Wednesday, August 3, 2011

မေတ္တာနိုင်ငံတော်နှင့် အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး တို့အတွက် သမိုင်းသင်ရိုး ညွှန်းတမ်း အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပပြီးစီး

02 August 2011

“တိုင်းပြည်ကို နာမည်အသစ် ပေးသင့်တယ် - အဲဒီနာမည်ကတော့ - မေတ္တာနိုင်ငံတော် - the Union of Metta-Land လို့ အသက် ၇၀ ကျော် ကရင် ကျောင်းဆရာကြီးက အကြံပြုပါတယ်။ နိုင်ငံ တ၀ှမ်းလုံးမှာရှိတဲ့ လူသားအားလုံး၊ လူမျိုးနွယ်စု အားလုံးကို ကိုယ်စားပြုတဲ့ နိုင်ငံ။”

မြန်မာ့ ရွှေပြောင်းဒေသ ဆရာဆရာမများ အစည်းအရုံး (BMTA) နှင့် World Education၊ Curriculum project, Suvanimit Foundation နှင့် ပညာရေးနတ်ဝါ့က် CTDCEP တို့ ပူးပေါင်း၍ ပညာရေး အလုပ်ရုံဆွေးနွေးပွဲ ၂ ခုကို အောင်မြင်စွာ ကျင်းပ ပြုလုပ်ခဲ့ကြသည်။


သမိုင်းဘာသာရပ် သင်ရိုးညွှန်းတမ်းနှင့် သိပ္ပံဘာသာရပ် PBL သင်ကြားနည်း အလုပ်ရုံ ဆွေးနွေးပွဲများ ဖွင့်ပွဲ အခမ်းအနားကို မဲဆောက်မြို့ CDC အထက်တန်းကျောင်းတွင် ၂၀၁၁ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့ တွင် ကျင်းပ ပြုလုပ်ခဲ့ရာ ရွှေ့ပြောင်းဒေသ အလယ်တန်းနှင့် အထက်တန်းကျောင်း ၂၀ မှ ဆရာဆရာမ ၄၇ ဦး တက်ရောက် ကြပါသည်။

ထိုအခမ်းအနားသို့ BMTA ဥက္ကဌ ဆရာ မန်းရွှေနှင်းနှင့် BMTA မှ တာဝန်ရှိသူများ၊ ပညာရေး၊ ကျန်းမာရေးနှင့် ကလေး ကာကွယ် စောင့်ရှောက်ရေး နက်ဝပ် (CTDCEP) နှင့် Suvanimit Foundation မှ ဆရာဦးသိန်းနိုင်နှင့် ဆရာမောင်မောင်ကြီး၊ World Education မှ Director ဖြစ်သူ Mr. Greg Antos, Curriculum Project မှ တာဝန်ရှိသူများက ဖွင့်ပွဲ အမှာစကားများ ပြောကြား ခဲ့သည်။ BMTA မှ အလုပ်အမှုဆောင် တစ်ဦးဖြစ်သူ စေတနာ အလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာဦးဖိုးချိုက အခမ်း အနားမှူးအဖြစ် ဆောင်ရွက်ခဲ့ပါသည်။

သမိုင်းသင်ရိုးညွှန်းတမ်းနှင့် သင်ကြားရေး အလုပ်ရုံ ဆွေးနွေးပွဲကို မြန်မာ့သမိုင်း သင်ရိုးညွှန်းတမ်း များနှင့် ပတ်သက်ပြီး အမေရိ ကန်နိုင်ငံ၊ Cornell University တွင် ပါရဂူဘွဲ့ PhD စာတမ်း ပြုစုခဲ့သူ ဆရာမရိုစ့် Rosalie Metro က ဦးဆောင် ဆွေးနွေးပြီး၊ သိပ္ပံသင်ရိုးညွှန်းတမ်း PBL အလုပ်ရုံ ဆွေးနွေးပွဲကို စင်္ကာပူနိုင်ငံ ပိုလီ တက္ကနစ်ကျောင်းတွင် သင်ကြားခဲ့သူ ဆရာမ ဒေါ်စိုးစိုးတို့က ဦးဆောင် ဆွေးနွေးကြပါသည်။ သမိုင်း သင်ရိုးညွှန်တမ်း ဆွေးနွေးပွဲတွင် စကားပြန်အဖြစ် CDC ကျောင်းမှ အထက်တန်းအဆင့် သမိုင်းဆရာ ဦးအောင်ခိုင်မှ ဆောင်ရွက်ခဲ့သည်။

အတွေ့အကြုံများကို ဖလှယ်

သမိုင်းဘာသာရပ် အလုပ်ရုံ ဆွေးနွေးပွဲတွင် တက်ရောက်သူ Love& Care ကျောင်းမှ ဆရာကြီး ရှိးရှီထွန်းမှ “ကျွန်တော့ကို ၁၉၄၇ ခုနှစ်မှာ မွေးပါတယ်။ ကျွန်တော် ကရင်လူမျိုး တစ်ယောက် အနေနဲ့ ဖြတ်သန်း တွေကြုံ လာခဲ့ရတဲ့ သမိုင်းဆိုင်ရာတွေကို ပါဝင် ဆွေးနွေးဖို့ရယ် ငြိမ်းချမ်းရေးနဲ့ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုကြီး ပေါ်ပေါက် လာရေးဆိုတဲ့ ရှုထောင့်ကနေ ပါဝင် ဆွေးနွေး ပါတယ်။ အခုလိုမျိုး ဆွေးနွေးပွဲတွေ လုပ်ပေးတာ အရမ်းကောင်းတယ်။ မကြာခဏ ဆိုသလို လုပ်ပေးသင့်ပါတယ်။ ပါဝင်တက် ရောက်ကြ သူတွေ အားလုံး ပါဝင်ပြီး ပိုမို ဆွေးနွေးနိုင်ကြဖို့နဲ့ ဒီဆွေးနွေးချက်တွေကို စာအုပ် စာတမ်းတွေအဖြစ် ထုတ်ဝေ သွား နိုင်ရင် ပို ကောင်းပါတယ်။ ” ဟု ပြောပြ ခဲ့သည်။

လူမှုအနိဌာရုံ ကင်းစင်သင့်သည့် မူလတန်း သင်ရိုးညွှန်းတမ်း

ဆရာအတတ်ပညာနည်းပြနှင့် ပညာရေး သုတေသီတစ်ဦးဖြစ်သူ ဆရာ ဦးသိန်းနိုင်မှ တက်ရောက်လာကြသည့် သမိုင်းဆရာများ အား ပညာရေး စိတ် ပညာ၊ ကလေးသူငယ် ဖွံ့ဖြိုးရေးနှင့် သမိုင်းသင်ကြားရေးတို့ ဆက်စပ် ယှက်နွယ်မှုကို ဆွေးနွေး တင်ပြခဲ့ပါ သည်။

“မူလတန်း သင်ရိုးညွှန်းတမ်းတွေမှာ အထူးသဖြင့် အသက် ၁၃ နှစ်လောက်အထိ သင်ရိုးညွှန်းတမ်းများမှာတော့ လူမှုအနိဌာရုံ တွေ၊ တဖက်သက် အတွေးအမြင်တွေ ကင်းစင်သင့်ပါတယ်။ နုနယ်လှတဲ့ စိတ်နှလုံးသားတွေမှာ အနာတရ မဖြစ်ဖို့၊ ပြင်းထန်တဲ့ နာကျင်မှု မရသွားဖို့ အင်မတန်မှ အရေးကြီးတယ်။ လက်ရှိသမိုင်း ဖတ်စာအုပ်တွေကို ပြန်လည် စိစစ် သင့်ကြပါတယ်။”

အထက်တန်းအဆင့်များတွင် ယခုရှိသည့် သမိုင်း ဖတ်စာအုပ်များနှင့် မလုံလောက်ကြောင်းကိုလည်း ရှင်းပြခဲ့ပါသည်။

သမိုင်းဖတ်စာအုပ်များ ပိုမိုလိုအပ်နေ

“ဝေဖန်ပိုင်းခြားတဲ့ဥာဏ် ပိုရင့်သန်လာတဲ့ အထက်တန်း အဆင့်တွေမှာတော့ အခုရှိတဲ့ သမိုင်း စာအုပ်တွေအပြင် အခြားသော စာအုပ်စာတမ်းပေါင်းများစွာကို ဖတ်ရှုလေ့လာခွင့် ပေးနိုင်ပါတယ်။ သမိုင်းထဲက ဗမာပဒေသရာဇ်၊ မွန်ပဒေသရာဇ်၊ ရှမ်းပဒေ သရာဇ်၊ ကရင်ပဒေသရာဇ်တွေရဲ့ အဆိုး၊ အကောင်း၊ အမှား၊ အမှန် လုပ်ရပ်တွေကို ခံစားမှုကော အသိဥာဏ်နဲ့ပါ ယှဉ်တွဲပြီးတော့ ဝေဖန် ဆန်းစစ်တတ်အောင် လေ့ကျင့် ပျိုးထောင်ရမှာပါ။ အဲဒီအခါမှာ ၁၅-၁၆ နှစ်အရွယ် ဗမာ၊ မွန်၊ ရှမ်း၊ ကရင်ကလေးတွေဟာ တဖက်သက် အမြင်မျိုးနဲ့ မဟုတ်တော့တဲ့ မျှတတဲ့ အမြင်တွေ၊ သင်ခန်းစာတွေ ရလာကြမယ်။ မိမိရပ်ရွာနဲ့ လူမျိုး၊ လူ့အဖွဲ့ အစည်း အပေါ်မှာ အကျိုးကို လိုလားတဲ့ စိတ်အခြေခံ အကောင်းမြင် သဘောထားနဲ့ အသိဥာဏ် ကြွယ်ဝ လာမယ်” ဆရာဦးသိန်းနိုင်၏ ဆွေးနွေးခဲ့မှုများ ဖြစ်ပါသည်။

စံပြုထိုက်တဲ့ ပုဂ္ဂိုလ်များကို ရွေးချယ်ကြရာဝယ်

“သမိုင်းသင်ရိုးများထဲတွင် စံပြုထိုက်တဲ့ပုဂ္ဂိုလ် ရွေးချယ်ရာမှာလည်း စစ် ဘုရင်တွေ၊ စစ်သူကြီးတွေ၊ စစ်ခေါင်းဆောင်တွေတင် မကဘဲ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ အမျိုးသမီးရေး၊ စာပေ၊ ဂီတနဲ့ လက်မှုပညာရပ် နယ်ပယ်များထဲက မြန်မာ ရပ်ရွာနဲ့ လူသား အကျိုးပြုခဲ့တဲ့ ပုဂ္ဂိုလ်များကိုလည်း ရွေးချယ်ကြသင့်ပါတယ်။”

ဆရာမ ရို့စ်မတ်ထရို၏ သုံးသပ်ချက်

မြန်မာနိုင်ငံ ပြည်တွင်းနှင့် ထိုင်း-မြန်မာနယ်စပ်တွင် ပညာရေး သုတေ သနများပြုလုပ်ခဲ့ပြီး NHEC ဆရာအတတ်ပညာ သင်တန်း များတွင် လည်း နည်းပြအဖြစ် သင်ကြားခဲ့သူ ဆရာမရို့စ်မှ သမိုင်းသင်ရိုး ညွှန်း တမ်း သင်တန်းနှင့် ပတ်သက်ပြီး မောက္ခပညာရေး မဂ္ဂဇင်းကို အောက်ပါ အတိုင်း သူမ၏ အမြင်အား အကျယ်တ၀င့် ရှင်းပြခဲ့ပါသည်။

အမျိုးသား ရင်ကြားစေ့ရေးအတွက် သမိုင်းသင်ရိုးညွှန်းတမ်း

“သမိုင်းဘာသာရပ် သင်ကြားရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ ဝေဖန်ဆန်းစစ်တွေးတောတတ်ဖို့ရယ်၊ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးတွေအတွက် ဖြစ်ပါတယ်။ အဲဒီအတွက် သမိုင်းကို မတူတဲ့ ရှုထောင့်အမျိုးမျိုးကနေ ကလေးများဟာ သိမြင် လေ့လာခွင့်ရဖို့ ကူညီပေးရပါမယ်။ ဒါပေမဲ့ ဒီအချက်ကို လူတိုင်းက သဘော မတူညီနိုင်ဘူးဆိုတာကိုလည်း ကျမတို့ နားလည် ထားပါတယ်။ ဥပမာအားဖြင့် ဒီသင်တန်း ဆွေးနွေးပွဲမှာ သမိုင်းဆရာ တချို့ရဲ့ အမြင်မှာတော့ သမိုင်းမှန် တမျိုးတည်းပဲ ရှိတယ် လို့ ခံယူထားကြပါတယ်။”

သမိုင်းနှင့် နိုင်ငံရေး

“နောက်ပြီးတော့ အဲဒါကို နိုင်ငံရေးနဲ့လည်း မရောထွေး ပစ်သင့်ဘူးလို့ သူတို့က ရှုမြင်ကြပါတယ်။ ကျမရဲ့ အမြင်မှာတော့ သမိုင်းနဲ့ နိုင်ငံရေးဆိုတာဟာ ဆက်စပ် ယှက်နွယ်နေတာပါ။ အဲဒီအတွက် သမိုင်းကို သင်ကြားကြတဲ့အခါမှာ ဘယ်လို နိုင်ငံရေး ဦးတည် ချက်ကို ရရှိ စေချင်သလဲ ဆိုတာကိုလည်း လေ့လာ သုံးသပ်ပြီး ရွေးချယ် ရပါလိမ့်မယ်။ ဒါကတော့ သင်ရိုး ဖတ်စာအုပ် ထဲမှာ ပါတဲ့ အတွေးအခေါ် အယူအဆ လောက်နဲ့ပဲ မလုံလောက်တော့ပါဘူး။ ဒီသင်တန်းကတော့ အခုလိုမျိုး သမိုင်း သင်ကြားရေး အပေါ်မှာ မတူညီတဲ့ အတွေးအမြင်တွေကို လွပ်လွပ်လတ်လတ် ဆွေးနွေဖလှယ်ခွင့်ရရှိတဲ့အတွင် အင်မတန်မှ အကျိုးရှိပါတယ်။ ဆရာဆရာတွေကလည်းပဲ လွတ်လပ်ပွင့်လင်းစွာ ဆွေးနွေးပေးကြတဲ့ ကျေးဇူးအများကြီး တင်ရပါတယ်။

ထူးခြားဖြစ်စဉ် ၂ ခု

ဒီနေ့ဆရာများရဲ့ သင်တန်းများ အင်မတန်မှ ထူးခြားလှတဲ့ ဖြစ်ရပ် ၂ ခု ရှိပါတယ်။ တခုကတော့ စေတနာမူလတန်းကျောင်းက ၅ တန်းကျောင်းသား ၂ ဦးကို ကျမ ဖိတ်ခေါ်ခဲ့တာပါ။ အဲဒီ ကျောင်းသားငယ် လေးတွေက သမိုင်းနဲ့ နိုင်ငံရေးအပေါ်မှာ သူတို့လေးတွေရဲ့ ထင်မြင်ယူဆချက်တွေကိုလည်း ဆရာ ဆရာမများကို တင်ပြခွင့်ရရှိခဲ့တာပါ။ အဲဒီကလေးတွေကတော့ ငယ်ငယ်လေးကတည်းက ကျောင်းသား ဗဟိုပြု - ဝေဖန်ဆန်းစစ် စဉ်းစားတွေးတောတဲ့ သင်ယူခြင်း နည်းလမ်းများနဲ့ ကျောင်းတတ်ခဲ့ကြသူတွေလည်း ဖြစ်တယ်။ သူတို့လေးတွေရဲ့ ထင်မြင်ယူဆချက်တွေကို ဆရာများရဲ့ ရှေ့မှာ ထုတ်ဖေါ် ဆွေးနွေးဖို့ ၀န်မလေးကြဘူး။ မကြောက်ကြဘူး။ သင်တန်းမှာ တတ်ရောက်လာကြတဲ့ ဆရာများကလည်း တလေးတစား နားထောင်ပြီးတော့ မေးခွန်းတွေ ပြန်မေးကြတာပါ အင်မတန်မှ ကြည်နူးစရာ ကောင်းလှတယ်။ အဲဒီလိုမျိုး အမြဲတမ်း ဖြစ်နေရင် သိပ်ကောင်းမှာပဲ။

မေတ္တာနိုင်ငံတော်

ဒုတိယ ထူးခြားချက်တခုကတော့ Love and Care စာသင်ကျောင်းက ဆရာကြီး ရှီရှိုထွန်းက သူရဲ့ အတွေ့အကြုံများကို ဝေမျှ ခဲ့တာပါ။ ကိုလိုနီနယ်ချဲ့ကာလမှာ မွေးဖွားခဲ့တဲ့ ဆရာကြီးဖြစ်တယ်။ သမိုင်းကို ကိုယ်ပိုင်မျက်လုံးများနဲ့ မြင်တွေ့ခဲ့ သူလည်း ဖြစ်ပါတယ်။ ဒီတိုင်းပြည်ရဲ့နာမည်ကို Burma ဒါမှမဟုတ် Myanmar (ဗမာ၊ မြန်မာ) လို့လည်း မခေါ်သင့်ဘူးလို့ ပြောပြခဲ့တယ်။ တိုင်းပြည်ကို နာမည်အသစ် ပေးသင့်တယ် - အဲဒီနာမည်ကတော့ - မေတ္တာနိုင်ငံတော် - the Union of Metta-Land လို့ အသက် ၇၀ ကျော် ကျောင်း ဆရာကြီးက အကြံပြုပါတယ်။ နိုင်ငံ တ၀ှမ်းလုံးမှာရှိတဲ့ လူသားအားလုံး၊ လူမျိုးနွယ်စု အားလုံးကို ကိုယ်စားပြုတဲ့ နိုင်ငံ။ ချစ်ခြင်း မေတ္တာတရားလည်း ထွန်းကားသော နယ်မြေ။ ဆရာကြီးက နိုင်ငံတော်၊ အမျိုးသား သီချင်းတစ်ပုဒ် ကိုလည်း စပ်ထားပါသေးတယ်။ ဒီမေတ္တာ နိုင်ငံတော်ကြီးကို ဂုဏ်ပြုဖို့ ၁၉၇၄ ခုနှစ် လောက် ကတည်းက သူရေးစပ် သီကုံးခဲ့ တယ်လို့ ပြောပြပါတယ်။ ဒီတေးသီချင်းကိုလည်း သမ္မတကြီး ဦးသိန်းစိန်နဲ့ ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေတို့ထံကို ပို့ဖို့ အစီအစဉ် ရှိတယ်လို့လည်းပြောပြပါတယ်။ မေတ္တာနိုင်ငံတော်သစ်ရဲ့ အမျိုးသားသီချင်းပေါ့။ လက်ခံတယ်- လက်မခံဘူးဆိုတာကိုတော့ ကျမတို့ စောင့်ကြည့်ကြမယ်လေ။”

Ref: မောက္ခ

0 comments:

အပေါ်သို့