Thursday, August 4, 2011

တိုက်ပွဲကြောင့် ဒုက္ခရောက်နေသူများကို ကျားဖြူပါတီ ကူညီ

August 3, 2011

ရှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်ထဲမှာ အစိုးရ တပ်မတော်နဲ့  ရှမ်းပြည် တပ်မတော်တို့ကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာကို ထွက်ပြေးနေတဲ့ ရွာသားတွေကို ကျားဖြူပါတီက အကူအညီပေးနေပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်တုန်းက ရှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်ထဲမှာ အစိုးရတပ်နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် တို့ အပြင်းအထန် တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့အတွက် ရွာပေါင်း ၂၀ လောက်က စစ်ပြေးဒုက္ခသည် ၂၀၀၀ လောက် ထွက်ပြေး တိမ်း ရှောင်နေရတာပါ။


ဒီဒုက္ခသည်တွေကို ကျားဖြူပါတီလို့ လူသိများတဲ့ ရှမ်းတိုင်း ရင်းသားများ ဒီမိုကရက်တစ်ပါတီက ကူညီနေတယ်လို့ ပါတီ ဗဟို အလုပ်အမှုဆောင် စ၀်ဆိုင်မိုင်းက ပြောပါတယ်။

“ကျားဖြူလူကြီးကို လှမ်းအကြောင်းကြားတာလေ။ ရွာသား တွေကို စည်းရုံးပြီးပြောဖို့၊ တောထဲတောင်ထဲမှာ မပုန်းဖို့၊ တောထဲ မှာဆိုရင် သူတို့ရဲ့ ကျန်းမာရေးက အစလိုက်မ ကြည့်နိုင်ဘူး။ ဘုန်းကြီးကျောင်းမှာ သူတို့ကို နေရာသတ်သတ် ချထားပေးတယ်။ သူတို့ရဲ့ စားရေးသောက်ရေးကြတော့ အဲဒီ သက်ဆိုင်ရာ ကျေးသီးမြို့နယ် ကျားဖြူကို အကူ အညီတောင်းပြီး ကျွေးမွေးဖို့ပေါ့။ အခက်အခဲရှိရင်လည်း အကြောင်းကြားဖို့၊ သူတို့ကနေ ကျန်တဲ့မြို့နယ်တွေကို အကြောင်းကြားပြီးမှ တောင်းခံပေးမယ်လို့ ကျနော် သူတို့ကို ပြောထားတယ်။ ပြည်သူက စေတနာရှိတဲ့ ပြည်သူတွေစီက နည်း နည်းများများမဆို ကျနော်တို့ ကောက်ခံပြီး ပေးခဲ့ဖူးတယ်လေ။”

အလှူငွေတွေကို ကျားဖြူပါတီနဲ့ ဒေသခံ အလှူရှင်တွေဆီက ကောက်ခံရရှိတယ်လို့ စ၀်ဆိုင်မိုင်းက ဆက်ပြောပါတယ်။

တိုင်းရင်းသားဒေသထဲမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲကြောင့် ဒေသခံရွာသားတွေဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ခံနေရတာနဲ့ ပတ်သက်ပြီး ကျားဖြူပါတီက ပြည်သူ့လွှတ်တော်ကို စာပို့ထားတဲ့အကြောင်း ရှမ်းပြည်တောင်ပိုင်း လဲချားပြည်သူ့လွှတ်တော် အမတ် ဦးစိုင်းတင်က အခုလို ပြောပါတယ်။

“ပြည်တွင်းစစ် ဖြစ်နေတဲ့ ပြဿနာကို စေ့စပ်ညှိနှိုင်းရေး ကော်မရှင် တရပ်ဖွဲ့စည်းပြီးတော့ စစ်ဆေးပေးဖို့ တောင်းဆိုထားတယ်။ တင်လိုက်တာ ၃၁ ရက်နေ့က။ ပြည်နယ် ၇ ခုကို ပို့တယ်။ ကျနော်တို့ ဆွေးနွေးပြီးတော့ တင်ပါတယ်။ ကျနော်ရယ်၊ အမျိုးသား လွှတ်တော်က ဦးစိုင်းကျော်သန်းရယ်။ နောက်ပြီးတော့ ကျနော်တို့ ဒီတောင်ကြီးက ကျားဖြူအဖွဲ့တွေနဲ့ ညှိနှိုင်းပြီးတော့မှ တင်ပါ တယ်။ အများကြီးမျှော်လင့်ပါတယ်။ ငြိမ်းချမ်းရေး မပေါ်ပေါက်ရင်တော့ ပြည်သူတွေကရော တပ်မတော်သားဘက်က သေဆုံး သွား တာကော ကိုယ့်ပြည်တွင်းရေး ပြဿနာပဲ ဖြစ်နေတယ်။ ဒါကို အမြန်ဆုံး လုပ်ပေးဖို့ မေတ္တာရပ်ခံ တောင်းဆိုချင်ပါတယ်။”

ဌာနေပြည်သူ့စစ် အသွင်ပြောင်းဖို့ ငြင်းဆန်ခဲ့တဲ့ ရှမ်းပြည်တပ်မတော်၊ ရှမ်းပြည် တိုးတက်ရေးပါတီကို အစိုးရတပ်က ထိုးစစ် ဆင်ပြီး တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့ ၄ လကျော် ကာလအတွင်းမှာ ဒေသခံရွာသားတွေ ထိခိုက်ဒဏ်ရာရရှိမှု၊ ပေါ်တာဆွဲခံရတာ၊ အမျိုးသမီးတွေ မုဒိမ်းကျင့်ခံရတာ အပါအ၀င် လူ့အခွင့်အရေး ချိုးဖောက်မှု မျိုးစုံဖြစ်ပွားခဲ့သလို အလုပ်အကိုင်တွေ ရပ်နားခဲ့ရပြီး စာသင်ကျောင်းတွေ ပိတ်ထားရလို့ ကလေး ၇၀၀ လောက် စာမသင်နိုင်ပဲ ဖြစ်နေပါတယ်။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့