Monday, August 1, 2011

နိုင်ငံခြားငွေ လဲလှယ်နှုန်း ပြောင်းလဲရန် IMF ကို မြန်မာ ဆက်သွယ်ဆောက်ရွက်နေ

July 31, 2011
ပီတာအောင်

မြန်မာနိုင်ငံမှာ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေ ပြင်ဆင်သတ်မှတ်ဖို့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF)နဲ့ ဆက်သွယ် ဆောင်ရွက်နေတယ်လို့ မြန်မာဗဟိုဘဏ် ထိပ်တန်းအရာရှိတဦးရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ပြည်တွင်း ဂျာနယ်တစောင်မှာ ဖော်ပြထားပါတယ်။


မြန်မာကျပ်ငွေနဲ့ အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းကို ပြုပြင်ပြောင်းလဲဖို့ IMF ကို ဆက်သွယ်ထားတဲ့အကြောင်း၊ အကူအညီ လှမ်းတောင်းတာ မဟုတ်ဘဲ မြန်မာနိုင်ငံဟာ အိုင်အမ်အက်ဖ် အဖွဲ့ဝင် နိုင်ငံတနိုင်ငံ ဖြစ်တဲ့အလျောက် ငွေလဲနှုန်းတွေ ပြင်ဖို့ ဆက်သွယ်ထားတာ ဖြစ်တယ်လို့ ဗဟိုဘဏ် ဒု-ဥက္ကဋ္ဌ ဦးမာင်မောင်ဝင်းက The Voice ဂျာနယ်ကို ထုတ်ဖော် ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

အလားတူ ဘဏ္ဍာအခွန်ဝန်ကြီး ဦးလှထွန်းကလည်း မြန်မာနိုင်ငံမှာ နိုင်ငံခြားငွေကြေး ဈေးကွက် စနစ်တကျ ဖြစ်ပေါ်ရေးနဲ့ ငွေလဲနှုန်း တရားဝင် သတ်မှတ်နိုင်ရေး ဆောင်ရွက်နေပြီလို့ ပြီးခဲ့တဲ့ သီတင်းပတ်က နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ဘဏ် ကြီးကြပ်ရေးကော်မတီ အစည်းအဝေးမှာ ပြောသွားခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ ၁၉၅၂ ခုနှစ်ကတည်းက IMF နဲ့ ကမ္ဘာ့ဘဏ်အဖွဲ့ဝင် ဖြစ်ခဲ့ပေမယ့် ၁၉၈၇ ခုနှစ်ကတည်းက ဘဏ္ဍာရေး အကူအညီ အထောက်အပံ့တွေ ရပ်ဆိုင်းခံထားရတာ ဖြစ်ပါတယ်။ မြန်မာရဲ့ ကမ်းလှမ်းချက်ကို IMF က ဘယ်လို တုံ့ပြန် မယ်ဆိုတာကတော့ မသိရသေးပါဘူး။

မြန်မာနိုင်ငံမှာ ကျပ်ငွေနဲ့  အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းကို ၁၉ရ၅ ခုနှစ်လောက် ကတည်းက လက်ရှိ အချိန်ထိ တဒေါ်လာကို မြန်မာငွေ ၆ ကျပ်နဲ့ အစိုးရက သတ်မှတ်ထားတာပါ။ ပြင်ပမှောင်ခိုဈေးကွက်မှာတော့ လက်ရှိပေါက်ဈေး အမေရိကန် တဒေါ်လာ မြန်မာငွေ ၇၈၀ ကျပ် ၀န်းကျင် ရှိနေပါတယ်။

ခုလိုကွာဟချက် ကြီးကြီးမားမား ရှိနေတဲ့ ငွေလဲလှယ်နှုန်းထားတွေကို အစိုးရအနေနဲ့ တရားဝင်နှုန်း တခုအဖြစ် သတ်မှတ် နိုင်မယ်ဆိုရင် မြန်မာ စီးပွားရေး လုပ်ငန်းရှင်အတွက် ပိုလို့အကျိုးရှိစေမှာ ဖြစ်တယ်လို့ ရန်ကုန် စီးပွားရေးတက္ကသိုလ် အငြိမ်းစားပါမောက္ခ ဦးမော်သန်းက ဒီဗွီဘီကို ပြောပါတယ်။

“စီးပွားရေး လုပ်ငန်း လုပ်ကိုင်တဲ့ ပုဂ္ဂိုလ်တွေ အတွက် ကောင်းတာပေါ့လေ။ စီမံကိန်းတွေ ဘာတွေ စွဲတဲ့အခါကျတော့ ကိုယ့် ငွေကြေးက ဘယ်နှုန်းနဲ့ ရှိတယ်ဆိုတာ သူ့ရဲ့ အစီအစဉ်တွေကို ကြိုတင်ပြီးတော့ စီစဉ်လို့ရတာပေါ့။ နှုန်း သတ်သတ်မှတ်မှတ် ရှိတယ်ဆိုတော့။ ရှေ့ကြိုပြီးတော့ အစီအစဉ် ချတဲ့အခါကျတော့ ကိုယ်ရမယ့်ငွေကတော့ export လုပ်တဲ့အခါကျရင် ကိုယ့် earning (ပို့​ကုန်​မှ​ရ​ငွေ)​ အတွက် ပိုက်ဆံက ဘယ်လောက်ရမယ်ဆိုတာ တွက်လို့ရတာပေါ့။ ထို့နည်းအတူပဲ သွင်းကုန်လုပ်ငန်း လုပ်တယ်ဆိုရင်လည်း သွင်းကုန်အတွက် ဗမာကျပ်ငွေနဲ့ ဘယ်လောက်ကျမှာလဲ ဆိုပြီး နီးနီးစပ်စပ် တွက်လို့ရတာပေါ့။ သို့သော်လည်းပဲ အရေးကြီးတာက နှုန်း သတ်မှတ်လိုက်တဲ့ အခါကျရင် အဲဒီနှုန်းကို ထိန်းထားနိုင်ဖို့က အရေးကြီးပါတယ်။ နှုန်းဆိုတာ ဘယ်လောက်ပဲ အစိုးရ သတ်မှတ်သတ်မှတ် အပြင်မှာ ရှိတဲ့ ရောင်းလိုအား ၀ယ်လိုအားနဲ့ နှုန်းက အမြဲတမ်း အတက်အကျ ဖြစ်နေမှာ။”

ဒါပေမယ့် ဒီလို ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ မြန်မာနိုင်ငံမှာ နိုင်ငံခြားငွေ သီးသန့် ရန်ပုံငွေ အင်းအားတောင့်တင်း ခိုင်မာမှုရှိဖို့၊ နိုင်ငံခြားငွေ လွတ်လပ်စွာ ကိုင်ဆောင်ခွင့်ပေးဖို့၊ ဘဏ်လုပ်ငန်းနဲ့ တခြားဘဏ္ဍာရေးဆိုင်ရာ ဥပဒေတွေ ပြဌာန်းဖို့နဲ့ FEC သုံးစွဲမှု စနစ်ဖျက်သိမ်းဖို့ စတဲ့ ဆောင်ရွက်စရာတွေ အမြောက်အများ ရှိနေတဲ့အတွက် အချိန်ယူရဦးမှာ ဖြစ်တယ်လို့လည်း အငြိမ်းစားပါမောက္ခ ဦးမော်သန်းက ပြောကြားပါတယ်။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့