Tuesday, October 11, 2011

နိုင်ငံရေးအကျဉ်းသား လွှတ်တော့မည်ဟု အမတ်များ မျှော်လင့်

ထွန်းထွန်း
အောက်တိုဘာလ ၁၀ ရက် ၂၀၁၁ ခုနှစ်

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက မကြာခင်ရက်ပိုင်းအတွင်း အကျဉ်းသား လွှတ်ပေးရန် အကောင်အထည် ပေါ်မည်ဟု ပြောကြားခဲ့ပြီးနောက်ပိုင်း အောက်တိုဘာလ အတွင်း နိုင်ငံရေး အကျဉ်းသားများ လွတ်လာလိမ့်မည်ဟု လွှတ်တော်အမတ်များက မျှော်လင့်နေကြသည်။

ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက နော်ဝေနိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး မစ္စတာ Espen Berth Eide ၏ မြန်မာပြည် ခရီးစဉ်အတွင်း အကျဉ်းသားများ လွှတ်ပေးရေးနှင့် ပတ်သက်၍ “မကြာမီ ရက်ပိုင်း အတွင်းမှာ အကောင်အထည်ပေါ်လာ လိမ့် မယ်။ ရက်ပိုင်းအတွင်းပေါ့နော်” ဟု ပြောကြားခဲ့မှုကို ကိုးကား၍ နော်ဝေ အခြေစိုက် NRK ရုပ်သံသတင်းဌာန ထုတ်လွှင့်ခဲ့သည်။


“လွှတ်တော်ဥက္ကဋ္ဌက အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီဝင်လေ။... ဒါကြောင့် လွှတ်တော်ဥက္ကဋ္ဌရဲ့ ပြောကြားချက် ဟာ ၁ဝဝ ရာနှုန်း အဖြေထွက် နေပြီပဲ” ဟု ပြည်သူ့လွှတ်တော် အမတ် ဦးသိန်းညွန့်က မဇ္ဈိမကိုပြောသည်။

ဦးသိန်းညွန့်မှာ “ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူများ လွတ်ငြိမ်းချမ်းသာခွင့်”ပေးရန် သြဂုတ်လ ၂၅ ရက်နေ့က လွှတ်တော် တွင်း အဆိုတင်သွင်းခဲ့သူ ဖြစ်သည်။

အထွေထွေလွတ်ငြိမ်းချမ်းသာခွင်ကို အောက်တိုဘာလ ၁၁၊ ၁၂ ရက် (သီတင်းကျွတ်လပြည့်နေ့) တွင် ထုတ်ပြန်နိုင်ဖွယ် ရှိသည် ဟု မျှော်လင့်သူများလည်း ရှိသည်။

အမျိုးသား လွှတ်တော်အမတ် ဒေါက်တာမြတ်ဉာဏစိုးကလည်း “ဦးရွှေမန်းက Very Soon လို့ ပြောလိုက်တာလေ။ အဲဒီအတွက် ကြောင့်မို့လို့ ကျနော်တို့ လွှတ်တော် အစည်းအဝေးတွေ မပြီးခင်မှာတောင်မှ ဒီ အထွေထွေ လွတ်ငြိမ်း ချမ်းသာခွင့်က ထွက်လာ လိမ့်မယ်လို့ ကျနော်တို့က မျှော်လင့်ယူဆပါတယ်”ဟု ဆိုသည်။

ဒုတိယအကြိမ် လွှတ်တော်နှစ်ရပ်လုံး၏ အစည်းအဝေးများကို ခေတ္တရပ်နားထားပြီး အောက်တိုဘာ ၁၇ ရက်နေ့တွင် ပြန်စမှာဖြစ် သည်။ အောက်တိုဘာ ၂၈ ရက်နေ့တွင် အဆုံးသတ်နိုင်လိမ့်မည်ဟု အမတ်အများစုက ခန်မှန်းထားရာ ထိုနေ့မတိုင်မီတွင် အကျဉ်း သားများ ပြန်လွှတ်ပေးလိမ့်မည်ဟုလည်း အမတ်များက တွက်ဆထားကြသည်။

သမ္မတသစ်တက်လာစဉ်ကလည်း အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ပေးမည်ဟု အများက မျှော်လင့်ခဲ့သော်လည်း မေလ ၁၆ ရက် နေ့တွင် သမ္မတအမိန့်ဖြင့် ထောင်ဒဏ်တနှစ်စီသာ လျော့ပေါ့ပေးခဲ့သည်။ ယင်းလျော့ပေါ့မှုကြောင့် နိုင်ငံတဝှမ်း အကျဉ်းသား ၂ဝဝဝဝ ခန့် လွတ်မြောက်လာသော်လည်း နိုင်ငံရေး အကျဉ်းသား အနည်းစုသာ ပါဝင် ခဲ့သည်။

လက်ရှိတွင် မြန်မာနိုင်ငံတဝန်း အကျဉ်းထောင်ပေါင်း ၄၂ ခုနှင့် ရဲဘက်စခန်း ၁ဝ၉ ခုတွင် နိုင်ငံရေး အကျဉ်းသား ပေါင်း ၁၉၉၈ ဦးအထိရှိနေပြီး ပြန်လည် စိစစ်ဆဲဖြစ်သည်ဟု ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း - AAPP B စာရင်းများအရ သိရသည်။

“အခုပြောနေတာကတော့ ၁၁ ရက်နေ့ရယ်၊ ၂၄ ရက်နေ့ရယ်။ အဲဒီလိုမျိုး နှစ်ရက် ပြောတယ်။ နှစ်သုတ်လောက် လွှတ်မယ်တဲ့။ နှစ်ကြီးသမားတွေပါဖို့ များတယ်” ဟု နိုင်ငံရေး အကျဉ်းသားများအား ကူညီစောင့်ရှောက်ပေး နေသည့် ဒေါ်ရှုကလည်း ဆိုသည်။

စက်တင်ဘာလ ၂၈ ရက်နေ့ကလည်း ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ တက်ရောက်နေသည့် နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏ မောင်လွင်က မကြာခင် အကျဉ်းသားများ လွတ်ပေးရန် ရှိသည်ဟု ပြောကြားခဲ့သေးသည်။

အကျဉ်းသားများ ပြန်လွတ်မည်ဟူ၍ သတင်းများထွက်ပေါ်နေသည့်အတွက် ဝမ်းသာမိသော်လည်း တကယ် လွတ်လာမှသာလျှင် ယုံကြည်နိုင်မည်ဟု နိုင်ငံရေးအကျဉ်းသားမိသားစုဝင်များက ဆိုသည်။

“ ဘာမှတော့ မပြင်ဆင်ထားသေးဘူး လွတ်တယ်ဆိုမှပဲ သူတို့အတွက် ကုတင်တွေဘာတွေ ခင်းပေး တော့မယ်။ နောက်မို့ဆို မောတယ်” ဟု မြင်းခြံထောင်တွင် အကျဉ်းကျနေသည့် မသက်သက်အောင်၏ မိခင် ဖြစ်သူ ဒေါ်စုစုကြည်က မဇ္ဈိမကို ပြောသည်။

ယခုထုတ်ပြန်နိုင်သည့် လွတ်ငြိမ်းချမ်းသာခွင့်တွင် နှစ်ကြီးနိုင်ငံရေးအကျဉ်းသားများ ပါဝင်နိုင်ဖွယ်မရှိဘဲ ၁၅ နှစ်အထိ အကျဉ်း သား များသာ ပါဝင်နိုင်ဖွယ်ရှိသည်ဟု ဘားအံထောင်တွင် အကျဉ်းကျနေသည့် ဗကသ ကျောင်းသား ခေါင်းဆောင် ဒီငြိမ်းလင်း၏ မိသားစုဝင် တဦးက ဆိုသည်။

“သြော် လွတ်စေခြင်းတာ့ပေါ့။ သိပ်တော့ မထင်ဘူးလေ။ သားကြီးကိုယ်တိုင်က မျှော်လင့်မထားလို့ပါ။ သူ့မေမေကို သူအမြဲပြော နေတဲ့ စကားပဲ။ မေမေနော်တဲ့ ထောင်တွေ လွတ်တယ်လို့ ကြားရင် သားမပါလို့ စိတ်မကောင်းမဖြစ်နဲ့တဲ့။ သူက အရမ်းဘဲ ခံယူ ချက်ပြင်းတယ်လေ”ဟု ပြောသည်။

ဗန်းမော် ထောင်တွင် ထောင်ဒဏ် ၂၈ နှစ်ကျခံနေရသူ ဒေါက်တာဝင့်သူ၏ဇနီး ဒေါက်တာ ဒေါ်အိအိခင်ကလည်း ခင်ပွန်းသည် လွတ်ရက်ကို မျှော်နေကြောင်းဆိုသည်။

"မျှော်တာတော့ တောက်လျှောက်မျှော်နေတယ်။ သတင်းတွေကလည်း ကြားနေတာ အဲဒီလိုပဲ။ ဒီအချိန်ထိ ဘာမှမထူးသေးဘူး။ လွှတ်ပေးမယ်ဆိုရင် ကြိုပြီးအကြောင်းကြားမယ် မထင်ဘူး။ ကျမတို့လူက လွတ်လာတော့မှ သူ့ဘာသာ အိမ်ကို ဆက်သွယ်တော့ မှ သိရမယ်ထင်တာပဲ။” ဟု မဇ္ဈိမကို ပြောသည်။

ပူတာအိုထောင်တွင် ထောင်ဒဏ် ၈ နှစ် ကျခံနေရသူ NLD ပါတီဝင် ဒေါ်ဝင်းမြမြ၏ အကို ဦးဘစိုး ကလည်း နိုင်ငံရေး အကျဉ်း သားများ လွှတ်ပေးရေးနှင့်ပတ်သက်၍ ထူးခြားမှု မရှိသေးဟု ဆိုပြန်သည်။

"မြို့ထဲမှာလည်း အမျိုးမျိုးပြောနေကြတာပဲ။ တလ တခေါက် ထောင်ဝင်စာ ပုံမှန်သွားတာ ၃၁ ခေါက်ရှိပါပြီ။ မြို့ထဲမှာလည်း ထောင်ထဲမှာလဲ ဘာမှအခြေအနေမှ မထူးသေးဘူး။ အန်တီကလည်း ဘာမှ အထွေအထူး မမှာပါဘူး။ သူလည်းနေကောင်း ပါ တယ်။" ဟုမဇ္ဈိမကို ပြောသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့