Thursday, October 13, 2011

နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး မပြောတော့

ကိုဝိုင်း
အောက်တိုဘာလ ၁၂ ရက် ၂၀၁၁ ခုနှစ်

အာဏာရ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး- ၁ ဦးအောင်သောင်း ဦးဆောင်သည့် ငြိမ်းချမ်းရေးအဖွဲ့နှင့် ရှမ်းပြည်နယ် အထူး ဒေသ- ၄ မိုင်းလားအဖွဲ့တို့ အောက်တိုဘာ ၉ ရက်နေ့တွင် ထပ်မံဆွေးနွေးရာ နယ်ခြားစောင့်တပ် ပြောင်းရေး မပါတော့သလို မိုင်းလားအဖွဲ့ အနေဖြင့် ပြည်တွင်း ဆက်ဆံရေးရုံများ ပြန်လည် ဖွင့်ခွင့်ရသွားပြီ ဖြစ်သည်။

နှစ်နှစ်ခန့် ပိတ်ထားသည့် နှစ်ဘက်ဆက်ဆံရေးရုံများ ဖွင့်ခွင့်နှင့် ဝန်ထမ်းများ ပြန်တာဝန်ပေးစေလွှတ်ရေး၊ အထူးဒေသ ၄ တွင် “ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ လမ်းပမ်းဆက်သွယ်မှု ကောင်းမွန်ရေး၊ မူးယစ်ဆေးပပျောက်ရေး ကိစ္စများအပေါ် ပူးပေါင်း ဆောင်ရွက်ရေး သဘောတူ လက်မှတ်ရေးထိုးသည်” ဟု နိုင်ငံပိုင် မြန်မာ့အလင်းသတင်းစာက အင်္ဂါနေ့တွင် ဖော်ပြသည်။

ကျိုင်းတုံမြို့ တြိဂံတိုင်း စစ်ဌာနချုပ်တွင် တွေ့ဆုံရာ အစိုးရကိုယ်စားလှယ်အဖွဲ့ကို ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး အဖွဲ့မှ တောင်သာမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်း ခေါင်းဆောင်ပြီး မိုင်းလားအဖွဲ့ကို ဒုဥက္ကဋ္ဌ ဦးစံပေ့က ခေါင်းဆောင်သည်ဟု သတင်းစာကရေးသည်။

နှစ်ဘက်ကိုယ်စားလှယ် ၁ဝ ဦးစီ ပါဝင်ပြီး အစိုးရဘက်က တိုင်းရင်းသားရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဇော်၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် စိုင်းအောင်မြတ်၊ ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ဝန်ကြီး ဗိုလ်မှူးကြီး အောင်သူ၊ ပြည်နယ်ဥပဒေချုပ် ဦးမောင်မောင်တို့လည်း ပါဝင်ကြောင်း မိုင်းလားအဖွဲ့နှင့် နီးစပ်သူ တရုတ်- မြန်မာ နယ်စပ် အခြေ စိုက် ဦးအောင်ကျော်ဇောက ပြောသည်။

အစိုးရက ၂ဝဝ၉ ခုနှစ်ကစ၍ တောင်းဆိုနေခဲ့သော မိုင်းလားတပ်များကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် အစီအစဉ် ကိုမူ ထည့်သွင်းဆွေးနွေးခြင်း လုံးဝမရှိတော့ဟု ဆိုသည်။

စက်တင်ဘာ ၇ ရက်တွင် ပဏာမ တွေ့ဆုံမှုလုပ်ရာတွင် ဦးအောင်သောင်းနှင့် ဦးသိန်းဇော်တို့လည်းပါဝင်ပြီး အပစ်ရပ် ထားရေး နှင့် ဖွံ့ဖြိုးရေးကိစ္စများကို ကျိုင်းတုံတွင် ဆွေးနွေးခဲ့သေးသည်။ ထိုဆွေးနွေးမှုကို ပြည်နယ်အဆင့်ဟု သတ်မှတ်ခဲ့သည်။

ပထမအကြိမ် ၁ဝ နှစ်ကြာ အပစ်ခတ်ရပ်စဲစဉ်ကာလတွင်း မိုင်းလားဌာနချုပ်တွင် နိုင်ငံ့ဝန်ထမ်း စိုက်ပျိုးမွေးမြူရေး၊ ဆရာဝန်၊ ကျောင်းဆရာ စုစုပေါင်း ၁ဝဝ ကျော်ရှိခဲ့သည်။ သို့သော် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကြောင့် ၂ဝဝ၉ ခုနှစ်တွင် အပစ် ခတ်ရပ်စဲမှု ပျက်သွားပြီး ဝန်ထမ်းများကို ထိုစဉ်က စစ်အစိုးရမှ ပြန်လည်ခေါ်ထုတ်သွားခဲ့သည်။

ရှမ်း၊ ပလောင်၊ အခါ လူမျိုးများဖြင့် စုဖွဲ့ထားသော ခန့်မှန်း အင်အား ၃,ဝဝဝ ကျော်ရှိသည့် အမျိုးသားဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA-ESS) ကို မိုင်းလား အထူးဒေသ ၄ ဟုသတ်မှတ်ခဲ့သည်။ ထိုအဖွဲ့သည် ရှမ်းပြည်နယ် အရှေ့မြောက် ကျိုင်းတုံ ခရိုင်၊ မိုင်းယောင်း၊ မိုင်းဖြတ်မြို့နယ်မှ လာအိုနှင့် တရုတ်နိုင်ငံနယ်စပ် မဲခေါင်မြစ်ဘေးအထိ လှုပ်ရှားနေသည်။

သဘောတူညီချက်နောက်တခုမှာ ယခင် အပစ်ရပ်သည့် ကာလက သတ်မှတ်ထားသည့် နယ်မြေများအတိုင်း ဆက်လက်ထားရှိပြီး တပ်များဖြတ်သန်းဖြတ်လာ ကြိုတင်အသိပေးကြရန်ဖြစ်သည်။

အင်္ဂါနေ့ မြန်မာ့အလင်းတွင် အစိုးရကိုယ်စားလှယ်နှင့် မိုင်းလားအထူးဒေသ ၄ ကိုယ်စားလှယ်တို့ ဒုတိယအကြိမ် တွေ့ဆုံရာတွင် “ပြည်ထောင်စုမှ ခွဲထွက်ခြင်း၊ နိုင်ငံတော်ကိုဆန့်ကျင်ခြင်း” တို့ မပြုလုပ်ကြောင်းလည်း ဆွေးနွေး သည်ဟု ဖော်ပြသည်။

အပစ်ခတ်ရပ်စဲမှု ပြန်လည်ရယူနိုင်သော နောက်ထပ်အဖွဲ့အစည်းတခုမှာ ဝ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ဖြစ်သည်။ ဦးအောင်သောင်း၊ ဦးသိန်းဇော် ခေါင်းဆောင်သော အဖွဲ့နှင့် ဝ ခေါင်းဆောင်များ နှစ်ကြိမ်
ဆွေးနွေးပြီး ဖြစ်သည်။

၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတွင် စစ်တပ်တခုတည်းရှိရမည်ဟူသောမူကို လက်ကိုင်ထားရာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အတွက် လက်နက်စွဲကိုင် တော်လှန်ခဲ့သော တိုင်းရင်းသားအဖွဲ့များ၏ တပ်များကို ကာကွယ်ရေး ဦးစီးချုပ်၏ ကွပ်ကဲမှုထံ သွတ် သွင်း မည့် နယ်ခြားစောင့်တပ် သို့မဟုတ် ပြည်သူ့စစ်အဖြစ် ပြောင်းလဲရေးလုပ်လာခဲ့ရာ မအောင်မြင်ဘဲ နယ်စပ်ဒေသအချို့တွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပေါ်ခဲ့သည်။

အပစ်ရပ်စဲရေးပျက်သွားပြီး ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)၊ ရှမ်းပြည်တပ်မတော်-မြောက်ပိုင်း (SSA-N)၊ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားအစည်းအရုံး (DKBA) နှင့် တိုက်ပွဲများဖြစ်နေသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့