Tuesday, August 2, 2011

ရေကြီးသည်နှင့် မုန်တိုင်း သတိပြုကြရန်လိုဟု မိုးလေ၀သပညာရှင်ပြော

August 1, 2011
ရွှေအောင်

မုန်တိုင်း အကြွင်းအကျန်တွေ မြန်မာပြည်ကိုဖြတ်ပြီး ဘင်္ဂလား ပင်လယ်အော် အလယ်ပိုင်းထဲ ရောက်ရှိနေတဲ့အတွက် မုတ်သုန်လေ အားကောင်းလာပြီး မိုးကောင်း လာနိုင်တယ်လို့ မိုးလေ၀သပညာရှင် ဦးထွန်းလွင်က ပြောပါတယ်။


လေဖိအားနည်းရပ်ဝန်းတခု ဖြစ်ပေါ်လာနိုင်ခြေ ရှိမရှိ စောင့် ကြည့်နေဆဲ ဖြစ်ပြီး၊ မုန်တိုင်း ဖြစ်ပေါ်လာနိုင်စရာတော့ မရှိ ဘူးလို့ ဆိုပါတယ်။

နောက်နှစ်ရက် သုံးရက်အတွင်း မိုးပြန်ကောင်းလာရင် ဒုတိယ ရေကြီးကာလကို ကြုံတွေ့ရနိုင်ခြေရှိပြီး ပထမရေကြီးကာလက ရေကြီး ခဲ့ တဲ့ မြို့ရွာဒေသတွေ သတိပြုဖို့လိုတယ်လို့လည်း ဆိုပါတယ်။

ဒီ ၂၀၁၁ ခုနှစ်ဟာ ပုပြင်းခြောက်သွေ့တဲ့ အယ်နီညိုရော၊ အေးပြီးစွတ်စိုတဲ့ လာနီညာ ရာသီဥတုဖြစ်စဉ်ရော မဖြစ် ပေါ်နိုင်တော့ဘဲ သာမန်ရိုးရိုးနှစ်တနှစ်ပဲဖြစ်တော့မှာမို့ မိုးများခြင်း၊ မိုးနည်းခြင်းတွေ ထူးထူးခြားခြားဖြစ်ပေါ်ဖို့ မရှိတော့ဘူးလို့လည်း သိရပါတယ်။

အခုကစလို့ နှစ်ကုန်တဲ့ထိ အထူးသတိပြုဖို့ နှစ်ချက်ရှိတဲ့အကြောင်း မိုးလေ၀သ ပညာရှင် ဦးထွန်းလွင်က ခုလိုပြောပါတယ်။

“နှစ်ချက်ပဲ သတိထားရမယ်။ တခုက ရေကြီးမှုနဲ့ နောက်တခုက မုန်တိုင်းပဲ။ ရေကြီးမှုက အခု ဖြစ်နေတဲ့ ရေကြီးမှုက ဒုတိယ ရေကြီးကာလပေါ့။ အခုဖြစ်တဲ့ မိုးရွာသွန်းမှု ဖြစ်စဉ်နဲ့ မဖြစ်ဘူးဆိုရင်တော့ ဒုတိယ ရေကြီးကာလ လက်ရှိထက် ပိုမဆိုးဘူးပေါ့ဗျာ။ ဒါပေမယ့် တတိယ ရေကြီးကာလ စက်တင်ဘာ၊ အောက်တိုဘာမှာ ရှိသေးတယ်။ အဲဒီတခုကို ကျနော်တို့ သတိထားရမယ်ပေါ့။ နောက်တခုကတော့ မုန်တိုင်းပဲ။ မုန်တိုင်းက အခုထိကို ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းက မဖြစ်သေးဘူး။ အနည်းဆုံး ကျနော် တွက်တာ လေးလုံးကနေ ခြောက်လုံး ဖြစ်မယ်။ ပြဿနာက အဲဒီ ဖြစ်တဲ့ မုန်တိုင်းတွေက စက်တင်ဘာကုန်ပြီးမှ ဖြစ် တော့မယ် ဆိုရင် မိုးလွန်ကာလမှာပဲ ဖြစ်မယ်ဆိုတော့ အဲဒီ မိုးလွန်ကာလ မုန်တိုင်း ဖြစ်ရင် နှစ်ချက် သတိထားရမယ်။ မိုးလွန် ကာလဆိုတာ မြန်မာနိုင်ငံရဲ့ ဒုတိယ မုန်တိုင်း ရာသီဖြစ်တော့ မုန်တိုင်း အန္တရာယ် သတိထားရမယ်။ ဥပမာ မနှစ်က ဂီရိ ဖြစ်သ လိုပေါ့။ မိုးလွန်ကာလ မုန်တိုင်းဖြစ်လို့ မိုးရွာရင် ရွာတဲ့ မိုးက အခါလွန်မိုး ဖြစ်တယ်။ အဲတော့ သူ့မှာ အပျက်အစီး ဖြစ်နိုင်တယ်။ ဒီလောက်ပါပဲ။ အကြမ်းဖျင်းအားဖြင့် ကျနော် ပြောနိုင်ပါတယ်။”

မိုးလေ၀သဌာနက ကမ်းရိုးတန်းဒေသတွေ မိုးပိုလာနိုင်တယ်လို့ ထုတ်ပြန် ကြေညာထားပြီး၊ မွန်ပြည်နယ်က ရေးမြို့ အပါအ၀င် လောင်းလုံ၊ ထားဝယ် စတဲ့မြို့တွေမှာ မိုးစံချိန်တင် ရွာသွန်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့