Wednesday, August 3, 2011

ဒေါ်အောင်ဆန်းစုကြည်ကို ဆင်းရဲမှု လျှော့ချရေး ဆွေးနွေးပွဲ ဖိတ်မည်

ရန်ပိုင်
02 August 2011

ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား နေပြည်တော်၌ ကျင်းပမည့် ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး စီးပွားရေး ဆိုင်ရာ ဆေးနွေးပွဲသို့ ဖိတ်ကြားရန် အစိုးရက စီစဉ်နေသည် ဟု သမ္မတ ဦးသိန်းစိန်၏ နိုင်ငံရေး အကြံပေး ဒေါက်တာ နေဇင် လတ်က ပြောသည်။


ယခုလအတွင်း ကျင်းပရန်စီစဉ်ထားသည့် အဆိုပါ ဆွေး နွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည်အား လေ့လာသူအဖြစ် တက်ရောက်ရန် ဖိတ်ကြားခြင်း ဖြစ်သည်ဟု သိရ သည်။

“ပူးပေါင်းဆောင်ရွက်ဖို့ အားလုံး ကျယ်ကျယ်ပြန့်ပြန် ဖိတ်မယ်။ ၀န်ကြီးဌာနက အကြောင်းကြားလိမ့်မယ်။ ဒါ အလားအလာ ကောင်းတွေပဲ” ဟု ဒေါက်တာ နေဇင်လတ်က ဧရာဝတီသို့ ပြောသည်။

ထိုသို့ ဖိတ်ကြားမည်ဆိုသည်နှင့် ပတ်သက်၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အနေဖြင့် မသိရသေး ကြောင်း ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က ဆိုသည်။

ယခုနှစ် မေလအတွင်းက နေပြည်တော်တွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ပထမဆုံးအကြိမ် အလုပ်ရုံ အစည်းအဝေးကို ၃ ရက်ကြာ ကျင်းပခဲ့သည်။

ပြီးခဲ့သည့် လအတွင်းကလည်း ဒေါ်အောင်ဆန်းစုကြည်သည် အလုပ်သမား ဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန နှစ်ဌာန ၀န်ကြီး ဦးအောင်ကြည်တို့ အစိုးရ ဧည့်ဂေဟာတွင် တွေဆုံဆွေးနွေးပြီး ပူးတွဲကြေညာချက်တစောင် ထုတ်ပြန်နိုင်ခဲ့သည်။

ထိုသို့ ပူးတွဲကြေညာချက် ထုတ်ပြန်နိုင်ခြင်းကြောင့် ယခုအခါ အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အကြား ဘုံသဘောတူချက် တခုရရှိထားပြီဟု ယူဆနိုင်သည်ဟု ဒေါက်တာ နေဇင်လတ်က ဆိုသည်။

ယခု နေပြည်တွင် ကျင်းပမည့် ဆွေးနွေးပွဲသို့ အစိုးရက ဖိတ်ကြားရန် စီစဉ်ခြင်းမှာလည်း အပြုသဘောဆောင်သည့် ပြုပြင် ပြောင်းလဲမှုများဖြစ်သည်ဟု သုံးသပ်ကြောင်း ဆက်လက်ရှင်းပြသည်။

အစိုးရ၀န်ကြီး ဦးအောင်ကြည်နှင့် တွေ့ဆုံပြီး မကြာမီမှာပင် ဒေါ်အောင်ဆန်းစုကြည်ကလည်း လတ်တလော တိုင်းရင်းသား ဒေသများတွင်ဖြစ်ပွားနေသည့် စစ်ပွဲများရပ်စဲရေးအတွက် ကြားဝင်ညှိနှိုင်းပေးရန် အသင့်ရှိကြောင်း အိတ်ဖွင့်ပေးစာကို သမ္မတ ဦးသိန်းစိန် အပါအ၀င် ကချင် လွတ်လပ်ရေးအဖွဲ့ (KIO)၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရှမ်းပြည် တပ်မတော် (SSA) ဟူ၍ လိပ်မူကာ ပေးပို့ထားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်တို့ ဆွေးနွေးပွဲမဖြစ်မြောက်မီ ပဏမညှိနှိုင်းရေးများ လုပ်ဆောင်စဉ် ကတည်းကပင် အစိုးရဘက်မှ တင်ပြသည်များကိုလည်း ဒေါ်အောင်ဆန်းစုကြည်က နားထောင်ပေးမည်ဖြစ်ပြီး တဘက်နှင့်တဘက် တောင်းဆို မှုများ ပြုလုပ် မည်မဟုတ်ဟူသော သဘောတူညီချက်ဖြင့် ဆွေးနွေးပွဲ စတင်ခြင်းဖြစ်သည်ဟု NLD ပါတီဝင်တဦးက ပြောသည်။

Ref: ဧရာဝတီ

0 comments:

အပေါ်သို့