Thursday, August 4, 2011

ကြံ့ခိုင်ရေးပါတီကို ပါတီဝင်များ ဖျက်ဆီးနေပြီဟုဆို

August 3, 2011
အံ့ဘုန်းမြတ်

၂၀၁၀ ရွေးကောက်ပွဲအနိုင်ရ နိုင်ငံတော်အကြီးအကဲတွေ ဦးဆောင် ထူထောင်ထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီကို အောက်ခြေ ပါတီဝင်တွေ ဖျက်ဆီးမှု ပြုလုပ်နေပြီလို့ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်က ပြောကြားလိုက်ပါတယ်။

ကြံ့ခိုင်ရေးပါတီရဲ့ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့အတူ အောက်ခြေ ပါတီဝင်တွေက မြန်မာနိုင်ငံအနှံအပြား ဒေသတွေမှာ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူး နေရာအတွက် လာဘ်ယူ ခန့်ထားမှုတွေနဲ့အတူ ဒုစရိုက်မှု မကင်းသူတွေပါ ခန့်ထားမှုတွေ ပြုလုပ်နေတာတွေအပေါ် ပြည်သူလူထုတွေရဲ့ မကျေနပ်ချက်တွေနဲ့ ထောက်ရှုပြီး ပြစ်တင်ဝေဖန် ပြောကြားလိုက်တာပါ။

ဒီလုပ်ဆောင်မှုတွေကြောင့် ကြံ့ခိုင်ရေးပါတီအပေါ် ပြည်သူလူထုက ဘယ်လို တုံ့ပြန်လာမယ်ဆိုတာ မကြာခင် မြင်တွေ့ရ တော့ မယ်လို့လည်း အမျိုးသား ဒီမိုကရေစီပါတီသစ်ရဲ့ ခေါင်းဆောင် တဦးဖြစ်တဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်က သတိပေး ပြောကြားလိုက်တာ ဖြစ်ပါတယ်။

“သမ္မတကြီးက ပြောသွားတယ် မဟုတ်လား။ clean government ကို အကောင်အထည်ဖော်ဖို့ဆိုရင်တော့ လက်ရှိ နိုင်ငံတော် အစိုးရရဲ့ မူရင်း မိခင်ပါတီကြီးက ပုဂ္ဂိုလ်ကိုယ်စားလှယ်တွေက ဒီလိုလုပ်နေတယ် ဆိုရင်တော့ နိုင်ငံတော် အစိုးရအပေါ်မှာ ကိုယ့် ပါတီက ကိုယ့်ပြန်ပြီး နာမည်ဖျက်နေတာနဲ့ မတူဘူးလားခင်ဗျာ။ အခုပြည်ခိုင်ဖြိုးပါတီဝင်တွေကပဲ လုပ်နေတဲ့ သဘောကြီးပဲ၊ သူတို့ပါတီအတွက်တော့ ရှေ့အလားအလာက လူထုက ဘယ်လိုတုံ့ပြန်လာမလဲ ဆိုတာ မကြာခင် ရင်ဆိုင်ရမယ့် အနေအထား ပေါ့။”

အလားတူ ရန်ကုန်တိုင်းအတွင်း ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်တွေနဲ့ မြို့နယ် အုပ်ချုပ်ရေးမှူးတွေ လာဘ်ယူခန့်ထားခဲ့တဲ့ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူး ကိစ္စတွေနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းအစိုးရက ပြန်လည်စိစစ်တာမျိုး မရှိတာတွေကို လာမယ့် လွှတ် တော် အစည်းအဝေးမှာ တင်ပြသွားမယ်လို့လည်း အမျိုးသား ဒီမိုကရေစီ ပါတီသစ်ခေါင်းဆောင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ဆိုပါတယ်။

“ကြံ့ခိုင်ရေးအမတ်တွေနဲ့ တိုင်ပင်ပြီးတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို ခန့်ခဲ့တယ်ဆိုတာ ဦးအောင်သိန်းလင်းရဲ့ အင်တာဗျူးမှာ တွေ့ရပါတယ်။ အဲဒါက သင်္ဃန်းကျွန်းမှာတော့ လုံးဝ တိုင်ပင်ခြင်းမရှိပါဘူး။ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ပတ်သက်ပြီးတော့ သူတို့ ခံစားချက်တွေကို တင်ပြထားတဲ့ အမှုတွဲရှိတယ်။ အဲဒီအမှုတွဲပေါ်မှာ မူတည်ပြီးတော့ သက်ဆိုင်ရာ ရန်ကုန်တိုင်း ၀န်ကြီးချုပ်ဆီ ပို့ထားတဲ့စာတွေ နောက် ဒီတခါ နေပြည်တော်သွားရင် အဲဒီအမှုတွဲကို ကိုင်ပြီးတော့ ကျနော်သွားမှာပါ။”

ဒါ့အပြင် တိုင်းပြည်အတွက် အရေးကြီး အုပ်ချုပ်ရေးယန္တရားမှာ အခုလို ဖြစ်ပေါ်နေတာတွေနဲ့ပတ်သက်ပြီးတော့လည်း ဦးသိန်းညွန့် က အခုလိုပြောပါတယ်။

“လွှတ်တော်မှာ သမ္မတကြီး ပြောခဲ့တယ်။ တရားဥပဒေစိုးမိုးရေးဆိုတော့ ကျနော်တို့ကတော့ ဥပဒေနဲ့ အုပ်ချုပ်တာကိုပဲ လိုချင် တယ်။ လူကနေ အမိန့်ပေးပြီးတော့ ဥပဒေမပါတဲ့ဟာတွေကို လုပ်တာတွေ၊ ဥပဒေပါတဲ့အတိုင်း မကျင့်သုံးတာတွေ၊ မရှိသော အာဏာကို ရယူတာ၊ ရှိတဲ့အာဏာကို မသုံးတာ၊ ဒါတွေက တရားမျှတမှု ကင်းမဲ့စေတာပေါ့။”

ရပ်ကွက် အုပ်ချုပ်ရေးမှူး ခန့်ထားတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ဒေသခံ ပြည်သူတွေက သက်ဆိုင်ရာကို တိုင်ကြားမှုတွေ ကျယ် ကျယ်ပြန့်ပြန့် ရှိနေပေမယ့် ပြည်ထောင်စု အစိုးရအပါအ၀င် တိုင်းဒေသကြီးနဲ့ ပြည်နယ် အစိုးရတွေက ဖြေရှင်းပေးတာမျိုး မရှိ သေးပါဘူး။

ဒီအပေါ် ဒေသခံပြည်သူတွေ အနေနဲ့ မကျေနပ်မှုတွေကို ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အခွင့်အရေးတွေနဲ့အညီ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်လာတဲ့ အခြေအနေမျိုးတွေအထိ ဖြစ်လာနိုင်တယ်လို့လည်း လွှတ်တော်ကိုယ်စားလှယ် အချို့က စိုးရိမ်မှုတွေ ရှိနေကြပါတယ်။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့