Thursday, October 13, 2011

သီတင်းကျွတ်မှာ ကန်တော့မယ်

ထွန်းထွန်း
အောက်တိုဘာလ ၁၂ ရက် ၂၀၁၁ ခုနှစ်

“ဟိုခေတ်တုန်းက ကန်တော့တယ်ဆိုတာက ကျနော်တို့ ငယ်ငယ်တုန်းက ငှက်ပျောတဖီးလောက်နဲ့ပဲ ကန်တော့တာပဲ များတာ”

ယခုကဲ့သို့ ပြောဆိုခဲ့သူမှာ အသက် ၉ဝ အရွယ်ရှိ ဝါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းဖြစ်သည်။

သီတင်းကျွတ်ကာလ ရောက်လာတိုင်း မိမိရိုသေလေးစားရသော လူကြီးသူမများကို ကန်တော့လေ့ရှိသည်မှာ မြန်မာ့ ထုံးတမ်း စဉ်လာ တရပ်ဖြစ်သည်။ သို့သော် မိမိတို့ ခေတ်တွင်မူ ငှက်ပျောသီးဖြင့်သာ ကန်တော့လေ့ရှိသည်ဟု သူက ဆိုသည်။

ယင်းသို့ ကန်တော့ရာတွင်လည်း တစုံတရာသော အကျိုးမျှော်ကိုးမှုမရှိဘဲ ကန်တော့ကြခြင်းသာဖြစ်ကာ ယနေ့ခေတ်နဲ့မူ ကွာဟမှု များရှိလာသည်ဟု သူက ရှုမြင်သည်။

“အခု ခေတ်စားလာတာက ဒီဘက်ခေတ်ကျမှ။ ကန်တော့တယ်ဆိုပြီးတော့ တော်ကြာ ဗူးထဲမှာ ငွေတသိန်း ပါလာလို့၊ နှစ်သိန်းပါ လာလို့။ ဗိုလ်ချုပ်ကတော် တယောက်ကို လာကန်တော့တဲ့သူက ပေးလိုက်တယ် ဘာတယ် ဆိုတဲ့ သတင်း တွေပေါ့ ဗျာ” ဟု သခင်ချန်ထွန်းက ဆိုသည်။

ယင်းနှင့် ရင်းနှီးသည့် ဗိုလ်ချုပ်တဦး၏ အိမ်သို့ တရုတ် ကန်ထရိုက်တာ လင်မယားမှ မုန့်ဗူး လက်ဆောင် ပေးရာတွင်
ငွေကျပ်နှစ်သိန်း ပါဝင်ခဲ့ဖူးသည်ဟုလည်း ပြန်ပြောပြသည်။

စာရေးဆရာမ သန်းမြင့်အောင် ရေးသားသည့် “အငွေ့ပျံခြင်နှင့် လက်ရွေးစင် ဝတ္ထုတိုစု” စာအုပ်ပါ “ကံကြမ္မာ၏ အရသာ” ဝတ္ထုတို တွင်လည်း တော်တော် အရာရောက်သည့် လူကြီးအိမ်မှ အစေခံတဦးက မုန့်ပုံးကို စတိုးဆိုင်သို့ လာသွင်းရာ ယင်းထဲမှ ငွေများ ပါလာသည်ဟု ရေးဖွဲ့ထားသည်။

ယင်းဝတ္ထုတိုမှာ တကယ့် အဖြစ်အပျက်အား အခြေခံ ရေးသားထားခြင်းဖြစ်ကာ ယင်းငွေကို လာရောက် ဝယ်ယူသူ တဦးက ရရှိ သွားခဲ့ကြောင်းဖြင့် ဇာတ်သိမ်းထားသည်။

ယင်းကဲ့သို့ ဖြစ်ရပ်များမှ သာမန်ပြည်သူများအကြား ရှိလေ့ရှိထ မရှိသည့်ကိစ္စရပ်များဟု စာရေးဆရာက ရှုမြင်ထားပြီး စီးပွားရေး လုပ်ငန်းရှင်များ၊ အစိုးရဌာနပိုင်းများတွင်သာ ဖြစ်ပေါ်တက်သည်ဟု သုံးသပ်သည်။

သီတင်းကျွတ်ကာလ ကန်တော့ပန်းပစ္စည်းများမှာ ယခင်က ဖယောင်းတိုင်၊ မုန့်၊ မျက်နှာသုတ်ပုဝါ၊ ယောဂီ ထမီကဲ့သို့သော ပူဇော်ခံပုဂ္ဂိုလ်များ အသုံးတည့်များ ပစ္စည်းများထက် သောင်း၊ သိန်းချီတန်ဖိုးရှိ လက်ဆောင် ခြင်းများမှာ တွင်ကျယ်လာခဲ့သည်။

အနည်းဆုံး တန်ဖိုး သုံးသောင်းမှ သိန်းချီတန်သည့် မုန့်ခြင်း၊ အရက်ပါ မုန့်ခြင်းများမှာ သီတင်းကျွတ်ကာလ တွင် ကန်တော့ခံ ပစ္စည်းအနေဖြင့် အရောင်းအဝယ်သွက်နေပြီး တနေ့လျှင် ခြင်း ၅ဝ ခန့် ရောင်းနေရသည်ဟုလည်း ယင်းပစ္စည်း အရောင်းဆိုင်များ ထံမှ သိရသည်။

“လာဝယ်တာက စီးပွားရေးလုပ်ငန်းရှင်တွေ၊ ကုမ္ဗဏီလုပ်ငန်းရှင်တွေ၊ အစိုးရပိုင်းကလူတွေလည်း ပါတယ်။ တချို့ ကလည်း ငါးသောင်း၊ ခြောက်သောင်း။ တချို့ကလည်း ခပ်ကြီးကြီးပေးမယ့် သူဆိုရင် Blue နှစ်သိန်းတန်၊ သုံးသိန်း တန် ပေးတယ်။ တချို့ကျတော့လည်း အရက်ပုလင်းကြီးပဲ ဈေးကြီးတာ ဝယ်ပေးလိုက်တယ်” ဟု ကန်တော့ရန် ပစ္စည်းလာဝယ်မှုနှင့် ပတ်သက်၍ အရောင်းဝန်ထမ်းတဦးက ရှင်းပြသည်။

ခြင်းများမှာ နှစ်မျိုးနှစ်စားရှိပြီး အလွတ်ခြင်းနှင့် အရက်ခြင်းတို့ ဖြစ်သည်။ အလွတ်ခြင်းတွင်မှာ အနည်းဆုံး သုံးသောင်း ကျပ် တန်ဖိုး ရှိကာ ကော်ဖီ၊ မုန့်ပုံး၊ အချိုရည်၊ အသီးဗူးများနှင့် တူနာငါး စသည့် ပစ္စည်းများ ပါဝင်ကာ မိမိထည့်လိုသည့် ပစ္စည်း အလိုက် ဈေးနှုန်း ကွာဟမှုရှိသည်။

အရက်ခြင်းမှာမူ ကျပ် တသိန်းခွဲဝန်းကျင်မှ စ၍ ဈေးပေါက်ပြီး Johnny Walker အရက်ပုလင်းများ ပါရှိသည်။

“အရက်ခြင်းက Blue အကြီးနဲ့ ဆိုလို့ရှိရင် နှစ်သိန်းဖိုး လုပ်ချင်လည်း ရတယ်။ သုံးသိန်းဖိုးလုပ်ချင်လည်း ရတယ်။ Blue တလုံး ကို ၁၅၅,ဝဝဝ။ တလီတာက။ သူက အရက်ချည်းပဲကို တသိန်းခွဲလေ။ မုန့်ကို သုံးသောင်းဖိုးဆိုရင် တသိန်းရှစ်သောင်းကျမယ်။ မုန့် ငါးသောင်းဖိုးဆိုရင် နှစ်သိန်းကျမယ်။ အဲဒီလိုမျိုးပေါ့။ ကိုယ်ထည့်ချင်တဲ့မုန့်ပေါ်ကို မူတည်တယ်” ဟု ယင်းအရောင်းဝန်ထမ်းက ရှင်းပြသည်။

မည်သို့ပင် ယင်းကဲ့သို့သော အဖိုးတန်ပစ္စည်းများ ကန်တော့ပန်း ပစ္စည်းအဖြစ် တွင်ကျယ်နေစေကာမူ ယင်းမှာ မြန်မာ့ ထုံးတမ်း ဓလေ့ စဉ်လာများကို စော်ကားရာရောက်သည်ဟု သခင်ချန်ထွန်းက ရှုမြင်သည်။ တန်ဖိုးကြီး ပစ္စည်း ကန်တော့ခြင်းထက် ရလို မှုတစုံတရာ မရှိသည့် ကန်တော့ခြင်းမျိုးသာ ဖြစ်သင့်သည်ဟု သူက ဆိုသည်။

သို့သော် ကန်တော့ခြင်းကို လက်ခံသည့် သူများ ရှိနေသည့်အတွက်လည်း ကန်တော့ခြင်း အခြေခံသည့် လာဘ်ပေး လာဘ်ယူမှု မှာ ပပျောက်ဦးမည်မဟုတ်ဟု သူက ရှုမြင်ထားသည်။

“စော်ကားတာပေါ့ အမှန်တော့။ သူ ကန်တော့တာက ကန်တော့ချင်လို့ ကန်တော့တာ မဟုတ်ဘူး။ သူ့အခွင့်အရေး ရဖို့အတွက်၊ သူ မျက်နှာသာရဖို့အတွကဆိုတဲ့ သဘောမျိုးနဲ့ ကန်တော့တာတွေပေါ့။ အဖိုးတန် ပစ္စည်းတွေနဲ့ ကန်တော့တာ။ ငွေတို့ဘာတို့ပါ ပါတာပေါ့လေ။ အမှန်က တနည်းအားဖြင့်တော့ သူတို့အတွက် ကန်တော့တယ်လို့ ဒီလိုပဲ တွက်တာပဲ” ဟု သူက ဆိုသည်။

သို့သော် ယင်းကဲ့သို့ အကျိုးမျှော်သည့် ကန်တော့ခြင်းများမှာ ခေတ်၏ ပြောင်းလဲမှုကြောင့်ဟု ထင်မြင်သူများ ရှိကာ စီးပွားရေး ကျပ်တည်းမှုများကြောင့်မဖြစ်မနေ လုပ်လာရခြင်းဟု ပြောဆိုသူများ ရှိသည်။

“ကျမတို့ ငယ်ငယ်တုန်းကဆိုလို့ရှိရင် ကျောင်းမှာပဲ အတတ်သင်တာလေ။ နောက်ပြီးတော့ ကျမတို့တွေ ရိုးရှင်းတဲ့စနစ်နဲ့ ကုန်ဈေး နှုန်းတွေ၊ စားရေးသောက် ရေး၊ နေရေးထိုင်ရေးနဲ့ ဒီလို ရိုးရိုးရှင်းရှင်းနဲ့ နောက် ကျောင်းဆရာမရတဲ့လစာက နည်းပင်နည်း ငြား သော်လည်း သိက္ခာကို ရိက္ခာနဲ့ မလဲတာပေါ့” ဟု ကျောင်းဆရာ၊ ဆရာမများနှင့် ဥပမာပေး၍ ဆရာမ သန်းမြင့်အောင်က ပြော သည်။

သူက ဆက်ပြီး “နောက်ပိုင်းကျတော့ ကုန်ဈေးနှုန်းတွေ မြင့်မားတာရယ်၊ နောက် ခေတ်အခြေအနေအရပေါ့။ ဒီဆရာ၊ ဆရာမတွေ ကလည်း သူ့သားသမီးတွေကို တခြားသူတွေစီမှာ အပ်နှံပြီးတော့ ပညာသင်ရတဲ့အခါမှာ သူတို့ ပေးရ ကမ်းရတာရယ်၊ အဲဒီလို သူတို့ ကိုယ်တိုင် ပေးရကမ်းရတဲ့အခါကျတော့ သူတို့လည်း ယူတတ်၊ တောင်းတတ် လာတဲ့ အနေအထားမျိုး ဖြစ်လာမှာပေါ့” ဟု ဆိုသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့