Thursday, October 13, 2011

စကော်ပီယံ ဂိုဏ်းဝင်များလည်း လွတ်ငြိမ်းခွင့်ရ

အောက်တိုဘာလ ၁၂ ရက် ၂၀၁၁ ခုနှစ်

ကွယ်လွန်လေပြီးသော အာဏာရှင်ဟောင်း ဦးနေဝင်း၏ မြေးများဖြစ်သူ ဦးအေးနေဝင်းနှင့် ဦးဇွဲနေဝင်းတို ကျောထောက် နောက်ခံ ပြုပေးခဲ့သည်ဟု စွပ်စွဲခဲ့ကြသော ရန်ကုန်မြို့တွင် ရမ်းကားခဲ့သည့် စကော်ပီယံ ဂိုဏ်းအဖွဲ့ဝင်များ အနက် ငါးဦး လည်း လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ထောင်နှစ်ခုမှ ဗုဒ္ဓဟူးနေ့တွင် လွတ်မြောက် လာခဲ့သည်။

ထောင်တွင်းရှိနေသော စကော်ပီယံ၏ နောက်ဆုံးအသုတ် ဖြစ်သော မူးယစ်ဆေးဝါး သုံးစွဲမှုပါ ပါဝင်၍ အသက် ၂၂ နှစ် အရွယ် တွင် ထောင်ဒဏ် ၁၇ နှစ်ချမှတ်ခံရပြီး ၁၀ နှစ်ပြည့်လုနီး ကာလတွင် လွတ်မြောက်လာခဲ့သော ဦးနန်းဝေ အပါအဝင် အဖွဲ့ဝင် လေးဦး အင်းစိန်ထောင်မှ လွတ်မြောက်လာခဲ့ပြီး သာယာဝတီထောင်မှ တဦး လွတ်လာသည်။


၂၀၀၁ ခုနှစ်အတွင်း အာဏာပိုင်များမှ ဆိုးသွမ်းလူငယ်များအဖြစ် ဂိုဏ်းကို ဖြိုခွဲပြီး အဖွဲဝင် ၂၂ ဦးကို ဖမ်းဆီးခဲ့ရာ နှစ်ဦးမှာ ထောင်တွင်း ကွယ်လွန်သွားခဲ့သည်။ ထောင်ဒဏ် ၁၂ နှစ်ချမှတ်ခံရသော ကျန်သူများကတော့ အစောပိုင်း ကတည်းက လွတ်ခဲ့ပြီး ဖြစ်သည်။

အုပ်စုလိုက် ခိုက်ရန် ဖြစ်ပွားမှုအပြင် လူသတ်မှုပါ ကျူးလွန်ခဲ့သည်ဟု သံသယဖြစ်ခံရသော စကော်ပီယံဂိုဏ်းကို ဖြိုခွင်းစဉ်က ဂိုဏ်းချုပ်အဖြစ် ဦးဇော်ဇော်ထက်ကို သတ်မှတ်ခဲ့သည်။

ဗုဒ္ဓဟူးနေ့တွင် နာမည်ဆိုးဖြင့် ကျော်ကြားသော အင်းစိန်ထောင်မှ သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းသား ၄၀၀ ကျော် လွှတ်ပေးရာတွင် အမျိုးသမီး ၁၀၀ ဝန်းကျင်ပါသည်ဟု အကျဉ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး အင်းစိန်ထောင် ထောင်မှူး ဦးသက်ရှည်က ပြောသည်။

နိုင်ငံရေးအကျဉ်းသားဟူသော အသုံးအနှုံးကို သုံးစွဲလိုဟန် မရှိသလို နိုင်ငံရေးအကျဉ်းသား မည်မျှ လွှတ်သည်ကိုလည်း ပြောရန် ငြင်းဆန်သွားသည်။

မန္တလေးထောင်မှ နိုင်ငံရေးအကျဉ်းသား ၄၆ ဦး လွတ်မြောက်

လွတ်ငြိမ်းချမ်းသာခွင့်အရ မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်မှ ဗုဒ္ဓဟူးနေ့တွင် အကျဉ်းသား ၄၀၀ ကျော် စတင် လွှတ်ပေးရာတွင် နိုင်ငံရေး အကျဉ်းသား ၄၆ ဦး ပါဝင်သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ မန္တလေးတိုင်း စည်းရုံးရေးမှူး ဦးမျိုးနိုင်က ပြောကြားရာတွင် လွတ်မြောက်လာသော နိုင်ငံရေး အကျဉ်းသားများ ထဲတွင် သံဃာတော်ဆယ်ပါး၊ စစ်ထောက်လှမ်းရေး အရာရှိဟောင်း တဦး၊ စစ်ဘက် အရာရှိဟောင်း တဦး၊ ဗုံးခွဲမှုဖြင့် ထောင်ချခံရသူ နှစ်ယောက်၊ ကျောက်ဆည်မြို့ ဘာသာရေး အဓိကရုဏ်းတွင် ပါဝင်ပတ်သက်ခဲ့သူ ၁၃ ဦးနှင့် ဒီချုပ် အဖွဲ့ဝင် ငါးဦးတို့ ပါဝင်သည်ဟု ဆိုသည်။

မစိုးရိမ်ကျောင်းတိုက်မှ သံဃာတော်ကိုးပါးနှင့် ၁၉၈၈ ခုနှစ်ကတည်းက အဖမ်းခံခဲ့ရသော ဦးသုန္ဓရ (လူအမည် ဦးသန်းအောင်) လည်း ပါဝင်သည်။

ဇာဂနာ ရန်ကုန်သို့ ပြန်လာနေပြီ

မျိုးသန့်
အောက်တိုဘာလ ၁၂ ရက် ၂၀၁၁ ခုနှစ်

သမ္မတဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ဟာသ သရုပ်ဆောင် ဇာဂနာ ဗုဒ္ဓဟူးနေ့ နံနက်တွင် မြစ်ကြီးနားထောင်မှ လွတ် မြောက်လာပြီး ရန်ကုန်သို့ လေကြောင်း ခရီးဖြင့် ပြန်လာပြီဖြစ်ကြောင်း သူ၏ ခယ်မဖြစ်သူ မငြိမ်းက ပြောသည်။

ထောင်ဒဏ် ၃၅ နှစ်ကျခံခဲ့ရသော ဇာဂနာ (ခေါ်) ကိုသူရမှာ နေအိမ်သို့ နေ့လည်ပိုင်းတွင် ရောက်ရှိ လိမ့်မည်ဟု မျှော်လင့်ရ သည်။

"သူနေကောင်းပါတယ်၊ တခြားတော့ ဘာမှ ပြောလို့မရဘူး အားလုံးကို နှုတ်ဆက်ပေးပါတဲ့ ပြောလိုက်ပါတယ်။" ဟု မငြိမ်းက မဇ္ဈိမ ကိုပြောသည်။

ကိုဇာဂနာသည် ၂ဝဝ၈ ခုနှစ် အတွင်း နာဂစ် ဆိုင်ကလုံး မုန်တိုင်းဒဏ် သင့်သူများအတွက် လေဘေးကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နေစဉ် အဖမ်းခံခဲ့ရသည်။

အင်္ဂါနေ့က သမ္မတ ဦးသိန်းစိန်မှ သီတင်းကျွတ် လပြည့်နေ့ ဖြစ်သောယနေ့တွင် အကျဉ်းသား ၆,၃၅၉ ဦးကို လွတ်ငြိမ်း ချမ်းသာ ခွင့်ကို အသက်အရွယ်ကြီးရင့်သူများ၊ ကျန်းမာရေး မကောင်းသူများ၊ ကိုယ်လက်အင်္ဂါ ချို့တဲ့သူများ၊ ထိုက်သင့်သော ပြစ်ဒဏ် ကျ ခံပြီးသူများ ပြန်လွှတ်ပေးမည်ဟု သူ၏ လွှတ်ငြိမ်းချမ်းသာခွင့်တွင် ပါရှိသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့