Saturday, August 6, 2011

ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော် ဖိတ်ရေး လက်တွေ့ကမ်းလှမ်းမှု မရှိသေး

ရန်ပိုင်
05 August 2011

ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ဆွေးနွေးပွဲသို့ ဒေါ်အောင်ဆန်းစုကြည်အား ဖိတ်ကြားမည်ဟု ပြောဆိုသော်လည်း လက်တွေ့ကမ်းလှမ်းမှု မရှိသေး၍ သံသယဖြစ်မိကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ဝေဖန်ပြောဆိုလိုက်သည်။


နေပြည်တော်၌ ယခုလအလယ်၌ အစိုးရက ပြုလုပ်မည့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ဆွေးနွေး ပွဲသို့ ဒေါ်အောင်ဆန်းစုကြည်အား NLD ပါတီ ခေါင်းဆောင်တဦးအနေဖြင့် ဖိတ်ကြားခြင်းမဟုတ် ဘဲ တသီးပုဂ္ဂလအနေဖြင့် ဖိတ်ကြားမည်ဟု ယခု သီတင်းပတ်အတွင်း ဧရာဝတီအပါအ၀င် ပြည်ပ မီဒီယာတချို့ကို သမ္မတ ဦးသိန်းစိန်၏ နိုင်ငံရေး အကြံပေး ဒေါက်တာ နေဇင်လတ်က ပြောခြင်းဖြစ် သည်။

NLD ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက “ဖိတ်စာလည်းမရဘူး၊ အဆက်အသွယ်လည်း မရှိဘူး၊ မှားပြောတယ်လို့ ထင်တယ်” ဟု ဆိုသည်။

ယခုကဲ့သို့ ဒေါက်တာ နေဇင်လတ်က မီဒီယာများတွင် ပြောဆိုခြင်းသည် ၎င်း၏ ပုဂ္ဂိုလ်ရေးထင်မြင်ချက်ဖြစ်ပြီး အစိုးရ၏ အာဘော်ဟု မထင်ကြောင်း၊ ဖိတ်ကြားခံရမည်ဟုလည်း မျှော်လင့်ချက် မထားကြောင်း ဆက်ပြောသည်။

ပြီးခဲ့သည့် လအတွင်းကလည်း ဒေါ်အောင်ဆန်းစုကြည်သည် အလုပ်သမား ဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန နှစ်ဌာန ၀န်ကြီး ဦးအောင်ကြည်တို့ အစိုးရ ဧည့်ဂေဟာတွင် တွေဆုံဆွေးနွေးပြီး ပူးတွဲကြေညာချက်တစောင် ထုတ်ပြန်ခဲ့သည်။

ထိုတွေ့ဆုံပြီးနောက်ပိုင်း သမ္မတ နိုင်ငံရေး အကြံပေး ဒေါက်တာနေဇင်လတ်၏ ယခုကဲ့သို့ ပြောဆိုမှု ထွက်ပေါ် လာခြင်းဖြစ်သည်။

ဒေါက်တာ နေဇင်လတ်ကမူ “ပူးပေါင်းဆောင်ရွက်ဖို့ အားလုံး ကျယ်ကျယ်ပြန့်ပြန် ဖိတ်မယ်။ ၀န်ကြီးဌာနက အကြောင်းကြားလိမ့်မယ်။ ဒါ အလားအလာကောင်းတွေပဲ” ဟု ဧရာဝတီသို့ ပြောသည်။

NLD ပါတီ ခေါင်းဆောင်တဦးဖြစ်သည့် ဦးဝင်းတင်က “ဖိတ်စာတွေ ဘာတွေနဲ့ တရားဝင်ပြောရမယ်၊ အခုပြောတာက မီဒီယာကဆိုတော့ တရားဝင်ပြောတာ မဟုတ်ဘူးလို့ သတ်မှတ်ပါတယ်” ဟု ဆိုသည်။

ယခု ပြောဆိုမှုနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီဝင်များ အကြားတွင်လည်း ပြောဆိုဆွေးနွေးခြင်း မရှိကြောင်း၊ အပြောင်းအလဲ ဖြစ်လာမည်ဟုလည်း မထင်ကြောင်း ဦးဝင်းတင်က ဆက်လက်ပြောဆိုသည်။

ထိုဆင်းရဲနွမ်းပါးမှု လျှော့ချရေး ဆွေးနွေးပွဲများသည် အစိုးရသစ်လက်ထက် ပြီးခဲ့သည့် မေလအတွင်းကမှ စတင်ကျင်းပခဲ့ခြင်း ဖြစ်ပြီး သမ္မတ ဦးသိန်းစိန်ကိုယ်တိုင် ကြီးမှူးကျင်းပခြင်းဖြစ်သည်။

Ref: ဧရာဝတီ

0 comments:

အပေါ်သို့