Thursday, October 13, 2011

အလုပ်သမားဥပဒေ အတိုက်အခံများ ကြိုဆိုသော်လည်း လက်တွေ့လုပ်ဖို့လိုဟုဆို

မျိုးသန့်
အောက်တိုဘာလ ၁၂ ရက် ၂၀၁၁ ခုနှစ်

အာဏာပိုင်များသို့ ရက်သတ္တပတ်နှစ်ပတ် ကြိုတင်အကြောင်းကြားကာ သပိတ်မှောက်ခွင့် ပြုထားသော မြန်မာအစိုးရက ပြဋ္ဌာန်း လိုက်သည့် အလုပ်သမား အခွင့်အရေး ဥပဒေကို ပြည်ပအတိုက်အခံ မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် FTUB က ကြိုဆိုလိုက်ပြီး၊ ဥပဒေပါ အချက်အလက်များအတိုင်း လက်တွေ့ အကောင်အထည် နိုင်ရန်လိုကြောင်း အဖွဲ့၏ တွဲဘက်အ တွင်း ရေးမှူး ဒေါက်တာ ဇော်ဝင်းအောင်က ဗုဒ္ဓဟူးနေ့တွင်ပြောသည်။

"ကျနော်တို့ အနေနဲ့ကတော့ ဒီဥပဒေထုတ်ပြန်တာကို ကျနော်တို့ ကြိုဆိုတယ်။ အခု ဥပဒေတွေက အလုပ်သမားတွေ အတွက် အဆင်ပြေလိမ့်မယ်ဆိုတာ ကျနော်တို့ လက်ခံပါတယ်။ ကျနော်တို့ လိုချင်တာက ဒီဥပဒေအတိုင်း လက်တွေ့ အကောင်အထည် ဖေါ်ဖို့ လိုပါလိမ့်မယ်။ အလုပ်သမားသမဂ္ဂ ဖွဲ့ခွင့်ပေးတာဟာ တိုင်းပြည်တိုးတက်ပါတယ်။" ဟု အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ နေ ဒေါက်တာ ဇော်ဝင်းအောင်က မဇ္ဈိမကိုပြောသည်။

အင်္ဂါနေ့တွင် နိုင်ငံပိုင် သတင်းစာတစောင်ဖြစ်သော ကြေးမုံတွင် ထုတ်ပြန်လိုက်သည့် "အလုပ်သမားများ အဖွဲ့အစည်း ဥပဒေ" အတိုင်း အလုပ်သမားအဖွဲ့အစည်းများ ဖွဲ့စည်းနိုင်ပြီး အလုပ်သမားများအရေး ဆောင်ရွက်နိုင်ပါက တိုင်းပြည် တိုးတက်လာမည် ဖြစ်ကြောင်းလည်း သူကဆိုသည်။

အလုပ်သမားများအနေဖြင့် သပိတ်မှောက်လိုပါက သက်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်၏ ညွှန်ကြားချက်ဖြင့် သပိတ်မှောက် မည့်နေ့ရက်၊ နေရာ၊ ပါဝင်မည့်သူဦးရေ၊ သက်ဆိုင်ရာ အလုပ်ရှင်နှင့် ညှိနှိုင်းဖြန်ဖြေရေး အဖွဲ့တို့သို့ ၁၄ ရက်ကြိုတင် အကြောင်း ကြား ရမည်ဟု ပါရှိသည်။

အလုပ်သမားအဖွဲ့များအနေဖြင့် အလုပ်ရှင်၊ အလုပ်သမား ပဋိပက္ခအတွက် ဝင်ရောက်ဆွေးနွေးခွင့်ရှိသလို မတရား အလုပ်ထုတ်မှုအတွက် ကန့်ကွက်ခွင့်ကိုလည်း ခွင့်ပြုထားသည်။

ဥပဒေတွင် အလုပ်သမား အဖွဲ့များ ဖွဲ့စည်းခြင်းနှင့် ပတ်သက်၍ အခြေခံ အလုပ်သမားအဖွဲ့အစည်းတွင် အနည်းဆုံး အလုပ်သမား ဦးရေ ၃ဝ ဖြင့် ဖွဲ့စည်းနိုင်ပြီး သက်ဆိုင်ရာလုပ်ငန်းရှိ အလုပ်သမား ၁ဝ ရာခိုင်နှုန်းမှ ထောက်ခံရမည်ဟု ပါရှိသည်။ အခြေခံအဆင့်၊ မြို့နယ်အဆင့်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်၊ ဗဟိုအဆင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ဟူ၍ ခွဲခြား ထားသည်။

တားမြစ်ချက်များတွင်မူ အလုပ်ရှင်နှင့် အလုပ်သမား အငြင်းပွားမှုကို ဖြေရှင်းနေစဉ်အတွင်း ယင်းအငြင်းပွားမှုကို အကြောင်းပြု၍ အလုပ်ပိတ်ခြင်းမပြုရဟု ဖေါ်ပြထားသည်။ ယင်းအပြင် ဥပဒေနှင့် ဆန့်ကျင်သော အလုပ်ပိတ်ခြင်းကို ငြင်းဆန်သည့် အလုပ် သမား အား အလုပ်မှ ထုတ်ပစ်ခြင်းမပြုရ ဟုလည်း ပါရှိသည်။

အလုပ်သမားများသည် ဆေးရုံ၊ စာသင်ကျောင်း၊ သာသနိက အဆောက်အအုံ၊ လေဆိပ်၊ ဘူတာရုံ၊ ခရီးသည်တင် ယာဉ်ရပ်နား စခန်း၊ ဆိပ်ကမ်း သို့မဟုတ် သံတမန် အဖွဲ့အစည်းများ၊ တပ်မတော် သို့မဟုတ် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အဆောက်အအုံ တခုခုမှ ကိုက် ၅၀၀ အတွင်း ဆန္ဒပြခြင်း မပြုရဟု ကန့်သတ်ထားသည်။

ဥပဒေ၏ အားနည်းချက်များကို ဒေါက်တာ ဦးဇော်ဝင်းအောင်က ထောက်ပြရာတွင် အလုပ်သမား အဖွဲ့အစည်းများ၏ ပစ္စည်း ပိုင်ဆိုင်ခွင့်၊ အဆောက်အဦး ပိုင်ဆိုင်မှုနှင့် သတင်းဆက်သွယ်ခွင့်တို့ကို ကာကွယ်ပေးရန် ဥပဒေတွင် ပြဋ္ဌာန်း ထားခြင်း မရှိဟု ဆိုသည်။

ယင်းအပြင် ဥပဒေတွင် အလုပ်သမား အသင်းအဖွဲ့များ၏ ရန်ပုံငွေနှင့် ပတ်သက်၍ အသင်းသားများ၏ လစာငွေ၏ နှစ်ရာခိုင်နှုန်း ကို ကောက်ခံမည်ဟု ဖေါ်ပြထားသော်လည်း ထောက်ပံ့ငွေနှင့် လှူဒါန်းငွေများကို မည်သို့ ဆောင်ရွက် ရမည် ဟူသည့် အချက်ကို ပြဋ္ဌာန်းမထားခြင်းကြောင့် အားနည်းချက်တခုဟု ဒေါက်တာ ဦးဇော်ဝင်းအောင်က ဆိုသည်။

ဖွဲ့စည်းလိုက်သည့် အလုပ်သမား အဖွဲ့အစည်းများအနေဖြင့် အလုပ်သမားများ၏ အခွင့်အရေးများကို ကာကွယ်ပေးရန် လိုအပ်ပြီး လုပ်ခလစာများ တိုးမြှင့်ပေးနိုင်ရန် အားထုတ်မှုများလိုအပ်သည်ဟု ထိုင်းနိုင်ငံအခြေစိုက် အတိုက်အခံ အဖွဲ့ တခုဖြစ်သော မြန်မာ နိုင်ငံ အလုပ်သမား သွေးစည်းညီညွတ်ရေးအဖွဲ့ BLSO မှ ကိုသံဒုတ်က သတိပေးလိုက်သည်။

"အလုပ်သမားတွေကို ဘယ်လောက်ထိ ကာကွယ်ပေးနိုင်မလဲပေါ့၊ အလုပ်သမား ကာကွယ်ရေး ဥပဒေတွေ ပြဋ္ဌာန်းဖို့ လိုတယ်။ ဘယ်လောက်ထိ လွတ်လွတ်လပ်လပ် ဖွဲ့စည်းခွင့်ပေးနိုင်မလဲ အပေါ်မှာလည်း မူတည်တယ် အဲဒီတော့ ကျနော်တို့ နားလည် တာကတော့ ဒီတခုတည်းနဲ့ မရဘူး၊ ဒီတခုတည်းနဲ့ မပြည့်စုံသေးဘူးပေါ့" ဟု ကိုသံဒုတ်ကပြောသည်။

သြဂုတ်လ ၂ ရက်နေ့တွင် ဥပဒေကြမ်းအဖြစ် အလုပ်သမားဝန်ကြီး ဦးအောင်ကြည်မှ အဆိုပါဥပဒေကို လွှတ်တော်သို့ တင်သွင်း ခဲ့ပြီး လွှတ်တော်၏ သဘောတူညီချက်ဖြင့် ဥပဒေအဖြစ် အင်္ဂါနေ့တွင် ထွက်ရှိလာသည့် ဥပဒေတွင် အခန်း ၁၄ ခန်းပါဝင်ပြီး၊ အပိုဒ် ၅၈ ပိုဒ်ဖြင့် ဖွဲ့စည်းထားသည်။

ဥပဒေပါ ပြဋ္ဌန်းချက်များကို ကျူးလွန်ပါက ပြစ်ဒဏ်အဖြစ် ထောင်ဒဏ်တနှစ် သို့မဟုတ် ငွေဒဏ် ကျပ်တသိန်း၊ ဒဏ်နှစ်ရပ်လုံးကို ချမှတ်နိုင်သည်ဟု ဥပဒေက ပြဋ္ဌာန်းထားသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့