Friday, October 14, 2011

အကျဉ်းစံ ခေါင်းဆောင်အများစု မလွတ်မြောက်သေး

ရန်ပိုင်
October 12, 2011

နိုင်ငံရေး အကျဉ်းသား ၁၀၀ ကျော် ယနေ့ လွတ်မြောက် လာရာတွင် အဓိက အရေးပါသည့် ၈၈ မျိုးဆက် ကျောင်းသား ခေါင်း ဆောင်များ ပါဝင်ခြင်းမရှိသေးကြောင်း တွေ့ရသည်။

ယနေ့လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားများထဲတွင် မြစ်ကြီးနားထောင်၌ ထောင်ဒဏ် ၃၅ နှစ် ကျခံနေရသည့် လူရွှင် တော် ဇာဂနာ၊ စစ်တွေထောင်၌ ထောင်ဒဏ် ၁၀၅ နှစ် ကျခံနေရသည့် ရှမ်းပြည်တပ်မတော် (SSA- N) မှ ဗိုလ်ချုပ် ဆေထင်တို့ ပါဝင်သော်လည်း ထင်ရှားသော နိုင်ငံရေး ခေါင်းဆောင်များဖြစ်သည့် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ် အပါအ၀င် ၈၈ မျိုး ဆက်ကျောင်းသားများ၊ ဦးခွန်ထွန်းဦး၊ စိုင်းညွန့်လွင်ကဲ့သို့သော တိုင်းရင်းသား ခေါင်းဆောင်များ၊ ဦးဂမ္ဘီရကဲ့သို့ ၂၀၀၇ ရွှေဝါ ရောင်တော်လှန်ရေးတွင် အဓိကကျသော သံဃာ့ခေါင်းဆောင်များ ပါဝင်ခြင်းမရှိပေ။


ပြည်ပအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း – မြန်မာနိုင်ငံ (AAPP) ၏ စာရင်းအရ ယနေ့ လွတ် မြောက်သူ ၁၁၈ ဦးရှိကြောင်းသိရသည်။ ယနေ့ လွတ်မြောက်သူများ ထဲတွင် အဖမ်းဆီးခံထားရသော သတင်း ထောက်များနှင့် ဘလော့ဂါများလည်း တဦးမှ မပါဝင်ပေ။

AAPP ၏ တွဲဘက်အထွေထွေ အတွင်းရေးမှူး ကိုဘိုကြည်က “နိုင်ငံရေးအကျဉ်းသား တွေကို ရာဇဝတ်သားတွေနဲ့ ရောချလိုက် တာပဲ။ ဒါ နိုင်ငံရေးအကျဉ်းသားတွေရဲ့ ဂုဏ်သိက္ခာကို စော်ကားလိုက်တာပါ” ဟု ပြောသည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း နိုင်ငံရေးအကျဉ်းသားတချို့ လွှတ်ပေးသည်ကို ကျေးဇူးတင် ကြို ဆိုကြောင်း၊ အကျဉ်းထောင် အသီးသီးတွင် ကျန်ရှိနေသည့် နိုင်ငံရေးအကျဉ်းသားများကို ဆက်လက်လွှတ်ပေးရန် တိုက်တွန်း ကြောင်း ယနေ့ ဗဟန်းမြို့နယ် ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ပြုလုပ်သည့် နိုင်ငံရေးအကျဉ်းသားဟောင်းများ ၏ ကန်တော့ပွဲတွင် ပြောကြားလိုက်သည်။

ယနေ့တွင် ရန်ကုန်တိုင်းရှိ အကျဉ်းထောင်နှင့် ရဲဘက်စခန်းများမှ နိုင်ငံရေးအကျဉ်းသား ၇ ယောက်သာ လွတ်မြောက်ခဲ့ပြီး မန္တလေး ထောင်မှ နိုင်ငံရေးအကျဉ်းသား ၄၆ ဦး၊ သာယာဝတီထောင်မှ ၂၉ ဦး၊ တောင်ငူထောင်မှ ၃၇ ဦးနှင့် ထောက်လှမ်းရေး ဟောင်း ၁၃ ဦး၊ မိထ္ထီလာထောင်မှ ၂ ဦး၊ ဘူးသီးတောင် ထောင်မှ ၃ ဦး၊ တောင်ကြီးထောင်မှ ၁ ဦးသာ လွတ်မြောက်သည်ဟု စုံစမ်း သိရှိရသည်။

မကြာသေးမီက မြစ်ကြီးနားထောင်မှ လွတ်မြောက်လာသည့် လူရွှင်တော် ကိုဇာဂနာက ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် များ အပါအ၀င် နိုင်ငံရေးအကျဉ်းသားများ အားလုံး လွတ်မြောက်စေချင်ကြောင်း၊ ဆက်လက် လွှတ်ပေးရန်လည်း တိုက်တွန်းလို ကြောင်း ဧရာဝတီကိုပြောသည်။

“အစိုးရက တွန့်တွန့်တိုတိုနဲ့ လွှတ်ပေးနေသလို ခံစားရတယ်။ အကုန်လုံး၊ အကုန်လုံး လွတ်စေချင်တယ်။ ကုန်ကုန် ပြောရရင် တထောင်တည်း နေခဲ့ရတဲ့ ဘုန်ကြီး ၄ ပါးရော၊ တောင်သာက ကြည်စိုး၊ ပုဂံကမျိုးမင်းသန်း၊ ဘိုကလေးက သီဟသက်ဇင်တို့ အကုန် အကုန်လွတ်စေချင်တာပဲ” ဟု ၎င်းကဆိုသည်။

ကိုဇာဂနာလွတ်မည်ဟူသော သတင်းများ ထောင်ပြင်ပတွင် ထွက်ပေါ်နေသော်လည်း ထောင်တွင်း၌ မကြားရကြောင်း၊ လွတ်မည် ဟုလည်း မထင်ကြောင်း၊ ယနေ့နံနက် ၅ နာရီခွဲတွင် ထောင်အာဏာပိုင်များ လာရောက် ခေါ်ယူချိန်မှ သိရကြောင်း ကိုဇာဂနာက ဆက်လက်ပြောဆိုသည်။

၁၉၈၉ ခုနှစ်က သန်လျင် ရေနံချက်စက်ရုံ ဖောက်ခွဲမှုဖြင့် စွပ်စွဲဖမ်းဆီးကာ ထောင်ဒဏ် နှစ် ၃၀ ချမှတ် ခံခဲ့ရသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) လူငယ်အဖွဲ့ဝင် ကိုညီညီဦး ကလည်း မိမိကဲ့သို့ မတရားဖမ်းဆီးခံရသည့် နိုင်ငံရေးအကျဉ်းသားများ အားလုံး ဆက်လက် လွတ်မြောက်စေလိုကြောင်း၊ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ဆက်လက် လုပ်ကိုင် သွားမည်ဖြစ်ကြောင်း ပြောသည်။

၎င်းနှင့်အတူတောင်ငူထောင်မှ လွတ်မြောက်လာသည့် မျိုးဆက်သစ်လူငယ်များ အစည်းအရုံး (GW) မှ ကိုအောင်ဇေဖြိုး၊ ဗမာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ (ဗကသ) မှ အောင်အောင် (ခ) ဂျိန်း (ခ) ကိုလင်းထက်နိုင် တို့ကလည်း နိုင်ငံရေး ဆက်လက် လုပ်ဆောင်သွားမည်ဟု ဧရာဝတီကိုပြောသည်။

မိထ္ထီလာထောင်မှ လွတ်မြောက်လာသည့် အသက် ၆၃ နှစ်အရွယ်ရှိ ဒေါ်စန်းစန်းတင် ကလည်း ယခုလွတ်မြောက် လာသည့် နိုင်ငံရေး အကျဉ်းသားအများစုတွင် လွတ်ခါနီးဆဲဆဲ အကျဉ်းသားများက များပြားနေပြီး အဓိကကျသည့် နှစ်ရှည် ထောင်ဒဏ် ကျခံနေရသော နိုင်ငံရေးအကျဉ်းသားများပါ လွတ်မြောက် စေချင်သည်ဟု ဆိုသည်။

ကိုမင်းကိုနိုင်၏ အစ်မ ဒေါ်ကြည်ကြည်ညွန့်ကမူ ၎င်း၏ မောင်ဖြစ်သူနှင့် ပတ်သက်၍ ထောင်အာဏာပိုင်များထံမှ မည်သည့် အကြောင်းကြားမှုကိုမှ မရရှိကြောင်း၊ မနက်ဖြန်တွင်မူ လေယာဉ်ဖြင့် ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံထောင်သို့ သွားရောက် မည် ဖြစ်ကြောင်း ပြောသည်။

“၆၅ နှစ်ကျတဲ့ နှစ်ကြီးသမားတွေ မပါဘူးလို့လည်း ပြောတယ်။ လွတ်စေချင်တယ်၊ မနက်ဖြန် ထောင်ဝင်စာတွေ့မယ်” ဟု သူက ဆိုသည်။

ဒီမိုကရက်တစ် ပါတီ ဥက္ကဋ္ဌ ဦးသုဝေက နိုင်ငံရေး အကျဉ်းသားတချို့ လွှတ်ပေးမှုကို ကြိုဆိုသော်လည်း အားလုံးပါဝင်မှု ရှိမရှိ စောင့်ကြည်ရမည် ဖြစ်ကြောင်း၊ အမြန်ဆုံး လွှတ်ပေးစေလိုကြောင်း ပြောသည်။

Ref:

0 comments:

အပေါ်သို့