Friday, October 14, 2011

နာဂစ်အရေး ကူညီသူ ဗကသ အဖွဲ့ဝင် မဖြိုးဖြိုးအောင်နှင့် မေးမြန်းချက်

ဖနိဒါ
အောက်တိုဘာလ ၁၃ ရက် ၂၀၁၁ ခုနှစ်

၂ဝဝ၈ ခုနှစ် မေလက တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်း ကူညီကယ်ဆယ်ရေး လုပ်ငန်းများတွင် လုပ်ဆောင်ခဲ့သူ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂ- ဗကသ ကျောင်းသူ မဖြိုးဖြိုးအောင် ဗုဒ္ဓဟူးနေ့က မွန်ပြည်နယ် မော်လမြိုင်ထောင်မှ လွတ်မြောက် လာသည်။

နာဂစ်မုန်တိုင်းတိုက်ပြီးနောက် ဇွန်လတွင် ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်၌ သေဆုံးခဲ့သည့် ရုပ်အလောင်းများကို သဂြုင်္ိဟ်၍ ရန်ကုန် အပြန်လမ်းတွင် ဖခင်ဖြစ်သူ ဒေါက်တာနေဝင်းနှင့်အတူ စရဖ-စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့၏ ဖမ်းဆီးခြင်းခံခဲ့ရသည်။

မဖြိုးဖြိုးအောင် အပါအဝင် သူ၏လုပ်ဖော်ကိုင်ဖက် ပဲခူးတိုင်း တောင်ငူထောင်မှ ကိုရှိန်းရာဇာထွန်းနှင့် ကချင်ပြည်နယ် ဗန်မော် ထောင်မှ ကိုအောင်သန်းဇင်ဦးတို့လည်း ယနေ့ လွတ်မြောက်လာသည်။ ယင်းတို့ကို အသင်းအဖွဲ့ ဥပဒေ ပုဒ်မ ၆၊ ၇ တို့ ဖြင့် ထောင်ဒဏ် လေးနှစ် ကျခံရာမှ သုံးနှစ်နှင့် လေးလနေခဲ့ရာမှ လွှတ်ရန် သုံးလအလိုတွင် လွှတ်မြောက်လာသည်ဟု မဖြိုးဖြိုး အောင်က ပြောသည်။

သူသည် ကျန်းမာရေးကောင်းမွန်နေပြီး ရှေ့ဆက် နိုင်ငံရေးရပ်တည်ချက်နှင့် မော်လမြိုင် ထောင်တွင်း အမျိုးသမီးများ၏ အခြေ အနေများနှင့် ပတ်သက်၍ ဆက်သွယ် မေးမြန်းထားသည်။

အမကို အဓိက ဘာကြောင့် ဖမ်းဆီးခဲ့တာလဲ။

“အဓိကတော့ ဗကသ အဖွဲ့ဝင်တဦးဖြစ်လို့ပေါ့။ ဒါပေမဲ့ နာဂစ်မှာ ကယ်ဆယ်ရေးကအပြန်မှာ ဖမ်းဆီးတယ်ဆိုတော့ အဲဒါကို
စည်းရုံးတဲ့ ပုံစံမျိုးက အမှုက အဲဒီလို ဖြစ်သွားတာပေါ့နော်။”

လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တဲ့အပေါ် ဘယ်လို မြင်လဲ။

“အခု တော်တော်များများပါလာတာက ဝမ်းသာပါတယ်။ ဒါပေမဲ့လေ လိုအပ်တဲ့လူတွေက အများကြီးရှိနေသေးတော့ အရမ်းလွတ်
စေချင်တယ်။ ကျမတို့ ဗကသထဲက အကုန်မပါလာဘူး။ ကိုကျော်ကိုကိုတို့၊ စည်သူမောင်၊ ဒီငြိမ်းလင်း၊ မဟန်နီဦး၊ ကိုရဲမြတ်ဟိန်း တို့ ကို သူတို့ကို အရမ်း လွှတ်စေချင်တယ်။”

သူတို့တွေ လွှတ်မြောက်မှုအတွက် ရှေ့ဆက်ပြီး ဘာဆက်လုပ်ဖို့ စဉ်းစားထားလဲရှင့်။

“အများကြီးပဲပေါ့နော်။ အပြင်မှာကျခဲ့တဲ့ ဗကသတွေရယ်၊ အခုကျမတို့ ထွက်လာတဲ့ ဗကသတွေက အခု အထဲမှာ ကျန်နေသေး တဲ့ ဗကသတွေအတွက်ရော၊ ကျန်တဲ့ နိုင်ငံရေးသမားတွေ အားလုံးအတွက်ရော ကျမမှာ လုပ်စရာတွေ အများကြီးရှိလာတယ်။ ကျမမှာ တာဝန်တွေ အများကြီး ရှိသွားပြီပေါ့။ စဉ်းစားထားတာတော့ အများကြီးပဲ အခု လွတ်တဲ့လူတွေ အချင်းချင်း ဒီတရက် နှစ်ရက်အတွင်းမှာ ချိန်းထားပြီးဖြစ်တယ်။ ဆုံဖြစ်ကြမှာပါ။ အဲဒီကျမှ ဘာဆက်လုပ်မယ်ဆိုတာ အသေးစိတ် သိရမယ်။”

ဗကသ ကျောင်းသားအဖွဲ့ဝင်ထဲက ဘယ်နှစ်ယောက် လွှတ်လာတယ်လို့ ကြားရပြီလဲ။

“ကျမနဲ့ အမူတွဲ နှစ်ယောက်က ကိုရှိန်းရာဇာထွန်း၊ ကိုအောင်သန့်ဇင်ဦး၊ နောက် မနွဲ့နှင်းရီ ခေါ် နိုးနိုး သူက ဧရာဝတီတိုင်း မအူပင် ထောင်ကနေ ၁၂ နှစ်ကျခံရတယ်။ သူလည်း လွတ်လာပြီလို့ သိရတယ်။ သူ့အမက ၈၈ ကျောင်းသူ မသက်သက်အောင် ပေါ့။”

ရှေ့ဆက်ပြီး ဘာတွေ လုပ်လုပ်မယ်လို့ စဉ်းစားထားလဲ။

“အခုလို လွှတ်ပေးလိုက်တဲ့အတွက် ဝမ်းသာပါတယ်။ ဒါပေမဲ့ အရမ်းလည်း ဝမ်းနည်းပါတယ်။ စိတ်လည်းမကောင်းဘူး။ ဘာဖြစ် လို့လည်း ဆိုတော့ ဒီထက်ပိုပြီး လွှတ်ရမယ်လေ။ ကျမတို့မှာ လုပ်စရာ အများကြီး ကျန်နေသေးတယ်။ ပန်းတိုင်ရောက်အောင် ဆက်လျှောက်ရမယ်။"


ဒီအစိုးရသစ် လက်ထက်မှာ ထောင်တွင်း အခြေအနေက ဘယ်လို ရှိလဲ။

“အရင်အစိုးရလက်ထက်က အတိုင်းပါပဲ။ ဘာမှ မကွာပါဘူး။ အရင်အတိုင်းပါပဲ။ ဒါပေမယ့် ဒီမနက် သူတို့ ညွှန်မှူး ပြောတာက တော့ သူတို့မှာ တဖြည်းဖြည်း ပြောင်းလဲဖို့တော့ ပြောနေတာပဲ။”


မော်လမြိုင်ထောင်ထဲမှာ အမျိုးသမီးနိုင်ငံရေးအကျဉ်းသား ဘယ်နှစ်ယောက် ကျန်သေးလဲ။

“အထဲမှာက တရားမဝင်ဆက်သွယ်မှု ၁၇/၁ နဲ့ အမျိုးသမီး နှစ်ယောက်ကျန်ခဲ့ပါတယ်။ ၁၈ နှစ်ကျတဲ့ မမိုးမိုးခိုင်၊ သူ့အမျိုးသားက ABSDF က ဗဟိုကော်မတီဝင် ဦးသိန်းဆန်းလို့ ပြောတယ်။ ဒေါ်ကြည်ဝင်းက ၁၄ နှစ်ကျတယ်။ သူ့အမျိုးသားလည်း ၁၇/၁ ပဲကျ နေတယ်။ သူတို့က DKBA လား KNU လားမသိဘူး။ သူတို့နဲ့ အဆက်အသွယ် ရှိတယ်လို့ ပြောတာပဲ။ သူတို့က အရမ်းသနားဖို့ ကောင်းတယ်။ စိတ်မကောင်းဖြစ်ပါတယ်။"

"မော်လမြိုင်က အသက်က ၅ဝ ပတ်ဝန်းကျင်ရှိတဲ့ ဒေါ်ကြည်ဝင်းက ကျန်းမာရေးမကောင်းဘူး။ အမျိုးသမီးရောဂါ ဖြစ်နေ တယ်။ သူ့အခြေအနေက ဆေးရုံကို တကယ်ထွက်ရမယ့် အခြေအနေမျိုးပါပဲ။ မနက်က ထွက်လာတဲ့အထိ မခေါ်ထုတ်သေးဘူး။ သားအိမ် ကင်ဆာပုံစံ ဖြစ်နေတယ်။ သူက တချိန်လုံး သွေးဆင်းနေတာ။ သူ့ကျန်းမာရေးကို အရမ်းစိုးရိမ်တယ်။ စာတင်ထားပေမယ့် အခုထိ မကျလာသေးဘူး။”

တခြား ပြောပြချင်တာ ရှိသေးလား။

“ပြောပြစရာတော့ အများကြီးပါပဲ။ အကုန်လုံးကို လွတ်စေချင်တယ်။ မလွတ်သေးတဲ့ သူတို့အတွက် ကျမတို့ လွတ်လာတာ အား တခုအနေနဲ့ ရှိစေချင်တယ်။ ကျမတို့ လွတ်တဲ့အတွက် သူတို့လွတ်ဖို့ အားရှိသွားတဲ့ပုံစံ ဖြစ်စေချင် တယ်။ ကျမက ဗကသ အနေနဲ့ ရှေ့ဆက် လုပ်သွားမှာပါ။”

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့