Tuesday, October 11, 2011

တရုတ်သင်္ဘောသားများ သတ်မှု နော်ခမ်းအဖွဲ့ ပတ်သက်နေဟုဆို

ကိုဝိုင်း
အောက်တိုဘာလ ၁၀ ရက် ၂၀၁၁ ခုနှစ်

ရွှေတြိဂံနယ်မြေ မဲခေါင်မြစ်အတွင်း တွေ့ရသော တရုတ် သင်္ဘောသား ၁၃ ဦး၏ အလောင်း များကို သတ်ဖြတ်သူများတွင် ရှမ်း လူမျိုး နော်ခမ်းဦးစီးသော ဂိုဏ်းအဖွဲ့သည် နောက်ကွယ်မှ ပါဝင် ပတ်သက်နေနိုင် ကြောင်း ထိုင်းစစ်တပ်က ပြောကြား သည်ဟု ဘန်ကောက်စ်ပို့ သတင်းစာတွင် ဖော်ပြပါရှိသည်။

တရုတ်အလံတင် သင်္ဘောနှစ်စီးကို ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင် ချင်းဆန်မြို့နယ် မြောက်ဘက် ၁၂ မိုင် ခွဲခန့်အကွာတွင် ပြန်ပေး ဆွဲခဲ့သည်ဟု ပါမောင်း အထူးတပ်ဖွဲ့၏ တပ်မှူး ဗိုလ်မှူးချုပ် ပရာခန် ချွန်လာယွတ် Prakarn Chonlayuth ၏ ပြောကြားချက်ကို ဘန်ကောက်စ်ပို့စ်က ကိုးကားထားခြင်းဖြစ်သည်။

“အဲဒီဂိုဏ်းက မြစ်ပေါ်မှာ သွားလာနေတဲ့ သင်္ဘောတွေကို ပြန်ပေးဆွဲလေ့ရှိပြီး ဆက်ကြေးတောင်းတယ်။ မပေးရင် သင်္ဘောသား တွေကိုသတ်ပြီး မြန်မာနိုင်ငံက မူးယစ်ဆေးတွေကို ထိုင်းနိုင်ငံထဲ သွင်းဖို့ လှေကိုယူကြတယ်” ဟု ပါရှိသည်။

ဆင်ဝှာသတင်းတရပ်တွင် သေဆုံးသူ တရုတ်အမျိုးသား ၁၃ ဦးပါရှိသည်ဟု ဆိုသည်။ အလောင်းအများစုမှာ လက်ထိပ်ခတ်ခံ ထားရ၊ ကြိုးတုတ်ခံထားရသည်။ သေဆုံးသူများမှာ ‘Hua Ping’ နှင့် ‘Yu Xing 8 Hao’ အမည်ရှိ တရုတ်သင်္ဘော နှစ်စီးမှ ဖြစ် သည်ဟု ယူဆနေကြသည်။

Hua Ping ပေါ်မှ စိတ်ကြွဆေး ၅၂ဝ,ဝဝဝ ပြားနှင့် Yu Xing 8 Hao မှ ၄ဝဝ,ဝဝဝ ပြား မိခဲ့ခြင်းဖြစ် သည်ဟု တနင်္လာနေ့ ထိုင်း နိုင်ငံထုတ် သတင်းစာက ဖော်ပြသည်။ ဖမ်းမိသည့် မူးယစ်ဆေးဝါး တန်ဖိုးမှာ ဘတ်ငွေသန်း ၁ဝဝ ခန့်ရှိသည်ဟု ခန့်မှန်းထားသည်။

အောက်တိုဘာ ၅ ရက်က ပါမောင်း အထူးတပ်ဖွဲ့က ချင်းရိုင်းခရိုင် ချင်းဆန်မြို့နယ် မဲခေါင်မြစ်ပေါ်တွင် သင်္ဘော နှစ်စင်းအား ရပ်တန့်စေရာမှ အပြန်အလှန် ပစ်ခတ်ကြပြီး Yu Xing 8 Hao ပေါ်မှ မူးယစ်ဂိုဏ်းသားတဦး သေဆုံး ကာ ကျန်သူများ လွတ် မြောက်သွားကြောင်းသာ သတင်းကဖော်ပြပြီး အသေးစိတ် မပါရှိပေ။ တရုတ်သင်္ဘောသား ၁၃ ဦး၏ အလောင်းများကို ဆေးစစ် ချက်ရယူရန် ချင်းဆန်မြို့နယ် ဆေးရုံတွင် ထားရှိကြောင်း သိရသည်။

ရှမ်းပြည်နယ်တွင်း သတင်းများကို ဖော်ပြနေပြီး မူးယစ်ဆေးဝါးဆိုင်ရာ အစီရင်ခံစာများ ထုတ်နေသည့် သျှမ်းသံတော်ဆင့် သတင်း ဌာန အယ်ဒီတာချုပ် ဦးခွန်ဆိုင်းကလည်း ၂ဝဝ၇ ခုမှစ၍ ရွှေတြိဂံ မဲခေါင်မြစ်အတွင်း သင်္ဘောများကို ဆက်ကြေး ကောက် နေသည့် အင်အား ၁၅ဝ ခန့်ရှိ နော်ခမ်း အဖွဲ့သည် ယခု တရုတ်သင်္ဘောသား များကို သတ်ဖြတ်မှုတွင်လည်း ပါဝင် သည်ဟု ယူဆသည်။

သို့သော် ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်၊ မိုင်းယောင်းခရိုင်များကို စိုးမိုးနိုင်ရန် ယခင်က ခွန်ဆာ၊ ဝ’ UWSA၊ နှင့် ရှမ်းပြည် တောင်ပိုင်းတပ်မတော် SSA-S တို့ ကြိုးစားဖူးပေမယ့် မအောင်မြင်ခဲ့ဘဲ စိုင်းနော်ခမ်းမှာမူ ဤနယ်မြေ အတွင်း လှုပ်ရှားနေနိုင် သည် ကို ဦးခွန်ဆိုင်းက သံသယ ရှိနေသည်။

“သူတို့လောက် အင်အားမရှိတဲ့ စိုင်းနော်ခမ်းကျတော့ အဲဒီမှာပဲ ဆက်နေနေတယ် ဘယ်သူ့မှ သူ့ကို အထောက်အပံ့ မပေးဘဲနဲ့ နေနိုင်ပါ့မလား။ လက်နက်ကတော့ ဒီတဝိုက်မှာ ရှိတဲ့ ထိုင်းတို့ တရုတ်တို့ပေါ့။ အပြင်ကလာတာတော့ မကြားပါဘူး။ မူးယစ် ဆေးဝါးရှိပြီဆိုရင် ဒါတွေလည်းလာရမှာပေါ့” ဟု သူကပြောသည်။

ယခု လားဟူနှင့် ရှမ်းပြည်သူ့စစ်များ စိုးမိုးနေသည့် တာချီလိတ်နှင့် မိုင်းယောင်းခရိုင်၊ မိုင်းဖုံဒေသ အတွင်း၌ မူးယစ်ဆေး ထုတ်လုပ် ခွင့်ရနေကြောင်း ရှမ်းတောင် SSA-S ပြောခွင့်ရ ဗိုလ်မှူး စိုင်းလောဝ်ဆိုင်းက ပြောသည်။

“ရွှေတြိဂံ မဲခေါင်မြစ်တဝိုက်မှာ အခွန်ကောက်စားနေတယ်ကြားတယ်။ အရင်က ဦးခွန်ဆာအဖွဲ့ဝင် ဖြစ်ဖူးတယ် ကြားတယ်။ ကျနော် တို့ အဲဒီဒေသမှာ ဝင်တိုးလို့မရပါဘူး။ နယ်မြေခံတပ်တွေ လွှမ်းမိုး နိုင်တဲ့ဒေသဖြစ်ပါတယ်။ ထိုင်း၊ လာအိုပေါ့။ မြစ်ထဲ မှာကျတော့ စိုင်းနော်ခမ်းက သုံးနိုင်ငံလုံးကို ကူးသွားကူးလာလုပ်လို့ရတဲ့ အနေအထားမျိုး။ နယ်မြေခံတွေက သူ့ဘက် ပါနေသလို ဖြစ်တယ်” ဟု ဆက်ပြောသည်။

တရုတ်သင်္ဘောများကို ရွှေတြိဂံနယ်မြေ မြောက်ဘက် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ အရှေ့ဘက် ၁၅ မိုင်ကျော်ရှိ ဝမ်ပုံမြို့နယ်၊ ပါစာကျေးရွာအုပ်စု ဆန်ဖူးကျေးရွာနှင့် တဘက်ကမ်း လာအိုနိုင်ငံ ‘လောကျွန်း’ မြစ်ကျဉ်း နေရာတွင် စိုင်းနော်ခမ်း အဖွဲ့က ဆက်ကြေးတောင်းလေ့ရှိသည်ဟု တာချီလိတ်မြို့ခံ ဝန်ထမ်းဟောင်း တဦးက
ပြောသည်။

“မပေးတဲ့ သင်္ဘောကို ပစ်တယ်၊ သူ့လူတွေက ပါစာမှာလည်း ရှိတယ်။ ဝမ်ပုံမှာလည်း ရှိတယ်။ အလုပ်လုပ်ပြီဆိုမှ အလျှိုလျှို သေနတ်ကိုင်ပြီး ထွက်ကြတာတွေ” ဟု သူကဆိုသည်။

မူးယစ်ဆေးဝါးဖြင့် နာမည်ကြီးသည့် ခွန်ဆာ MTA အဖွဲ့တွင် အုပ်ချုပ်ရေးအရာရှိတဦး ဖြစ်ခဲ့ဖူးသူ စိုင်းနောင်ခမ်းသည် ခွန်ဆာ လက်နက်ချသွားသည့် ၁၉၉၆ ခုနောက်ပိုင်း ၂ဝဝ၄ ခုမှ ၂ဝဝ၆ အထိ တာချီလိတ်မြို့တွင် နေထိုင်ပြီး မြန်မာ စစ်တပ် အရာရှိ ကြီးများနှင့် ဂေါ့ ရိုက်ဖက်ဖြစ်သည်ဟု ဆိုသည်။ ၂ဝဝ၆ ခုတွင် လက်နက်နှင့် စိတ်ကြွဆေးပြား သန်းနှင့်ချီ တွေ့ပြီးနောက် တာချီလိတ် တွင် မနေတော့သော်လည်း ဆန်ဆိုင်းရပ်ကွက်ရှိ ယောက်ဖနှင့် အမအိမ်သို့ ရုပ်ဖျက်၍ မကြာခဏ လာလည်သည်ဟု ဆိုသည်။

“နောက်ဆုံး သတင်းရတော့ သူနေတဲ့ ခြံကို သွားတော့ ငါးကန်တွေ လက်နက်တွေ မူးယစ်ဆေးဝါးတွေ မိတာ” ဟု တာချီလိတ်မြို့ ခံကပြောသည်။ ဗိုလ်မှူးကြီးမြင့်ဟန်သည် အရပ်ဘက်သို့ ပြောင်းသွားပြီး ဗိုလ်မှူးကြီးခင်မောင်စိုးက အစားထိုးဝင်ရောက် လာသည် ဟု ဆိုသည်။

ထိုင်းသတင်းများတွင် သင်္ဘောနှစ်စင်းဖြင့် သယ်လာသော မူးယစ်ဆေးများကို ရွှေတြိဂံ မြန်မာ ဘက်ခြမ်းရှိ တရုတ်နိုင်ငံသားပိုင် ကာစီနို ဟိုတယ်တခုမှ သယ်ဆောင်လာဟန် ရေးသားထားသော်လည်း တရုတ်ပိုင် ကာစီနိုဟိုတယ်မှာ လာအိုနိုင်ငံ ဘက်ခြမ်းတွင် သာရှိသည်ဟု ဦးခွန်ဆိုင်း နှင့် တာချီလိတ်မြို့ခံက ပြောသည်။

တာချီလိတ်မြို့တွင် ထိုင်းပိုင် Allure၊ ရီဂျင်းနားနှင့် ဝ’ ပိုင် မဲခေါင် (ကိုးထပ်ဟိုတယ်) တို့ရှိပြီး ရွှေတြိဂံ မြန်မာဘက်တွင် ထိုင်းပိုင် Goldern Trigle Paradise Resort တို့သာရှိပြီး လာအိုဘက်တွင် တရုတ်နိုင်ငံသားပိုင်သည့် King Romance Hotel ရှိကြောင်း ဦးခွန်ဆိုင်းက ပြောသည်။ ယင်း ကာစီနိုဟိုတယ်အားလုံးသည် မူးယစ်ဆေးဝါး လုပ်ငန်းနှင့် ဆက်စပ်နေသည်ဟု ဆိုသည်။

မြန်မာအစိုးရကမူ မူးယစ်ဆေးတိုက်ဖျက်ရေးကို ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ၂ဝ၁၁ ဇန်နာဝါရီမှ ဇွန်လအထိ ၆ လအတွင်း ဘိန်း၊ ဘိန်းဖြူ၊ စိတ်ကြွဆေးပြား ဖမ်းဆီးရမှု ၁,၆ဝဝ ကျော်အတွက် ပြစ်မှုကျူးလွန်သူ ၂,ဝဝဝ ကျော်ကို အရေးယူခဲ့ သည်ဟု ထုတ်ပြန်ထားသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့