Thursday, November 1, 2012

ရခိုင်လမ်းတံတားဆောက်လုပ်ရေးလုပ်ငန်းများ၌ အမျိုးသမီးလုပ်သား ပိုမိုမြင်တွေ့လာရ

အာရကန်ကိုကို-မောင်တော(မြစ်မခ)
1 Nov, 2012

ရခိုင်ပြည်နယ်အတွင်းမြို့နယ်ဒေသများ၌ လမ်းတံတား အဆောက်အဦးစီမံကိန်းလုပ်ငန်းခွင် များအတွင်းအမျိုး သား လုပ်သားများထက် အမျိုးသမီးလုပ်သားများအား ပိုမိုမြင်တွေ့လာရမှုများလာကြောင်း ဒေသတွင်း ပုဂ္ဂလိက လမ်းတံတား၊ ဆောက်လုပ်ရေး ကုမ္ပဏီ များထံမှသိရသည်။

ဘင်္ဂလားပင်လယ်အော်နှင့်နီးကပ်စွာတည်ရှိသောရခိုင်ကမ်းရိုးတမ်းဒေသတွင်း ပင်လယ်ပြင်ငါးဖမ်းလုပ်ငန်းနှင့် မြေယာ အခြေခံ စိုက်ပျိုးရေးလုပ်ငန်းမှလွဲ၍ စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးမှုအားနည်းနေသေးကြောင်းကို လည်း သိရသည်။

ထို့ကြောင်း ဒေသတွင်း အမျိုသားအခြေခံလုပ်သားများမှာ ဒေသတွင်း အလုပ်အကိုင်ရှားပါးမှုနှင့် မြန်မာ နိုင်ငံ၏ စီးပွါးရေးမြို့တော် ရန်ကုန်နှင့် အရှေ့တောင်အာရှနိုင်ငံများဖြစ်သည့် မလေးရှားနှင့် ထိုင်းနိုင်ငံများသို့ စွန့်ခွာသွား ရောက်အလုပ်လုပ်ကိုင်မှု များပြား လာခြင်းကြောင့်ဖြစ်သည်ဟု သိရသည်။

“ကျွန်တော်လမ်းတံထားစီမံကိန်းနှင့် ပတ်သတ်ပြီး ရခိုင်ဒေသတော်တော်များများကို ရောက်ဖူးပါတယ်။ မြို့နယ် ဒေသတိုင်းလိုလိုမှာ လမ်းတံတားစီမံကိန်း တည်ဆောက်မှု လုပ်ငန်းခွင်များမှာ အမျိုးသား လုပ်သား များထက် အမျိုး သမီးလုပ်သားများကို ပိုမို တွေ့လာရပါတယ်“ ဟု ရန်ကုန်- စစ်တွေ ကားလမ်းပိုင်းရှိ အမ်း-မင်းပြား ကားလမ်းပိုင်းအား အဆင့်မြင့်တင် တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့သော ပြည်တွင်း ပုဂ္ဂလိက ဆောာင်လုပ်ရေးကုမ္ပဏီတစ်ခုမှ အင်ဂျင်နီယာမှုးတစ်ဦးကပြောကြားသည်။

အဆိုပါလုပ်ငန်းခွင်များ၌ ၀င်ရောက်လုပ်ကိုင်နေကြသည့် အမျိုးသမီးလုပ်သားအများစုမှာ ပြင်ပတွင် သွားရောက်အလုပ် လုပ်နေ ကြသည့် ၄င်းတို့ခင်ပွန်းများက ငွေမပို့ပေးနိုင်ခြင်း၊ ဆွေမျိုးပတ်ဝန်းကျင် အသိုင်းအ၀ိုင်းများ ဆင်းရဲချို့တဲ့ ခြင်းများကြောင့် သားသမီး များ၏ ပညာရေးနှင့်စားဝတ်နေရေးအတွက်အဓိထား လုပ်ကိုင်နေကြခြင်းဖြစ်ကြောင်းကို လည်းသိရသည်။

“ကျွန်မယောင်္ကျားက မလေးရှားမှာပါ။ သွားတုန်း တစ်နှစ် လောက်တော့ ငွေပို့ပေးတယ်။ နောက်တော့ မပို့ တော့ပါဘူး။ ဖုန်းအ ဆက်အသွယ် လည်း ဒီကနေ့ထိ မရသေးဘူး။ သူနှင့် ဒီမှာက အတူသွားတဲ့ သူတွေက ဖုန်းလာ တော့ကျွန်မယောင်္ကျား တစ်ခြား နေရာဒေသ တစ်ခုကိုအလုပ်ပြောင်းသွားပြီလို့ သိရပါတယ်။ ကျွန်မမှာက သား သမီးတွေရဲ့ စားဝတ်နေရေးနှင့် ပညာရေးပုံမှန် လိုအပ်ချက်တွေအတွက်ကြောင့် တစ်နေ့အလုပ်မလုပ်ရင် ဘယ်လို စခန်းသွားနိုင်မှာလဲ“ဟု စစ်တွေမြို့ တွင်းလမ်းပိုင်း၌ လမ်းလုပ် သား ဆောင်ရွက်နေသည့် အမျိုးသမီးက ပြောသည်။

ရခိုင်ပြည်နယ်အတွင်း မြို့နယ်ဒေသတချို့ အသေးစားစက်ရုံ အလုပ်ရုံများနှင့် လက်မှုထုတ်ကုန်လုပ်ငန်း များရှိ သော်လည်း လုပ်ငန်း လည်ပတ်မှု အနေအထားများအရ လုပ်သားလိုအပ်မှု နည်းပါးနည်းပါး ခြင်းနှင့် ရရှိသော လုပ်ခ လစာမှာလည်း ယခုခေတ်စနစ် ကုန်ဈေးနှန်းများနှင့် လိုက်လျောညီထွေမှု မရှိခြင်းတို့ကြောင့် ပင်လယ်ပြင် ငါးဖမ်း လုပ်ငန်းများနှင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ ကို လုပ်ကိုင်ရန်မကျွမ်းကျင်မသင့်တော်သော အမျိုးသမီး လုပ်သား များမှာ တည်ဆောင်ရေး စီမံကိန်းလုပ်ငန်းများတွင် ၀င်ရောက် လုပ်ကိုင်မှုများပြား လာခြင်းဖြစ်ကြောင်း လည်း သိရသည်။

“အရင်ကတော့ ကျောက်ဖြူမှာ ရေထွက်ပစ္စည်းတရုတ် အိပ်စပို့ ပို့ကုန်လုပ်ငန်းမှာ လုပ်ခဲ့ပါတယ်။ အခုနှစ်ဆန်းပိုင်မှ စပြီး အဲဒီ လုပ်ငန်းကထွက်လို့ ဆောက်လုပ်ရေး စီမံကိန်းလုပ်ငန်း သို့လုပ်ငန်းပြောင်းရွေ့လာတာပါ။ ဆောက်လုပ်ရေး လုပ်ငန်ခွင့်တွေမှာ ကျ တော့ လုပ်ငန်းအမျိုးအစား အလျောက် တစ်နေ့ကို (၁၀၀၀)မှ (၁၃၀၀)အထိ ရတတ်ပါ တယ်“ ဟု အမ်း- မင်းပြား ကားလမ်း ပိုင်း တစ်နေရာအား အဆင့် မြင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်နေသော တောင်ကုတ်မြို့ မအီမြို့နယ်ခွဲမှ အသက် (၄၀)၀န်းကျင် အရွယ်ရှိ အမျိုးသမီး ဒေါ်ကျော့စိန်က ပြောသည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့