Monday, October 29, 2012

အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီရှေ့၌ အသေးစားရွှေလုပ်ငန်းရှင်များ ဆန္ဒထုတ်ဖော်

ဝင့်သင်ဇာကျော် (မြစ်မခ)
29 Oct, 2012

မန္တလေးတိုင်းဒေသကြီးရမည်းသင်းမြို့မှ မိုးထိမိုးမိဒေသမှ အသေးစားရွှေလုပ်ငန်းရှင်(၃၅)ဦးက အောက်တိုဘာ (၂၉)ရက် နံနက် (၉)နာရီဝန်းကျင်က အချက်(၉)ချက်ပါ ပိုစတာများကိုင်ဆောင်၍ ရန်ကုန်မြို့ရှိအမျိုးသားကြီးပွား တိုးတက်ရေးကုမ္ပဏီရှေ့တွင် ပထမ ဆုံးအကြိမ် ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ကြသည်။

“ရန်ကုန်မှာ ဆန္ဒလာပြတာ ပထမဆုံးအကြိမ်ပါ။ ဆန္ဒပြရတာကလည်း ရှေ့မှာဆက်ပြီးလုပ်ငန်း လုပ်ကိုင်လို သူကို ရက်အကန့် အသတ် မရှိ လုပ်ကိုင်ခွင့်ရဖို့၊ ကုမ္ပဏီနဲ့ မလုပ်ကိုင်ချင်တဲ့သူတွေကိုလည်း နစ်နာကြေးပေးဖို့ ကုမ္ပဏီရဲ့ အနှောင့်အယှက်တွေ ကြောင့် အလုပ်ဆက်မလုပ်လိုသူတွေကို စာချုပ်ပါအတိုင်း နစ်နာကြေးပေးဖို့ ရည်ရွယ်ပြီး လာဆန္ဒပြရတာပါ”ဟု ရွှေလုပ်သား ကိုယ်စားလှယ် ကိုလှိုင်မျိုးအောင်က ပြောသည်။

မိုးထိမိုးမိရွှေလုပ်သားများ တောင်းဆိုသည့်အချက်(၉)ချက်မှ အချို့မှာ ကုမ္ပဏီဝန်ထမ်းများအား အရေးယူ ပေးရန် အတင်းအဓမ္မ လုပ်အား ခိုင်းစေမှုများအား အရေးယူပေးရန်၊ ကုမ္ပဏီကြောင့် ဆက်လက်အလုပ် မလုပ်လိုသူများအား နစ်နာကြေးပေးရန်နှင့် တရားဥပဒေစိုးမိုးရန် အစရှိသည့် အချက်များပါဝင်သည်။

ရွှေလုပ်သား(၃၅)ဦးခန့်မှ တောင်းဆိုသည့် အချက်များကို အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီမှ လိုက်လျော ပေးခြင်းမရှိပါက ဆက်လက်ဆန္ဒပြသွားမည်ဖြစ်ပြီး တရားဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ကိုလည်း ၄င်းက ဆက် လက်ပြောသည်။

“ဆန္ဒပြပြီး တောင်းဆိုလို့မှ မရဘူးဆိုရင် တရားဥပဒေအရ ဆက်လက်ပြီးတော့ တရားစွဲဆို သွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ လိုချင်တဲ့ အခွင့်အရေးတွေ မရမချင်း ဆက်လက်ပြီး ဆန္ဒဆက်ပြသွားဖို့ အစီအစဉ်တွေရှိပါတယ်။“ဟု ကိုလှိုင်မျိုးအောင်က ပြော
သည်။

အောက်တိုဘာလ(၂၄)ရက်နေ့က မိုးထိမိုးမိဒေသမှ ရွှေလုပ်သားများအနေဖြင့် ဆန္ဒပြခွင့်ပေးရန် ကမာရွတ်ရဲစခန်းသို့ စာတင် ခဲ့ပြီး အောက်တိုဘာလ(၂၉)ရက်နေ့ နံနက်(၉)နာရီမှ (၁၂)နာရီအထိ ဆန္ဒပြခွင့်ပြုခဲ့သည်ဟု မိုးထိမိုးမိ ရွှေလုပ်သားရှေ့ နေထံမှ သိရှိရသည်။

“မိုးထိမိုးမိက ရွှေလုပ်သားတွေနဲ့ လှိုင်သာယာမှာဆုံရင်း သူတို့အမှုကိုလိုက်ဖြစ်တာပါ။ အခုဆန္ဒပြဖို့ကလည်းကျွန်တော် လိုက် လုပ်ပေးတာပါ။ နံနက်၉နာရီကနေ ၁၂နာရီအထိ ဆန္ဒပြခွင့်ရတယ်။ သူတို့တွေတောင်းဆိုချက် မရမချင်း သူတို့အတွက် ဆက်ပြီး လုပ်ဆောင်ပေးမှာပါ”ဟု မိုးထိမိုးမိရွှေလုပ်သားများ၏ ရှေ့နေဦးဌေးကပြောသည်။

မိုးထိမိုးမိဒေသမှ ရွှေလုပ်သား(၃၅)ဦးက ဆန္ဒပြတောင်းဆိုခွင့်နှင့်ပတ်သက်၍ အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီ ဘက်က လည်း အဆိုပါနေ့ နေ့လည်(၁)နာရီအချိန်၌ သတင်းစာရှင်းလင်းပွဲပြုလုပ်မည်ဖြစ်ဟု အမျိုးသား ကြီးပွားတိုး တက်ရေးကုမ္ပဏီမှ ထုတ်ပြန်ပြောဆိုချက်များအရသိရှိရသည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့