောက်အထားများ တွေ့ရှိရကြောင်း ရဲက ပြောဆိုချက်ကို ကိုးကား၍ အိန္ဒိယ သတင်းစာများ ၌ ရေးသားထားသည်။

နှစ်နိုင်ငံ ကုန်သွယ်မှုတွင်လည်း လာမည့်၂၀၁၅ ခုနှစ်တွင် ကုန်သွယ်မှု ပမာဏ၂ ဆ တိုးမြှင့်ကာ ဒေါ်လာ ၃ ဘီလီယံ အထိ မြင့် တက်ရန် နယူးဒေလီ၌ ပြီးခဲ့သည့် စက်တင်ဘာလ ၂၆ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် လေးကြိမ်မြောက် ကုန်သွယ်ရေး ကော်မတီ အစည်းအဝေးသို့ တက်ရောက်ခဲ့သော မြန်မာ ကုန်သွယ်ရေးဝန်ကြီး ဦးဝင်းမြင့်နှင့် အိန္ဒိယ ကုန်သွယ်ရေးဝန်ကြီးတို့က သဘော တူ ခဲ့ကြသည်။

အိန္ဒိယက မြန်မာတွင် ဆေးဝါးကဏ္ဍ၊ မီးရထားလမ်း၊ ရေနံသဘာဝဓါတ်ငွေ့ တူးဖော်ရေး၊ သတ္တုတူးဖော်ရေးနှင့် ရေအား လျှပ်စစ် စီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံထားပြီး ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၁.၅ ဘီလီလျံခွဲ ရှိသည်။

အိန္ဒိယ၏ အကြီးစား ရင်းနှီးမြှုပ်နှံမှု တခုဖြစ်သော ကုလားတန် ဘက်စုံ စီမံကိန်းကိုလည်း ၂ဝ၁၃ ခုနှစ်အတွင်း အပြီး တည် ဆောက် ရန် မျှော်မှန်းထားပြီး အမေရိကန်ဒေါ်လာ သန်း ၁၂ဝ ကျော် ကုန်ကျမည်ဖြစ်သည်။

မြစ်ဆုံဆည် တည်ဆောက်မှု ရပ်ဆိုင်းခြင်းကြောင့် တရုတ် အစိုးရက မြန်မာအပေါ် မကျေနပ်သံများ ပေါ်ထွက်နေချိန် တွင် မြန်မာ သမ္မတ၏ ယခုခရီးစဉ်သည် အိန္ဒိယအတွက် အခွင့်ကောင်းတရပ် ဖြစ်လာနိုင်ကြောင်း နိုင်ငံတကာနှင့် အိန္ဒိယ မီဒီယာ များတွင် သုံးသပ်ရေးသားထားကြသည်။

ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် အဖြစ် တာဝန်ယူစဉ် BIMSTEC (ဘင်စတက်) ထိပ်သီး အစည်းအဝေး တက်ရောက် ရန် ၂၀၀၈ ခုနှစ် နိုဝင်ဘာလက အိန္ဒိယနိုင်ငံ သို့ ရောက်ရှိခဲ့သေးသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့