Friday, November 2, 2012

ထိပ်တန်း ဆန်စပါးတင်ပို့သူ အဆင့် ပြန်ရ ရန် မြန်မာနိုင်ငံ ကြိုးပမ်း၊ ငါးနှစ်ကာလ အတွင်း ဆန်စပါး တင်ပို့မှု နှစ်ဆတက်ရန် စီစဉ်

နိုဝင်ဘာလ ၀၁၊ ၂၀၁၂

ဆယ်စုငါးစုကြာ စစ်အာဏာရှင်စနစ်ကြောင့် အရှေ့တောင်အာရှတွင် အဆင်းရဲဆုံးနိုင်ငံဘဝ မကျရောက်မီက မြန်မာနိုင်ငံ သည် ကမ္ဘာ့ထိပ်တန်း ဆန်စပါးတင်ပို့သည့် နိုင်ငံ ဖြစ်ခဲ့သည်။ ယခုအခါ ငါးနှစ်တာ ကာလအတွင်း ဆန်စပါးတင်ပို့မှု နှစ်ဆ တက်လာရန် စီစဉ်နေသည်။

အထွက်နှုန်းနှင့် အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးလာပါက ယခု ၂ဝ၁၃ မတ်လတွင် ကုန်ဆုံးမည့်နှစ် အတွက် တန် ၁.၅ သန်းမှ၊ ၂ဝ၁၇ တွင် မက်ထရစ်တန် ၃ သန်းအထိ နိုင်ငံခြားတင်ပို့မှု တိုးတက်လာဖွယ် ရှိကြောင်း၊ မြန်မာနိုင်ငံဆန်စပါး အသင်း အတွင်း ရေးမှူးချုပ် ဦးရဲမင်းအောင်က အောက်တိုဘာ ၂၅ တွင် ပြောကြားခဲ့ သည်။ အမေရိကန် စိုက်ပျိုးရေးဌာန ၏ အောက်တို ဘာ ၁၁ ခန့်မှန်းချက်အရ ယခုနှစ်အတွက် မြန်မာနိုင်ငံ၏ ဆန်စပါးတင်ပို့မှုမှာ တန် ၇၅ဝ,ဝဝဝ ရှိမည်ဟု ဆိုပါသည်။

အဆိုပါ ၂ဝ၁၇ ရည်မှန်းချက်မှာ ယခုနှစ် ကမ္ဘာ့ဆန်စပါးတင်ပို့မှု တန် ၃၇.၇ သန်း၏ ၈ ရာခိုင်နှုန်း ရှိမည် ဖြစ်သည်။ ကမ္ဘာ့ ဆန် ဈေးကွက်တွင် ဆန်စပါးအထွက် ပိုလျှံခဲ့သည်မှာ ၇ နှစ်တာ ကြာခဲ့ပြီ ဖြစ်ပြီး ဘရာဇီး၊ ရုရှားနှင့် အီဂျစ်ကဲ့သို့သော အသစ် တင်ပို့သူများဖြင့် ပြည့်နှက်နေသည်။ သဘာဝဘေးနှင့် အခြား အန္တရာယ်များ မရှိပါက ကမ္ဘာ့ဆန် စပါးစီးပွားမှာ ၂ဝ၁၂ နှင့် ၂ဝ၁၃ အနေအထားမျိုး ဆက်ရှိနိုင်သည်ဟု ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့မှ အကြီးတန်း စီးပွားရေး ပညာရှင် က ပြောသည်။

မြန်မာနိုင်ငံသည် လောလောဆယ် တစ်ဧကအထွက်နှုန်း ၁.၂ တန်မှ ၁.၅ တန်ရှိရာမှ ငါးနှစ်တာ ကာလအတွင်း တစ်ဧက ၄ တန် အထိ နှစ်ဆကျော် အထွက်တိုးရန် စီစဉ်ထားသည်ဟု ဦးရဲမင်းအောင်က ပြောပါသည်။ “ထုတ်လုပ်မှု တိုးသလို လယ် သမားတွေရဲ့ဝင်ငွေ လည်း တိုးလာမယ်လို့ ကျွန်တော်တို့ မျှော်မှန်းထားပါတယ်” ဟု သူက ဆိုသည်။

ထိပ်တန်း ဆန်တင်ပို့သည့်နိုင်ငံ ပြန်ဖြစ်ရန် ၁ဝ နှစ်မှ ၁၅ နှစ်အထိ အချိန်ယူရနိုင်ကြောင်း၊ ထိုကာလမှာ ထိပ်တန်း သုံးနိုင်ငံ စာရင်းဝင် ဖြစ်လာရန် ဗီယက်နမ်၏ ဆယ်စုနှစ်စုကြာ ကြိုးပမ်းခဲ့ရသည့် ကာလထက် တိုကြောင်း၊ ဆန်စပါး ထုတ်လုပ်မှုအတွက် မြန်မာသည် အလွန် အရေးပါသော ရင်းမြစ်တစ်ခုအဖြစ် မြင်ကြောင်း၊ ဖိလစ်ပိုင် အခြေစိုက် နိုင်ငံတကာ ဆန်စပါး သုတေသ နအဖွဲ့ အတွင်းရေးမှူးချုပ် က ပြောသည်။

မြန်မာနိုင်ငံ၏ အားသာချက်မှာ ထုတ်လုပ်မှု စရိတ်နည်းခြင်း၊ လယ်မြေ အကျယ်အပြန့်ရှိခြင်း၊ ရေ အရင်းအမြစ် နှင့် လုပ်အား ရင်းမြစ် ကြွယ်ဝခြင်း တို့ဖြစ်ကြောင်း၊ ၂ဝ၃ဝ တွင် တစ်ဦးချင်း ဂျီဒီပီကို လေးဆနီးပါး တိုးတက်ရန် အထွက်နှုန်း မြင့်မားဖို့လို ကြောင်း အေဒီဘီ၏အဆိုအရ သိရှိရသည်။

Ref: အင်ဒီပဲန်ဒင့်

0 comments:

အပေါ်သို့