Tuesday, August 2, 2011

ကရင်ပြည်နယ်အတွင်း တိုက်ပွဲအရှိန်မြှင့်ရန် ဒီကေဘီအေ စည်းဝေး

August 1, 2011
အေး​နိုင်

ကရင်ပြည်နယ်အတွင်းမှာ အစိုးရတပ်တွေကို တိုက်ပွဲအရှိန်မြှင့်တင်ဖို့အတွက် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို လက်မခံဘဲ အစိုးရကို တော်လှန် တိုက်ခိုက်နေတဲ့ တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) တပ်မှူးတွေ ဆွေးနွေးနေကြပါတယ်။


ဗိုလ်မှူးချုပ်နှုတ်ခမ်းမွေးဦးဆောင်တဲ့ ဒီကေဘီအေတပ်နဲ့ မြိုင်ကြီးငူ အခြေစိုက် ဗိုလ်ဘိ ဦးဆောင်တဲ့ ဒီကေဘီအေ တပ်တွေ အတူတကွ ပူးတွဲ တိုက်ပွဲဝင်ဖို့အတွက် ကိုယ်စား လှယ်အသီးသီး စေလွှတ်ဆွေးနွေးနေတယ်လို့ ဆွေးနွေးပွဲ ပါတဲ့ တပ်မှူးတဦးက ပြောပါတယ်။

ထိုင်း-မြန်မာနယ်စပ်က လွတ်မြောက်နယ်မြေ တနေရာမှာ ဒီကနေ့ ဆွေးနွေးပွဲစတာ ဖြစ်တယ်လို့ ဗိုလ်မှူးချုပ် နှုတ်ခမ်းမွေးတပ်က တပ်မှူး ဗိုလ်မှူး စန်းအောင်က ပြောပါ တယ်။

“ဒီတပ်မဟာမှာရှိတဲ့ ဗိုလ်ဘိရဲ့ တပ်မှူးတွေနဲ့ ကလိုထူးဖော အမှတ် (၅) အောက်ခြေမှာရှိတဲ့ တပ်မှူးအသီးသီးကို ကျနော်တို့ အစည်းအဝေးခေါ်နေတယ်။ အစည်းအဝေးထိုင်တယ်။”

ဗိုလ်မှူးချုပ် နှုတ်ခမ်းမွေး ဦးဆောင်တဲ့ ဒီကေဘီအေ တပ်မဟာ (၅) ဟာ နယ်ခြားစောင့်တပ် အသွင်ပြောင်းဖို့ ငြင်းဆန်ပြီး ၂၀၁၀ ရွေးကောက်ပွဲ ပြီးချိန်ကစလို့ အစိုးရနဲ့ တိုက်နေတဲ့အဖွဲ့ ဖြစ်ပါတယ်။ ဗိုလ်ဘိ ဦးဆောင်တဲ့ မြိုင်ကြီးငူ အခြေပြုတပ်ကတော့ နယ်ခြားစောင့်တပ် အသွင်ပြောင်းပြီးမှ ဒီကေဘီအေ အသွင်ပြန်လည် ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။

ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာ ရှမ်းပြည်တပ်မတော်နဲ့ ကချင်လွတ်လပ်ရေး တပ်မတော်တို့ကို ထိုးစစ်ဆင်နေတာကို ဟန့်တား နိုင်ဖို့အတွက် တတ်နိုင်သလောက် တပြိုင်နက်တိုက်ပွဲတွေ ဖော်ဆောင်ဖို့ ဖြစ်တယ်လို့လည်း ပြောပါတယ်။

“ကျနော်တို့ရဲ့ တော်လှန်ရေးအင်အားစုတွေ အက်စ်အက်စ်အေဘက်မှာ ဒီရက်တွင်း ထိုးစစ်တွေဆင်နေတာ အဟန့် အတား ဖြစ်အောင် ကျနော်တို့ ဒီဘက်ကနေပြီးတော့ ထိုးစစ်ဆင်နိုင်သလောက်ဆင်ဖို့ ကျနော်တို့ ဗိုလ်ချုပ်က အမိန့်ပေးတယ်။”

ကေအိုင်အိုဘက်က ဆွေးနွေးပွဲတွေနဲ့ပတ်သက်လို့ မေးရာမှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို လိုလားတယ်လို့ သူက ပြောပါတယ်။

“ပြည်တွင်းငြိမ်းချမ်းရေးဆိုရင် ကျနော်တို့ လိုလားပါတယ်။ အဓိက ပြည်တွင်းငြိမ်းချမ်းရေး အစစ်အမှန်ဖြစ်မယ်ဆိုရင် ကျနော်တို့ ကြိုဆို ပါတယ်။”

ဗိုလ်မှူးနှုတ်ခမ်းမွေးတပ်နဲ့ ဗိုလ်ဘိတပ်တွေ ပူးပေါင်းတိုက်ပွဲဝင်ရေး ဆွေးနွေးပွဲမှာ ရခိုင်လွတ်မြောက်ရေးတပ်မတော်နဲ့ မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးက တပ်ဖွဲ့ဝင်တွေကလည်း ပူးပေါင်း ဆောင်ရွက်နေတယ်လို့ ဗိုလ်မှူး စန်းအောင်က ပြောပါတယ်။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့