Friday, November 2, 2012

ပြည်နယ်လုံခြုံရေးအတွက် ဓါး၊ လှံ ကိစ္စအပေါ်၌ ဒေသခံများ ပေးသည့် အကြံ

ဝင့်သင်ဇာကျော် (မြစ်မခ)
1 Nov, 2012

ရခိုင်ပြည်နယ် အ၀ှမ်းတွင်(၃)ရက်တွင်း ဓား၊လှံ၊ လက်နက်များကို နီးစပ်ရာ လုံခြုံရေးတပ်ဖွဲ့များသို့ အပ်နှံရန် ကြေညာချက် ထုတ်ပြန်ခြင်းထက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များက လိုက်လံသိမ်းဆီးခြင်းမျိုး သာပြုလုပ်သင့်ကြောင်း ရခိုင်ဒေသခံများက အကြံပြုသည်။

“ကျွန်တော်တို့ရပ်ကွက်တော့ ဘယ်သူမှ သွားမအပ်ဘူး၊ ရဲတွေက လိုက်ဖမ်းမှရမယ်၊ ဘယ်သူဓား၊ ဘယ်သူ့ လျှံကိုင်လည်းဆိုတာ လိုက်ရှာဖွေပြီးဖမ်းမှ နယ်မြေလုံခြုံမယ်။ “ဟု စစ်တွေမြို့အောင်မင်္ဂလာ ရပ်ကွက်မှဘင်္ဂလီလူမျိုးဖြစ်သူ ဦးအာဘူးရှည်က ပြောသည်။

အဆိုပါ ကြေညာချက်ကို အောက်တိုဘာ (၃၁)ရက်နေ့တွင် နိုင်ငံပိုင်သတင်းစာများတွင် လက်နက် ဥပဒေ ပုဒ်မ၄(ဃ)အရ သေနတ်၊ လှံစွပ်၊ ဓားလွယ်၊ ဂျင်ဂလိ၊ ဓားမြှောင်၊ လှံ၊ လေးနှင့်များတို့ကို နိုဝင်ဘာလ (၃)ရက်နေ့အတွင်း နီးစပ်ရာ ရဲစခန်း ၊လုံခြုံရေးအဖွဲ့များထံသို့ အပ်နှံရမည်ဖြစ်ပြီး သတ် မှတ်ရက်အတွင်း အပ်နှံခြင်းမရှိပါက ဥပဒေနှင့်အညီ အရေးယူသွားမည်ဟု သတင်းထုတ်ပြန်ထား သည်။

"မင်းပြားမြို့ပေါ်မှာတော့ ဒုတ်တွေ ဓားတွေ လာအပ်ကြတဲ့သူမရှိသေးဘူး၊ ရွာဘက်တော့ မသိဘူး"ဟု မင်းပြားမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

သက်ဆိုင်ရာအာဏာပိုင်များမှ ထုတ်ပြန်ချက်များကို ဒေသခံများအနေဖြင့် လက်ရှိဖြစ်ပေါ်နေသော အခြေအနေများကို သုံးသပ်ကာ လက်ခံနိုင်မှုမရှိသေးခြင်းကြောင့် သွားရောက်အပ်နှံရန် ဆုံးဖြတ်နိုင်မှုမရှိသေး ကြောင်း ဒေသခံအချို့က သုံးသပ်ပြောဆိုသည်။

“ကျွန်တော်တို့အပ်ရင် ကျွန်တော်တို့ဘာနဲ့ခုခံရမှာလဲ၊ ခံရမှာပေါ့ ၊ဘယ်အပ်မလဲမအပ်ဘူး၊ မအပ်လို့ အရေးယူမယ်ဆိုလည်း ချမှာဘဲ။ “ဟု ရခိုင်ပြည်နယ် မင်းပြားမြို့မှ ဒေသခံတစ်ဦးက ပြောသည်။

နိုင်ငံတော်သမ္မတရုံးမှလည်း ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်ရခြင်းသည် နောက်ကွယ်မှ ကြိုးကိုင်လှုပ်ရှား နေသော လူပုဂ္ဂိုလ် အဖွဲ့အစည်းများရှိနေခြင်းဖြစ်သောကြောင့် အဆိုပါအဖွဲ့အစည်းကို စုံစမ်းသိရှိရပါက ဥပဒေ နှင့်အညီ အရေးယူဆောင်ရွက်မည်ဖြစ် ကြောင်းကိုလည်းထုတ်ပြန်ထားသည်။

“ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့တွေကလည်း စစ်ဆေးမူတွေ ပြုလုပ်နေကြတယ်။ လာမယ့် နိုဝင်ဘာလ ၁၆နဲ့ ၁၇ ရက်နေ့ကို နောက်ဆုံးထားပြီး သမ္မတဆီကို သတင်းအချက်အလက် ပေးပို့ရမယ်။ ဒီကြားထဲတော့ ကျွန်တော်တို့ မြို့နယ် အသီးသီးဆီက သတင်းအချက်တွေ ယူနေပါ တယ်”ဟု ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေးကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဆွေက ပြောသည်။

ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်ပွားရခြင်း အခြေအနေများကို သိရှိရန် စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို သြဂုတ်လ ၁၆ ရက် နေ့တွင် ဖွဲ့စည်းခဲ့ပြီး စုံစမ်းစစ်ဆေးမူခြင်းများကို နိုင်ငံတော်သမ္မတထံသို့ နိုဝင်ဘာ ၁၆ရက်နေ့တွင် ပထမအဆင့် အနေဖြင့် အစီ ရင်ခံစာ တင်ပြမည်ဖြစ်ပြီး ရခိုင်အရေးနှင့် ပတ်သက်သော သတင်းစာရှင်းလင်းပွဲကို အစီရင်ခံစာတင်ပြအပြီးတွင် ပြုလုပ် မည် ဖြစ် ကြောင်းကိုလည်း၎င်းက ဆက်ပြောသည်။

ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့တွင် ပဋိပက္ခများ ထပ်မံဖြစ်ပွားခြင်းကြောင့် အောက်တိုဘာလ ၂၁ရက်နေ့ မှ ၃၀ရက်နေ့အထိ စာရင်းများအရသေဆုံးသူ(၈၉)ဦး၊ ဒဏ်ရာရသူ(၁၃၆)ဦး၊ မီးလောင် ပျက်ဆီးသည့် လူနေအိမ်(၅၃၅၁)အိမ်နှင့် အိုးမဲ့အိမ်မဲ့ဖြစ် သူ(၃၂၂၃၁)ဦးရေခန့်ရှိကြောင်း နိုင်ငံပိုင် သတင်းစာမှ ထုတ်ပြန်ချက်အရ သိရှိရသည်။


Ref: မြစ်မခ

0 comments:

အပေါ်သို့