Monday, October 29, 2012

ကန်ထရိုက်တိုက်ဆောက်လုပ်မှုအား သမအသင်းသားများ ကန့်ကွက်

ထွန်းနေအောင်(မြစ်မခ)
29 Oct, 2012

ကန်ထရိုက်နှင့် သမ၀ါယမအသင်းကြားရှိ ပြဿနာများအား သမ၀ါယမ၀န်ကြီးအဆင့်(သို့)တာဝန် ရှိသူများ အနေဖြင့် လာရောက် ဖြေရှင်းပေးရန် မျှော်လင့်ကြောင်း သမ၀ါယမအသင်းသူ အသင်းသား များက တောင်းဆိုလိုက်သည်။

ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ ကျွန်းလယ်ရပ်ကွက်ရှိ သမ၀ါယမ အဆောက်အဦးကို အသင်းသားများ ကန့်ကွက်သည့်ကြားမှ ပန်းသတင်းကုမ္ပဏီကန်ထရိုက်တိုက် ဆောက်လုပ်လိုက်ခြင်းကြောင့် နှစ်ဖက်ပဋိ ပက္ခဖြစ်ပေါ်လာခြင်းဖြစ်သည်။

“(၃)ပတ်အတွင်း တာဝန်ရှိတဲ့သူတွေ လာရောက်ဖြေရှင်း ပေးဖို့ဖိတ်ခေါ်ပါတယ်။ တာဝန်ရှိတဲ့သူ တွေကိုပဲ လာစေချင်တယ်။ တာဝန်မရှိတဲ့သူတွေကို မလာစေချင်ပါဘူး။”ဟု သမ၀ါယမအသင်းသား ကိုတင်ထက်ကိုက ပြောသည်။

အဆိုပါ ကန်ထရိုက်တိုက်ဆောက်လုပ်ခြင်းကို ရပ်ကွက်အမှုဆောင်နှင့် မြို့နယ်သမဦးစီးတို့မှ အသင်း သူအသင်းသားများ၏ ဆန္ဒမပါရှိပဲ ၂၀၀၈ခုနှစ်တွင် စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်ကြောင်း အသင်းသားများ ထံက သိရှိရသည်။

“(၉၂) ဥပဒေမှာ အများဆန္ဒနဲ့ စီမံခန့်ခွဲရမယ့် အသင်းဖြစ်တယ်။ အများနဲ့စီမံခန့်ခွဲခြင်း မဟုတ်ပဲနဲ့ အများကိုလည်း မချပြပဲနဲ့ တစ်ဦးတစ်ယောက်ကောင်းနဲ့ လုပ်ဆောင်သွားတယ်။”ဟု သမ၀ါယမ အသင်းသား ကိုနေမျိုးမျိုးကိုကိုအောင်က ပြောသည်။

အများပိုင်အဆောက်အဦအား အလွဲသုံးစားလုပ်ခြင်း၊ အလွဲသုံးစားလုပ်သူများကို ဋ္ဌာနအဆင့်ဆင့်သို့ တိုင်ကြားခဲ့သော်လည်း ယနေ့ထိ လာရောက် ဖြေရှင်းပေးခြင်းမရှိကြောင်းနှင့် ဖြေရှင်းပေးသည့် သူမျာမှာလည်း တာဝန်ယူဖြေရှင်းပေးခြင်း မရှိကြောင်း အသင်းသားများက ဆိုသည်။

ထို့ကြောင့် ကျွန်းလယ်ရပ်ကွက်ရှိ သမ၀ါယမ အဆောက်အဦး ရှေ့တွင် အောက်တိုဘာလ (၂၈) ရက် နေ့က (၃၅) ဦးရှိသည့် အသင်းသားများက ဆန္ဒထုတ်ဖော်ပြသခဲ့ကြသည်။

“ဘယ်အရေးကြီးကိစ္စကို မဆို ကိုယ့်သဘောဆန္ဒနဲ့ ဆောင်ရွက်ခွင့်မရှိဘူး။ ဒါသမရဲ့ အခြေခံ အကျဆုံး အပိုင်းပဲ။ အခြေခံမှုကို လိုက်နာခြင်း မရှိတဲ့ဟာကို တင်ပြတာ။ ဒါဥပဒေအရ ပြောပြတာ ပါ။”ဟု ဆန္ဒပြရာတွင် ဦးဆောင်သူ ကိုနေမျိုးကိုကိုအောင်က ဆက်ပြောသည်။

အဆိုပါ အသင်းသားများသည် ကန်ထရိုက်တိုက် စတင်တည်ဆောက်သည့် အချိန်မှစ၍ ၎င်း အဆောက်အဦးဆောက်လုပ်မှုကို ကန့်ကွက်ခဲ့ခြင်းဖြစ်သည်။

“လက်ရှိမှာ ဆိုင်ဖွင့်ထားတာလည်း ရှိတယ်။ လူနေထိုင်ခွင့်ကို ကန့်ကွက်ထားတယ်။ ရန်ကုန်မြို့တော် စည်ပင်သာယာနဲ့ ဆက်ရှင်း သွားဖို့ရှိပါတယ်။ အမှုဆောင် အသစ်ဖွဲ့စည်းပြီးသွားရင် အများပိုင်ပစ္စည်း ဖျက်ဆီးမှုနဲ့ တရားစွဲဆိုသွား ဖို့ရှိပါတယ်။”ဟု ကိုတင် ထက်ကိုက ဆက်ပြောသည်။

လက်ရှိတွင်လည်း အသင်းသားများအနေဖြင့် လူနေထိုင်ခွင့်(BCC)ကို ဆက်လက်ကန့်ကွက်လျက် ရှိပြီး ရန်ကုန်မြို့တော် စည်ပင် သာယာနှင့် ဆက်လက်ရှင်းလင်းသွားမည်ဖြစ်ကြောင်းကိုလည်း အသင်းသားများထံက သိရသည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့