Friday, November 2, 2012

လာမည့် ရွှေမြွှေဟောက် စစ်ရေး လေ့ကျင့်မှု တွင် မြန်မာစစ်ဘက် အရာရှိ လေ့လာသူများ ပါဝင်နိုင်

နိုဝင်ဘာလ ၀၁၊ ၂၀၁၂

လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် နှစ်ပေါင်းများစွာ ဝေဖန်ခံခဲ့ရပြီးနောက် ပြုပြင်ပြောင်းလဲမှုများ ဖြည်းဖြည်းချင်း စတင်လုပ် ဆောင် လာသော မြန်မာနိုင်ငံမှ စစ်ဘက် အရာရှိများကို လာမည့်နှစ်တွင် အမေရိကန် ပြည်ထောင်စုနှင့် ပူးတွဲစစ်ရေး လေ့ကျင့်မှု များ ပြုလုပ်ရန် ဖိတ်ခေါ်ဖွယ် ရှိကြောင်း အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာန အရာရှိများက ဆိုပါသည်။

လာမည့် ဖေဖော်ဝါရီလတွင် ထိုင်းနိုင်ငံ၌ ပြုလုပ်မည့် ၃၂ ကြိမ်မြောက် နှစ်ပတ်လည် ရွှေမြွေဟောက် (Cobra Gold) စစ်ရေးလေ့ကျင့်မှုသို့ တက်ရောက်ရန် မြန်မာစစ်ဘက် အရာရှိ သုံးဦးအထိ ဖိတ်ကြားခံရနိုင်ကြောင်း၊ အာရှနှင့် ပစိဖိတ် လုံခြုံမှု ရေးရာ ကာကွယ်ရေး ဌာန သတင်းထုတ်ပြန်ရေး အရာရှိ ဗိုလ်မှူး ကေသီဝီ(လ) ကင်ဆန်က ပြောသည်။ ထိုအရာရှိများမှာ စစ်ရေး လေ့ကျင့်မှုတွင် လေ့လာသူအဖြစ် ပါဝင်မည် ဖြစ်ကြောင်း သိရှိရသည်။ စစ်ရေး လေ့ကျင့်မှုကို ထိုင်းနိုင်ငံက ဦးဆောင် မည် ဖြစ်ပြီး ပါဝင်မည့်သူများကို ထိုင်းကပင် ဖိတ်ခေါ်မည် ဖြစ်သည်ဟု ဝီ(လ)ကင်ဆန်က ဆိုသည်။

“ထိုင်းဘုရင့် နိုင်ငံတော်က ဗမာစစ်ဘက်အရာရှိ တပ်ဖွဲ့ငယ် တစ်ခုကို လေ့လာသူအဖြစ် ကော်ဘရာဂိုး(လ)မှာ တက်ရောက် ပြီး လူသားချင်းစာနာမှု အထောက်အကူ၊ ဘေးဒုက္ခ ကယ်ဆယ်ရေး၊ ဒါမှမဟုတ် စစ်ဘက် ဆေးကုသရေး ကဏ္ဍမှာ လေ့ လာခွင့်ရဖို့ ပန်ကြားလာတာ ကို အမေရိကန်ပြည်ထောင်စုက စဉ်းစားနေပါတယ်။ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်မှု၊ စစ်ဘက် ကို အရပ်ဘက်က ထိန်းချုပ်မှု၊ အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေးနဲ့ တခြားပြုပြင်ပြောင်း လဲရေးကိစ္စတွေ တိုးတက်ဖို့ အမေရိကန် ပြည်ထောင်စုရဲ့ ကြိုးပမ်းမှုတွေနဲ့ ကိုက်ညီနေသမျှ ဒါကိုဖွင့်ထားပါတယ်။ ဒါပေမယ့် အားလုံးက အဦးအစ အဆင့်ရှိပါသေးတယ်။ ဘာဆုံးဖြတ် ချက်မှ ဘာဖိတ်ခေါ်မှုမှ မလုပ်ရ သေးပါဘူး”ဟု ဝီ(လ)ကင်ဆန်က ပြောပါ သည်။ ကော်ဘရာဂိုး(လ)သို့ မြန်မာ နိုင်ငံကို ဖိတ်ကြားရေး ဖြစ်နိုင်ချေရှိမှုကို တံခါးဖွင့်ပေးခဲ့သည့် ထင်မြင်သုံးသပ်ချက် များအား ပင်တာဂွန် သတင်းထုတ်ပြန်ရေးမှူး ဂျော့(ချ) လစ်တယ်က သောကြာနေ့ တွင် ပြောကြားခဲ့သည်။

ကော်ဘရာဂိုး(လ)မှာ အာရှ- ပစိဖိတ်ဒေသအတွင်း ပြုလုပ်သော အမေရိကန်ပြည်ထောင်စု၏ အကြီးမားဆုံး နိုင်ငံစုံ စစ်ရေး လေ့ ကျင့်မှု ဖြစ်သည်။

Ref: အင်ဒီပဲန်ဒဲတ်

0 comments:

အပေါ်သို့