Wednesday, October 31, 2012

ဘုန်းကြီးကျောင်းအမှု ရွာပတ်နေ

ထက်အောင်ခန့် (မြစ်မခ)
31 Oct, 2012

သံဃာတော်များနှင့်ပဋိပက္ခဖြစ်ပွားခဲ့သည့် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ သက္ကယ်ပြင် ကျေးရွာအုပ်ချုပ်ရေးမှူး အား ဒေသခံများမှ ပုဒ်မ(၃) ခုဖြင့် အမှုဖွင့်ထားသော်လည်း တရားစွဲဆိုရန် ညွှန်ကြားချက် မရရှိသေးသဖြင့် တရားစွဲဆို နိုင်ခြင်း မရှိသေးကြောင်း အမှတ်(၂)ရဲစခန်းက သိရသည်။

“အခုဥပဒေအကြံပြုချက်လဲ ကျပြီးသွားပြီ။ ကျွန်တော်တို့က အဆင်သင့်ပါပဲ ညွှန်ကြားချက်ကျပြီ၊ မီးစိမ်းပြပြီဆိုတာနဲ့ ကျွန်တော်တို့ က တရားစစွဲမှာပါ”ဟု ဟင်္သာတမြို့နယ် အမှတ်(၂) ရဲစခန်း စခန်းမှူးဦးဝင်းနိုင်ထွန်းက ပြောသည်။

ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းခိုင်အား စက်တင်ဘာလ (၁၁) ရက်နေ့တွင် ဟင်္သာတမြို့နယ် ဒေသခံများမှ အမှတ်(၂) ရဲ စခန်းသို့ ပုဒ်မ-၂၉၄၊ ၂၉၅ (က)၊ ၅၀၆ ဖြင့် အမှုဖွင့်အရေးယူထားခြင်း ဖြစ်သည်။

ဖြစ်ပွားပုံမှာ ကျေးရွာအုပ်ချုပ်ရေးမှူးသည် မနောမယ ကျောင်းတိုက်ကြီးအပြင် အခြားဘုန်းတော်ကြီး ကျောင်းအသစ်ပြန်လည် တည်ထားကိုးကွယ်ရန် ဓမ္မာရုံ အသစ်အား အာစီတိုင်များဖြင့် အခိုင်အမာ ဆောက်လုပ်နေပြီး သီလပေးတရားနာနေခြင်း များပြုလုပ်နေသည့်အတွက် ဒေသခံများနှင့် သံဃာ တော်များက ကန့်ကွက်ရာမှ ပြဿနာ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်က မနက်ပိုင်း မျက်နှာသစ်ပြီးထိုင်နေတယ်။ ကျွန်တော့်ကို အုပ်ချုပ်ရေးမှူးကခေါ်ပြီးတော့ ဆဲတယ်။ အဲ့ဒီဆဲတဲ့ စကားတွေ ကိုလည်း ဦးလေးကိုသွားပြောလိုက်၊ မင်းဘုန်းကြီးကို သွားပြောလိုက် ဆိုပြီးတော့ ဆဲတယ်။ ဂေါပကအဖွဲ့တွေ ကိုလည်း ဆဲနေတယ်။” ဟု ရွာခံကိုကျော်မျိုးက ပြောသည်။

ဆဲရေးတိုင်းထွာသည်ကို မျက်မြင်ကြားသိသူများရှိသော်လည်း ကျေးရွာအုပ်ချုပ်ရေးမှူးသည် သူကိုယ် တိုင်ဆဲဆိုခြင်း မပြုခဲ့ ကြောင်းကိုလည်း ၄င်းက ပြောသည်။

“ကျွန်တော် ဗုဒ္ဒဘာသာဝင် တစ်ယောက်ပါ။ ကျွန်တော်ဆဲရင် ဘယ်လို အပြစ်မျိုးခံရမယ် ဆိုတာသိတာပေါ့။ အဲ့ဒါနဲ့ ပတ်သက် ပြီးတော့ လုံးဝဆဲဆိုခဲ့ခြင်း မရှိပါဘူး။”ဟုကျေးရွာအုပ်ချုပ်ရေးမှူးဦးဇော်ဝင်းခိုင်က ပြောသည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့