Monday, October 29, 2012

နွမ်းပါးကလေးငယ်များအတွက် သင်တန်းများ ပို့ချကာ စောင့်ရှောက်ပေးသည့် အဖွဲ့များ ရှိလာ

မောင်ယဉ်ကျော်-မန္တလေး(မြစ်မခ)
29 Oct, 2012

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့ခံလူငယ်များနှင့် ဖွဲ့စည်းထားသော ရန်ကင်းလူငယ်များအဖွဲ့ အနေဖြင့် ဆင်းရဲချို့တဲ့သော ကလေးငယ်များအတွက် ရသင့်သော အခွင့်အရေးများအားလူမှုရေးအဖွဲ့အနေဖြင့် ဖြည့်ဆည်း ပေးနေသောကြောင့် အခြေခံလူ တန်းစားမိဘများနှင့် ကလေးငယ်များအနေဖြင့် အဆင်ပြေလျှက်ရှိကြောင်း ရန်ကင်းလူငယ်များအဖွဲ့ထံက သိရှိရသည်။

ရန်ကင်းလူငယ်များအသင်းတွင် ပုသိမ်ကြီးမြို့မှဘွဲ့ရပညာတက်များ၊ လက်ရှိတက္ကသိုလ်ကျောင်းတက်နေသော တက္ကသိုလ် ကျောင်း သား အများစုပါဝင်၍ ယခုချိန်တွင် ဆင်းရဲချို့တဲ့သော ကလေးငယ် (၁၈၅)ဦး အထိ ထောက်ပံ့ပေးနိုင်ကြောင်းသိရသည်။

“ကလေးငယ်တွေကို တကိုယ်ရေသန့်ရှင်းရေး တွေဘယ်လိုလုပ်ဆောင်ရမယ်။ ချမှတ်ထားတဲ့ ကလေး သူငယ်အခွင့် အရေး ဥပဒေအရ ရသင့်ရထိုက်တဲ့ အခွင့်အရေးဆိုင်ရာ သင်တန်းတွေ ဘ၀တစ်သက်တာ ကျွမ်းကျင်စရာ ဗဟုသုတတွေကို ပို့ချပေး ပါတယ်။”ဟု ရန်ကင်းလူငယ်များ အဖွဲ့ဥက္ကဌ ဦးထွန်းထွန်းက ပြောသည်။

ရန်ကင်းလူငယ်များအဖွဲ့သည် ကျောင်းတက်နေပြီး ချို့တဲ့သောကလေးငယ်များအား ကျောင်းဝတ်စုံများ ထောက်ပံ့ပေးခြင်း၊ စာအုပ် ခဲတံများ ထောက်ပံ့ပေးခြင်းများနှင့် ကျောင်းပိတ်ရက်တွင် မူလတန်းမှအထက်တန်းအထိအခမဲ့ ပညာသင် ကြားပေးကြောင်း သိရ သည်။

“ကလေးအတွက် ကျောင်းစာတွေ မလိုက်နိုင်မှာ မပူရတော့ဘူး ကျမတို့ အလုပ်ကို ဖြောင့်ဖြာင့် လုပ်နိုင်ပါတယ်။ သူတို့အဖွဲ့က အတက်ပညာရော အသိပညာပါ ကူညီပေးကြပါတယ်။ ကျေးဇူး တင်ပါတယ်”ဟု ကလေးမိခင်တစ်ဦးက ပြောသည်။

အဆိုပါအသင်းသည်ပြည်ပINGOများတွင် အဆိုပြုလွှာတင်သွင်း၍ ရရှိသောငွေနှင့်ကလေးငယ်များ ထောက်ပံ့ရုံတင်မက တစ်ဖက် တစ်လမ်းမှ ဆိတ်မွေးမြူရေးလုပ်ငန်းများ၊ PCOဖုန်း serviceများဖြင့် အသင်းရန်ပုံငွေရှာဖွေထားကြောင်းကိုလည်း သိရှိရသည်။

ပြည်တွင်းပြည်ပမှ အလှူရှင်များ ဆက်သွယ်လှူဒါန်းလိုပါက ရန်ကင်းလူငယ်များအဖွဲ့မှဥက္ကဌ ဦးထွန်းထွန်း(၀၉-၆၅၀၅၁၀၆)တွင် ဆက်သွယ်လှူတန်းနိုင်ကြောင်းသိရသည်။



Ref: မြစ်မခ

0 comments:

အပေါ်သို့