Monday, October 29, 2012

ပြင်ဦးလွင်တန်ဆောင်တိုင်မီးပုံးပျံပွဲ၌ ဗမာ့လက်ဝှေ့ပွဲစဉ်များ ထည့်သွင်းမည်

ကောင်းမြတ်ဖြိုး ( မြစ်မခ )­
27 Oct, 2012

၂၀၁၂ ခုနှစ် ပြင်ဦးလွင် တန်ဆောင်တိုင်မီးပုံးပျံပွဲတော်၌ ယမန်နှစ်ထက် ထူးခြားစွာ ပထမဦးဆုံးအကြိမ် ဗမာ့လက်ဝှေ့ပွဲစဉ်များ ထည့်သွင်းမည်ဖြစ်ကြောင်း ပွဲကန်ထရိုက်ထံမှ သိရသည်။

"ကျွန်တော်တို့က ခါတိုင်းနှစ်တွေထက် ထူးထူးခြားခြားလေးဖြစ်သွားအောင် လက်ဝှေ့ပွဲ အစီအစဉ်လေး ထည့်ထားတာပါ။''ဟု ပွဲကန်ထရိုက်ဖြစ်သူ ဦးအောင်မင်းက ပြောသည်။

အဆိုပါ လက်ဝှေ့ပွဲစဉ်များတွင် မန္တလေးနှင့် စစ်ကိုင်းဘက်မှ လက်ဝှေ့သမားများအား ဖိတ်ကြားထား ကြောင်း သိရသည်။ အဆိုပါ လက်ဝှေ့ပွဲစဉ်ကို နိုဝင်ဘာလ(၂၅) ရက်နေ့မှ(၂၉) ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်သည်။

ပြင်ဦးလွင်မြို့ ကျင်းပသော တန်ဆောင်တိုင်မီးပုံးပျံ့ပွဲတော်ကို နှစ်စဉ်ပြုလုပ်နေကျ မဟာအံထူးကံသာ ဘုရားကြီး အနီးတွင် ပြုလုပ် ခြင်း ဖြစ်သည်။ သို့သော် ယခုနှစ်တွင် ထူးခြားစွာဖြင့် ဗမာ့လက်ဝှေ့ပွဲစဉ်များ ပါဝင်လာခြင်းဖြစ်သည်။

ဟာ မိုက်တာပေါ့ဗျ။ ဒီနှစ်လက်ဝှေ့ပွဲပါပါမယ်ဆိုတော့ ကျွန်တော်သွားကြည့်မယ်ဗျ။ ခါတိုင်းနှစ်တွေတော့ လူအရမ်းရှုပ်လို့ မသွား ဖြစ်ဘူး’ ဟု ဒေသခံတစ်ဦးဖြစ်သူ ကိုချိုကြီးက ပြောသည်။

ယခုနှစ်ပွဲတွင် ပြင်ဦးလွင်မီးပုံးပျံပြိုင်ပွဲ၌ မီးပုံးပျံအကြီးတန်း ပထမဆုအား ကျပ် (၃၅)သိန်းချီးမြှင့် မည်ဖြစ်ကြောင်း သိရသည်။

ယခင် နှစ်များကမူ ကျပ် ၂၅ သိန်းသာ ချီးမြှင့်ခဲ့သည်ဟု ပွဲတော် ဖြစ်မြောက်ရေး ဦးစီးကော်မတီမှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံတွင် တန်ဆောင်မုန်းလ မီးပုံးပျံပွဲတော်ကို တောင်ကြီးမြို့နှင့် ပြင်ဦးလွင်နှစ်မြို့တည်းတွင်သာ အပြိုင်ကျင်းပလေ့ရှိသော် လည်း တောင်ကြီးမီးပုံပျံပွဲတော်မှာ ပိုမိုစည်ကားသည်။

ပြင်ဦးလွင် မီးပုံးပျံပွဲကို ၎င်းမြို့နှင့် အနီးတ၀ိုက်မြို့များဖြစ်သော ကျောက်မဲ၊ လားရှိုး၊ မန္တလေး၊ စစ်ကိုင်းတို့ အပြင် မုံရွာနှင့် မိတ္ထီလာ နယ်များမှ လာရောက်လည်ပတ်လေ့ရှိကြာင်း သိရသည်။

ယခုအချိန်တွင် မီးပုံးပျံပြိုင်ပွဲဝင်ရန်အတွက် စာရင်းပေးထားသော မီးပုံပျံ အလုံးအရေအတွက်မှာ(၈၀)ကျော် ပြီဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့ မီးပုံးပျံပြိုင်ပွဲတွင် ၀င်ရောက်ကြသူများမှာ ၀ါသနာရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များမှဖြစ်ပြီး မီးပုံးပျံ့လွှတ်ခြင်းအားဖြင့် ၎င်းတို့ လုပ်ငန်းအား ကြေငြာသကဲ့သို့ဖြစ်ကြောင်းကိုလည်း ဒေသခံများထံက ပြောသည်။

အဆိုပါပွဲတော်တွင် ဆိုင်ခန်းငှားခများမှာ ငါးရက်တာကာလအတွက် တစ်ခန်းလျှင် (၁)သိန်း (၇)သောင်း မှ(၂)သိန်းခွဲ အထိရှိ ပြီး ဆိုင်ခန်းပေါင်း (၄၀၀) ရာဝန်းကျင် ခန့်ရှိနိုင်ကြောင်း ပွဲဖြစ်မြောက်ရေးကော်မတီ မှ ခန့်မှန်း ပြောဆိုမှုအရ သိရသည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့