Wednesday, August 3, 2011

ဗိုလ်ချုပ်များ ရာထူးဘာကြောင့် ပြုတ်

03 August 2011

စစ်တပ် ထိပ်တန်း အရာရှိကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်တင်ငွေနှင့် ဗိုလ်မှူးချုပ် ထွန်းသန်းတို့နှစ်ဦး ရာထူးမှ အငြိမ်းစား ပေးခံ လိုက်ရခြင်းသည် ရန်ကုန်မြို့တော်ဝန်ဟောင်း ဦးအောင်သိန်းလင်းနှင့် လက်ရှိ ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်တို့အကြား အာဏာ ပြိုင်ဆိုင်မှုအပေါ် အခြေခံကြောင်း စစ်တပ်အသိုင်းအဝန်းတွင် ပြောဆိုနေကြသည်။

လက်ရှိ ရန်ကုန်မြို့တော်ဝန် သံအမတ်ကြီးဟောင်း ဗိုလ်မှူးချုပ်ဟောင်း ဦးလှမြင့်က မြို့တော်ဝန်အဖြစ် စတင် အာဏာ လွှဲယူ ချိန်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ စာရင်းဇယားများနှင့် ဘဏ္ဍာရေး ရှင်းတမ်းများအား စစ်ဆေး ခဲ့ ကြောင်း၊ ထိုသို့စစ်ဆေးခဲ့ရာတွင် စာရင်းကွာဟမှုများနှင့် နိုင်ငံတော်ပိုင် မြေကွက်များကို အာဏာအလွဲသုံးစားပြု၍ ရောင်းစား ခဲ့သည်များကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း၊ ယင်းကြောင့်မြို့တော်ဝန် ဦးလှမြင့်က ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးမြင့်ဆွေထံ အကြောင်း ကြားခဲ့ပြီး စစ်ဆေးမှုများပြုလုပ်ရန် တင်ပြခဲ့ကြောင်း သိရသည်။


အထက်ပါ အမှုများကို စတင်စစ်ဆေးပြီးနောက် ပထမဦးဆုံးအဖြစ် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အတွင်း ရေးမှူး ဗိုလ်မှူးကြီးဟောင်း ဦးအောင်သန်းဝင်းကို ရာထူးမှ အနားပေးလိုက်ပြီး အဆိုပါ မသမာမှုများတွင် ဗိုလ်ချုပ် တင်ငွေနှင့် ဗိုလ်မှူးချုပ်ထွန်းသန်းတို့လည်း ပါဝင်ပတ်သက်နေသည်ကို စစ်ဆေးတွေ့ရှိခဲ့သဖြင့် ဦးမြင့်ဆွေက သမ္မတနှင့် ကာကွယ် ရေးဦးစီး ချုပ်ထံ တင်ပြရာ ဇွန်လတွင် ဗိုလ်မှူးချုပ်ထွန်းသန်း၊ ဇူလိုင်လတွင် ဗိုလ်ချုပ်တင်ငွေတို့ အသီးသီး ရာထူးမှ အနားပေးခံ ခဲ့ရကြောင်း စစ်ဘက်ဆိုင်ရာ သတင်းရပ်ကွက်နှင့် နီးစပ်သူတဦးက ပြောသည်။

“မြို့တော်ဝန်သစ်က ဦးအောင်သိန်းလင်း လက်ထက်က ငွေအလွဲသုံးစားမှုတွေ စစ်ရင်းနဲ့ တနွယ်ငင် တစင်ပါဆိုသလို ဗိုလ်ချုပ် တင်ငွေနဲ့ ဗိုလ်မှူးချုပ်ထွန်းသန်းတို့ပါ ပတ်သက်နေတယ် ဆိုတာကို ထပ်တွေ့တယ်။ အဲဒီမှာ ဦးမြင့်ဆွေကလည်း ဒီပြဿနာကို သမ္မတနဲ့ ကာကွယ်ရေးဦးစီးချုပ်ဆီ တင်တယ်” ဟု သူက ဆိုသည်။

ယင်းအမှု၏ နောက်ဆက်တွဲအဖြစ် ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်သည် မြေယာဌာနမှူး အပါအ၀င် အရေးပါသော ဌာနမှူးနေရာ အများအပြားကို အပြောင်းအရွှေ့များ ပြုလုပ်ခဲ့ပြီး တချို့စည်ပင်ဌာနမှူးများကို ရာထူးမှ အနားပေးခဲ့သည်ဟု သိရသည်။

အမှတ် ၅ ကစထမှူး ဗိုလ်ချုပ်တင်ငွေနှင့် ရန်ကုန်တိုင်းမှူး ဗိုလ်မှူးချုပ်ထွန်းသန်း တို့သည် စည်ပင်ပိုင် မြေကွက် ၄၀ ထက် မနည်း ရောင်းချသော အမှုများတွင် ပါဝင်ပတ်သက်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပြီး ရောင်းချခဲ့သော မြေကွက်များ အားလုံးကို နိုင်ငံ တော်ပိုင်အဖြစ် ပြန်လည်သိမ်းယူခဲ့ကြောင်း စစ်ဘက်ဆိုင်ရာ သတင်းရပ်ကွက်က ဆိုသည်။

ထို့အပြင် ဗိုလ်ချုပ်တင်ငွေသည် အလယ်ပိုင်းတိုင်းမှူးအဖြစ် တာဝန်ယူစဉ်က ကျပ်သိန်း ထောင်ချီတန်သည့် မြေကွက်များအား ရောင်းစားခဲ့သည်ကို ထပ်မံစစ်ဆေးတွေ့ရှိခဲ့ရပြီး ဗိုလ်မှူးချုပ်ထွန်းသန်းသည်လည်း စစ်တပ်ရန်ပုံငွေများကို အလွဲသုံးစားမှုများ ပြုလုပ်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်ဟု သိရသည်။

ရာထူးမရှိတော့ဘဲ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) တွင် ရန်ကုန်တိုင်း တာဝန်ခံအဖြစ် တာဝန် ထမ်း ဆောင်နေသော တောင်ဥက္ကလာပ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်းကို ခေါ်ယူစစ်ဆေးမှုတချို့ ရှိခဲ့ သော်လည်း တစုံတရာ အရေးယူခဲ့ခြင်း မရှိပေ။

ဦးအောင်သိန်းလင်းသည် ရာထူးမှ အနားပေးခြင်း ခံလိုက်ရသော သူ၏တပည့် ဦးအောင်သန်းဝင်းကို ကြံ့ဖွံ့ပါတီ၏ စည်းရုံးရေး လုပ်ငန်းများ လုပ်ဆောင်ရန် ပါတီတွင် ရာထူးတနေရာ ပေးပြီး ပြန်လည် ခေါ်ယူခဲ့သည်။

ယခုအခါ ရန်ကုန်တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသော ဗိုလ်မှူးချုပ်ဆန်းဦးသည် ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်ဆွေ ၏ သားတပည့်တဦး ဖြစ်သည်ဟု သိရှိရသည်။

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် ဗိုလ်ချုပ်မြင့်စိုး၊ ဗိုလ်ချုပ်ခင်ဇော်ဦး၊ ဗိုလ်ချုပ်ကျော်ဖြိုး၊ ဗိုလ်မှူးချုပ် သန်းထွန်းဦး၊ ဗိုလ်မှူးချုပ်ခင်မောင်ဌေးတို့ကိုလည်း အာဏာအလွဲသုံးစားမှုနှင့် လာဘ်ပေးလာဘ်ယူ မှုများ ပြုလုပ်ခဲ့ခြင်းရှိ၊ မရှိ ခေါ်ယူစစ်ဆေးလျက်ပြီး စစ်တပ်အတွင်း ထိပ်တန်းစစ်ဗိုလ်ချုပ်တချို့ ထပ်မံ အနားပေးခံရဖွယ် ရှိကြောင်း စစ်ဘက်ဆိုင်ရာ သတင်းရပ်ကွက်တွင် ပြောဆိုနေသည်။

Ref: ဧရာဝတီ

0 comments:

အပေါ်သို့