Friday, November 2, 2012

ခိုးဆိုးလုယက် ဘ၀ ပြန်မရောက်လို၍ အနှေးယာဉ်လုပ်သားများဆန္ဒထုတ်ဖော်

ယမင်း (မြစ်မခ)
1 Nov, 2012

လှိုင်သာယာမြို့နယ်အတွင်းရှိ လိုင်စင်မဲ့အနှေးယာဉ် လုပ်သားနှစ်ရာကျော်က တရားဝင်လိုင်စင် ချထားပေးရန် အတွက် နိုဝင် ဘာလဆန်းပိုင်း၌ ဆန္ဒထုတ်ဖော်ပွဲများ ပြုလုပ်ခဲ့ကြသည်။

တရားဝင် လုပ်ကိုင်စားသောက်လိုခြင်းကြောင့် အနှေးယာဉ်ဆိုက္ကားများအတွက် အခွန်ပေးဆောင် လိုင်စင်ရရှိလိုမှုအပါအ၀င် လိုင်စင်မဲ့အနှေးယာဉ်ဖမ်းဆီးမှုအား ရပ်တန့်စေရေးအတွက် ဆန္ဒထုတ်ဖော် ခဲ့ခြင်းလည်းဖြစ် သည်။

“စီးပွားရေးအကြပ်အတည်း ဖြစ်လာတဲ့အခါကျတော့ လိုင်စင်ရရှိရေးအတွက်ကို ငြိမ်းချမ်းစွာ တောင်း ဆိုတာပါ။ လိုင်စင်မဲ့တွေကို ဖမ်းတယ်ဆိုရင် သူတို့ကို မှီခိုနေရတဲ့ မိသားစု စားဝတ်နေရေးက ဘယ်လို ဖြေရှင်းမှာလဲ။ သူတို့က အကြောင်းမကြားဘဲ ဖမ်း တယ်။ သိမ်းဆည်းတယ်ဆိုပြီး အပိုင် သိမ်းဆည်း လိုက်တော့ ကျွန်တော်တို့က တောင်းဆိုခွင့် မရှိတော့ဘူးလား” ဟုလှိုင်သာယာ မြို့နယ် ရေဥက္ကံ ကျေးရွာမှ အနှေးယာဉ်လုပ်သား ဦးဇော်ခင်က ပြောသည်။

လှိုင်သာယာမြို့နယ်ရှိ လိုင်စင်မဲ့ အနှေးယာဉ်ဆိုက္ကားများအား စည်ပင်မှ သိမ်းဆည်းမှုကြောင့် အနှေးယာဉ်လုပ်သားများအနေဖြင့် စားဝတ်နေရေးကြပ်တည်းလာ၍ လိုင်စင်ချထားပေးပါရန် နိုဝင်ဘာလ(၁)ရက်နေ့ နံနက် ၉ နာရီ လှိုင်သာယာမြို့နယ် သမကုန်း ရပ်ကွက်မှ ရုံးရှေ့ အောင်မြေ သာယာဘုရားအထိ အနှေးယာဉ်လုပ်သားပေါင်း (၂၀၀)ကျော်မှ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ ကြခြင်း ဖြစ်သည်။

“နိုင်ငံတော်သမ္မတကြီး ပြောထားတာရှိတယ်လေ ဆင်းရဲမှုကို လျှော့ချပေးမယ်၊ အလုပ်လက်မဲ့တွေ အလုပ်ရအောင် လုပ်ပေးမယ် ဆိုတဲ့နေရာမှာ ကျွန်တော်တို့လယ်ယာမြေတွေလည်း အသိမ်းခံရပြီး တော့ ဒီအလုပ်မှ လုပ်မစားရဘူးဆိုရင် ခိုးဆိုးလုယက်တဲ့ ဘ၀တွေကို ပြန်ရောက်သွားမှာပဲ ” ဟု လှိုင်သာ ယာမြို့နယ် အနှေးယာဉ် အလုပ်သမားအဖွဲံ စည်းရုံးရေးမှူး ဦးနီလေးက ပြော သည်။

အဆိုပါ ဆန္ဒထုတ်ဖော်မူတွင် အနှေးယာဉ်လုပ်သားများအနေဖြင့် အနှေးယာဉ်ဆိုက္ကားများ လိုင်စင်ရရှိရေး၊ နိုင်ငံတော် ဘဏ္ဍာ အခွန် အခ တရားဝင်ပေးဆောင်ရေး၊ ဆင်းရဲသားအနှေး ယာဉ်လုပ်သားများ အလုပ်အကိုင်တည်တံ့ရေး နှင့် အနှေးယာဉ် ဆိုက္ကား များဖမ်းဆီးခြင်း ရပ်တန့်ပေးရေးစသည့် အချက် လေးချက်ဖြင့် ဆန္ဒထုတ်ဖော်ခြင်းဖြစ်သည်။

အနှေးယာဉ်ဆိုက္ကားများတရားဝင်မှတ်ပုံတင် လိုင်စင်ချထားပေးရန်ရှိ/မရှိ မေးခွန်းအား ၂၀၁၂ ခုနှစ် ဧပြီလ(၂၅)ရက်နေ့တွင် ကျင်းပခဲ့သော ရန်ကုန်တိုင်းဒေသကြီးအထူး အစည်းအဝေးတွင် မေးမြန်းခဲ့ပြီး မေလ (၂၁)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး မြို့တော်ဝန် ဦးလှမြင့်မှ ယခုကဲ့သို့ ပြောကြားခဲ့သည်။

"လိုင်စင်မဲ့ဆိုက္ကားများအား တရားဝင်လိုင်စင်ချ ထားပေးနိုင်ရေး အစီအစဉ်မရှိကြောင်း၊ လိုင်စင်များ ထပ်မံခွင့်ပြုပါက မူလလိုင် စင်ကို အမှီပြု၍ နံပါတ်တူ၊ အတု၊ အပွားများ ပိုမိုများပြားလာနိုင်ခြင်းနှင့် လူတစ်ဦး၏ ခွန်အားဖြင့် မိမိတို့လိုရာ ခရီးသို့ ရောက် မည့် ယခုလို အသက် မွေးလုပ်ငန်းအား တဖြည်း ဖြည်းချင်းလျှော့ချခြင်း၊ ပပျောက်အောင် ဆောင် ရွက်ခြင်းတို့သာ ဆောင်ရွက် သင့်ပါတယ်"ဟု ၄င်းက စာဖြင့် ပြန်လည်ဖြေကြားခဲ့ကြောင်း သိရှိရသည်။

လက်ရှိတွင် အဆိုပါမြို့နယ်တွင်း လိုင်စင်ရှိ အနှေးယာဉ်ပေါင်း (၁၄၁၄)စီးရှိပြီး ကျန်အစီးပေါင်း (၅၀၀၀) နီးပါးခန့်မှာ လိုင်စင်မဲ့ ယာဉ်များဖြစ်ကာ အောက်တိုဘာ (၁၈) ရက်နေ့မှ စတင်ကာ စည်ပင်မှ မြို့နယ်တွင်းရှိ လိုင်စင်မဲ့ ဆိုက္ကားအစီးရေ(၄၀)ကျော် အား သိမ်းဆည်းခဲ့ကြောင်းသိရှိရသည်။

အနှေးယာဉ်လုပ်သားများအနေဖြင့် နိုဝင်ဘာ (၂)ရက်တွင်လည်း ဆက်လက်ဆန္ဒထုတ်ဖော် သွားမည် ဖြစ်ပြီး သာယာကုန်း ကျေးရွာ၊ ကစင်ကျေးရွာ၊ ရွှေလင်ပန်း နှင့် ကျန်စစ်သားလမ်းမတစ်လျှောက်ရှိ စက်မှုဇုံ ၁၊၂၊၃၊၄တို့ရှိ အနှေးယာဉ်ဆိုက္ကား လုပ်သား များ ပါဝင်ကြသည်။

လှိုင်သာယာမြို့နယ်၌ ကျေးရွာကြီး (၉)ရွာ နှင့် ရပ်ကွက်ပေါင်း(၂၀)ရှိကြောင်း အနှေးယာဉ်လုပ်သားများထံက သိရသည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့