Wednesday, August 3, 2011

ပြည်ထောင်စုအစိုးရအဖွဲ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရန်ရှိ

August 2, 2011
အံ့ဘုန်းမြတ်

သမ္မတဦးသိန်းစိန်ရဲ့ ပြည်ထောင်စုအစိုးရအဖွဲ့က မကြာမီရက်ပိုင်းအတောအတွင်း သတင်းစာ ရှင်းလင်းပွဲတရပ် ကျင်းပပြုလုပ် ဖို့ ရှိနေပါတယ်။


လာမယ့် ၂၂ နေ့မှာ စတင်မယ့် ဒုတိယအကြိမ်လွှတ်တော်အစည်းအဝေးတွေ မကျင်းပမီနဲ့ ကျင်းပနေစဉ် ကာလတွေမှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ဖို့ ရှိနေတာပါ။

ဒီလိုသတင်းစာရှင်းလင်းပွဲ ပြုလုပ်ဖို့အတွက် ပြန်ကြားရေးဝန်ကြီးဌာန ၀န်ကြီး ဦးကျော်ဆန်း ဦးဆောင်တဲ့ အဖွဲ့ဝင် ကိုးဦးပါ သတင်းထုတ်ပြန်ရေးကော်မတီတရပ်ကို ယာယီအနေနဲ့ ဖွဲ့စည်းထားပြီ အစိုးရသစ်ရဲ့ သက်တမ်းကာလအတွင်း ဆောင်ရွက် ချက်တွေနဲ့ပတ်သက်ပြီး ရှင်းလင်းပြောကြားဖို့ရှိနေတယ်လို့ ရန်ကုန် စာနယ်ဇင်း အသိုင်းအ၀ိုင်း ပုဂ္ဂိုလ်တွေက ဆိုပါတယ်။

ဒီလိုသတင်းစာရှင်းလင်းပွဲပြုလုပ်တဲ့နေရာမှာတော့ ပြည်ထောင်စုအစိုးရအနေနဲ့ ဒီမိုကရေစီအနှစ်သာရရှိရှိလုပ်ဆောင်ဖို့ လိုအပ် မယ်လို့ မြန်မာနိုင်ငံစာပေနှင့်စာနယ်ဇင်းအဖွဲ့ရဲ့ အထွေထွေ အတွင်းရေးမှူး ရန်ကုန်တိုင်းနဲ့ ဖလားဝါးနယူးဂျာနယ်ရဲ့ အယ်ဒီတာချုပ် ဆရာဦးကိုကို (စက်မှုတက္ကသိုလ်) က အခုလို အကြံပြုပြောကြားထားပါတယ်။

“ဒီသတင်းစာရှင်းလင်းပွဲတွေက ဒီမိုကရေစီ အစိုးရတခုမှာ အလွန်အရေးပါပါတယ်။ အရေးလည်း ကြီးပါတယ်။ ကျနော်တို့က ပြည်သူတွေကို အသိပေးချင်တာ၊ တိုင်းပြည်ကို အသိပေးချင်တာ။ ဒါမှမဟုတ် မီဒီယာတွေကပဲ အစိုးရစီက သိချင်တာ တွေ အားလုံးဟာ သတင်းစာ ရှင်းလင်းပွဲတွေကတဆင့်ပဲ ဆောင်ရွက်လေ့ ဆောင်ရွက်ထရှိပါတယ်။ ဘယ်လိုနည်းနဲ့ ဆောင်ရွက်ရ မလဲဆိုတဲ့ နည်းလမ်းတခုကတော့ သတင်းစာရှင်းလင်းပွဲများ သတင်းထုတ်ပြန်ချက်များ ပုံမှန်ပြုလုပ်ပေးချင်းဆိုတာ ပါပါတယ်။ သတင်းစာရှင်းလင်းပွဲပေါင်း မျိုးစုံဟာ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ကျင်းပပေးဖို့ လိုပါတယ်။ အဲလို ကျင်းပပေးနိုင်မှသာ ကျနော်တို့ ဒီမိုက ရေစီစနစ်ရဲ့ အကျိုးအနှစ်သာရက ပိုပြီးတော့ ပေါ်လွင်မယ်လို့ မြင်ပါမယ်။ ကျနော်တို့ ထင်တာကတော့ အတိတ်ကာလက အနေ အထား အရတော့ အဲဒီပုံစံတွေက လုံးဝမရှိခဲ့သေးပါဘူး။ အခုလက်ရှိလည်း ထွန်းကားခြင်း မရှိခဲ့သေးပါဘူး။”

သတင်းဂျာနယ် တာဝန်ခံအယ်ဒီတာအများစုကတော့ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲဟာ အရင်အစိုးရ လက်ထက်တွေက သတင်းစာရှင်း ပွဲတွေလို ၀ါဒဖြန့်ချိမှုသက်သက် မဖြစ်ဖို့ လိုတယ်လို့လည်း အကြံပြုပြောဆိုပြန်ပါတယ်။

ဒ့ါပြင်အစိုးရအဖွဲ့အနေနဲ့ သတင်းစာရှင်းလင်းပွဲ လုပ်ထုံးလုပ်နည်းတွေကိုလည်း ပြုပြင်သင့်ပြီလို့လည်း ဂျာနယ်တာဝန်ခံ အယ်ဒီတာတဦးက ဆိုပါတယ်။

“နိုင်ငံတကာလို သူတို့ကို ဒီမိုကရေစီနိုင်ငံသွားချင်တယ်ဆိုရင် သတင်းကို မေးလာတဲ့ လူတွေရှိရင် မေးလာတဲ့အဖွဲ့အစည်းရှိရင်၊ မေးလာတဲ့ဌာနရှိရင် ထုတ်ပြန်ပေးဖို့ သူတို့မှာ ပြင်ဆင်ထားဖို့ လိုတယ်။ အဲဒါ ဒီနေ့အချိန်ထိ ဘယ်အဖွဲ့အစည်း ဘယ်အခြေ အနေအောက်မှာမှ သူတို့လုပ်ထားတာ မရှိဘူး။ သူတို့မှာ သတင်းထုတ်ပြန်တာနဲ့ ပတ်သက်လို့ ထုတ်ပြန်ပေးချင်တဲ့ စေတနာ ဘယ်လောက်ရှိလဲ မရှိလဲ ဆိုတာက တချက်ပေါ့။ ဒုတိယအချက်က အဲဒီထုတ်ပြန်ပေးနိုင်တဲ့ အတိုင်းအတာတွေ ရှိလာ ပြီဆို ရင်တောင်မှ ဘယ်ပုံစံနဲ့ ထုတ်ပြန်ပေးရမလည်းဆိုတာ လုပ်ထုံးလုပ်နည်းတွေ။ ဥပမာ သတင်းစာရှင်းလင်းပွဲတွေ လုပ်သင့် တဲ့ လုပ်ထုံးလုပ်နည်းတွေ သူတို့သိပုံမရဘူး။ သိပုံမရတော့ အဆင်မပြေဘူး။ ဥပမာ နောက်ဆုံး တိုင်းဒေသကြီးက လုပ်သွားတဲ့ ပွဲမှာ ဆိုရင် ၀န်ကြီးချုပ် ဦးမြင့်ဆွေ ပြောတာရှိတယ်။ ဆန့်ကျင်ဘက်မေးခွန်းတွေ မမေးပါနဲ့ ဆိုတဲ့အခါကျတော့ ဒါက သတင်းထုတ်ပြန် ရေး လုပ်ငန်းကို သဘောမပေါက်လို့ပဲ။ မေးခွန်းမေးတယ် ဆိုတာက လူထုတွေ သိချင်တယ်ဆိုတဲ့ဟာက သူတို့ဖြေချင်တယ်ဆိုတဲ့ မေးခွန်းဟုတ်ချင်မှ ဟုတ်မှာလေ။ အဲလိုဆိုရင်တော့ အဆင်မချောနိုင်ဘူးလေ။”

ဒါ့အပြင် အရင် နအဖစစ်ကောင်စီလက်ထက်နဲ့ နှိုင်းယှဉ်ရင် အစိုးရသစ်လက်ထက်မှာ နိုင်ငံတော်အဆင့် သတင်းစာရှင်းလင်းပွဲ တွေ ပိုမိုနည်းပါးလာပြီး ကန့်သက်မှုတွေ ပိုရှိလာတယ်လို့လည်း သူက အခုလို နိုင်ယှဉ်သုံး သပ်ပြပါတယ်။

“အရင်တုန်းကထက်စာရင် အခုက နည်းနည်းတောင်မှ နောက်ဆုတ်သွားတယ်လို့ တောင်ပြောလို့ရတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ အရင်တုန်းက ပြန်ကြားရေးဝန်ကြီးဌာန သိမ်ဖြူလမ်းက ရုံးခန်းတွေဘာတွေမှာ ကျင်းပတုန်းကဆိုရင် သူတို့ကနေ ပြောစရာရှိတာပြောတယ်။ ဘယ်လောက်ပဲ ကြာကြာ ပြောသွားတယ်။ တယောက်ပြီးတယောက်၊ ဒါပေမယ့် မေးတဲ့ လူတွေကို ခွင့်ပြုလိုက်တဲ့အခါကျတော့ အလျဉ်းသင့်သလို မေးတာတွေဘာတွေ အကုန်လုပ်လို့ရတယ်။ အခုနောက်ပိုင်းမှာတော့ အဲလိုမျိုး တွေ သိပ်မတွေ့ရတော့ဘူး။ မေးခွန်းတွေ ကြိုပေးပါလို့၊ ဒီ ဦးအောင်ကြည်နဲ့ပွဲတုန်းကလည်း သုံးခုလောက်ပဲမေးပါတို့၊ အဲလိုမျိုး တွေ လုပ်လိုက်တဲ့အခါကျတော့ မေးခွင့်တွေဘာတွေ သိပ်မရတော့တဲ့ အဓိပ္ပာယ်သွားသက်ရောက်တယ်။ သူတို့ ခွင့်ပြု ချင်တာ အစဉ်မပြေသေးဘူးပေါ့။ အဲဒီလိုပြောလို့ရတယ်။”

လက်ရှိအခြေအနေမှာတော့ ရန်ကုန်တိုင်းနဲ့ မန္တလေး တိုင်းဒေသကြီးအစိုးရတွေကပဲ သတင်းမီဒီယာတွေ့ဆုံပွဲတွေကို တခါ တရံပြုလုပ်လေ့ရှိပြီး ကျန်ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့တွေနဲ့ ပြည်ထောင်စုအစိုးရ အဆင့်ကတော့ ပြုလုပ်တာမျိုး မရှိသေးပါဘူး။ သမ္မတသစ် ဖြစ်လာတဲ့ ဦးသိန်းစိန်ကတော့ သူ့ရဲ့မိန့်ခွန်းတွေထဲမှာ စာနယ်ဇင်းကဏ္ဍကို အလေးထားဖို့နဲ့ စာနယ်ဇင်း ဥပဒေတွေကိုပါ ရေးဆွဲအတည်ပြု ပြဋ္ဌာန်းနိုင်ဖို့အထိ လုပ်ဆောင်မယ်လို့ ပြောကြားထားပါတယ်။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့