Wednesday, August 3, 2011

၈၈ ကျောင်းသားခေါင်းဆောင်များ အမြန်ဆုံး လွတ်မြောက်ရေး မိသားစုတွေ ကြိုးပမ်း

2011-08-02

ကိုမင်းကိုနိုင် အပါအ၀င် ထောင်ဒဏ် ၆၅ နှစ်ကျော် အသီးသီး ချမှတ်ခံထားရတဲ့ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် (၉) ဦး လွတ်မြောက်ရေးနဲ့ ပတ်သက်ပြီး တရား လွှတ်တော်ချုပ်နဲ့ အစိုးရသစ်ဆီကို စာတင်ဖို့ မိသားစုဝင်တွေက ပြင်ဆင်နေတယ်လို့ သိရ ပါတယ်။

အရင် စစ်အစိုးရ လက်ထက် ကျောင်းသားခေါင်းဆောင်တွေကို ပြစ်ဒဏ် ချမှတ်ခဲ့တာတွေဟာ ဥပဒေနဲ့ မညီတဲ့အတွက် အခုလို စာတင်ရတာ ဖြစ်ကြောင်း မိသားစုဝင်တွေက ပြောပါတယ်။ ရှစ်လေးလုံး လူထု အရေးတော်ပုံကြီး ဖြစ်ပေါ်ခဲ့တဲ့ အထိမ်းအမှတ် အနေနဲ့ လာမယ့် သတင်းပတ်အတွင်း စာတင်ဖို့ ပြင်ဆင်နေတဲ့ အကြောင်း ရန်ကုန်မြို့က ဥပဒေအကျိုးဆောင် ဦးအောင်သိန်း ကလည်း ပြောပါတယ်။


အစိုးရသစ်အနေနဲ့ ဒီတောင်းဆိုချက်ကို အလေးအနက်ထား မတုံ့ပြန်ဘူးဆိုရင် ၈၈မျိုးဆက် ကျောင်းသားတွေနဲ့ နိုင်ငံ ရေး လှုပ်ရှား သူတွေကို အာဃာတ တရားနဲ့ ဆက်ပြီး ထိန်းသိမ်း ထားတယ်ဆိုတာ သက်သေ ပြလိုက်တာပဲလို့ ထိုင်းမြန်မာနယ်စပ် အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း အေအေပီပီ တွဲဖက် အတွင်းရေးမှူး ကိုဘိုကြည်က ပြောပါတယ်။

“နိုင်ငံရေး အကျဉ်းသားတွေရဲ့ မိသားစုတွေ ကိုယ်တိုင်ကနေပြီးတော့ သူတို့ရဲ့ သားသမီးတွေ လွတ်မြောက်ရေး အတွက် ၀ိုင်းဝန်းပြီး ကြိုးစားကြတာ အင်မတန်မှကိုပဲ ကောင်းပါတယ်။ နောက်တခုက အဲသလိုမျိုး ကြိုးစားကြတယ် ဆိုရာမှာ ဥပဒေ ကြောင်းအရ ကြိုးစာကြတာတွေ ရှိတယ်။ ဆုတောင်းပွဲတွေ လုပ်နေတာတွေ ရှိတယ်။ အဲဒါမျိုးတွေက အင်မတန်မှကို သင့်တော် တယ်။ ဒါတွေကို တခြား သူတွေလည်း ပူးပေါင်းပြီး လုပ်ဆောင်မယ် ဆိုရင်တော့ ပိုပြီးတော့ ကောင်းမွန်တဲ့ အဖြေရလာနိုင် ပါ တယ်”

ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့ အပါအ၀င် (၉) ဦးဟာ ၂၀၀၇ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု မတိုင်ခင် သြဂုတ်လမှာ ဖမ်းဆီးခံခဲ့ရပြီး ၂၀၀၈ခုနှစ်မှာ ထောင်ဒဏ် ၆၅ နှစ် ၆ လစီ ချမှတ် ခံခဲ့ရပါတယ်။ သူတို့ကို တရားစီရင်ချက် ချမှတ်ချိန်မှာ မိသားစုဝင်တွေ တက်ရောက် ခွင့် မရသလို အကျိုးဆောင် ရှေ့နေတွေလည်း လိုက်ပါဆောင်ရွက်ခွင့် ပိတ်ပင် ခံခဲ့ရပါတယ်။

Ref: အာရ်အဖ်အေ

0 comments:

အပေါ်သို့