Monday, August 1, 2011

ကျပ် ၅ သိန်းထက် ဈေးပေါသည့် GSM ဖုန်း ချထားခွင့် အခွင့်ထူးခံ ကုမ္ပဏီများရ

01 August 2011

တနိုင်ငံလုံးတွင် ၅ နှစ်အတွင်း GSM မိုဘိုင်းလ်ဖုန်းလိုင်း သန်း ၃၀ တိုးချဲ့မည့် စီမံကိန်း ပထမအဆင့် အဖြစ် ကျပ် ၅ သိန်းထက် တန်ဖိုးနည်းသော GSM ဖုန်း ၄ သန်း ချပေးခွင့်ကို အစိုးရခေါင်းဆောင်များ၊ စစ်ဗိုလ်ချုပ် များနှင့် နီးစပ်သော ကုမ္ပဏီ ၄ ခုက လုပ်ပိုင်ခွင့် ရရှိထားကြောင်း သိရသည်။


ဦးတေဇပိုင် E - Lite Tech ကုမ္ပဏီ၊ စက်မှု ၁ ဝန်ကြီးဟောင်း ဦးအောင်သောင်း၏သား ဦးနေ အောင်ပိုင်ဆိုင်သည့် IGE၊ ဒုတိယ ဗိုလ်ချုပ် မှူးကြီးဟောင်း မောင်အေးနှင့် နီးစပ်သူ တဦး ဖြစ်သည့် ဦးကျော်ဝင်း ပိုင်ဆိုင်သော ရွှေသံလွင် ကုမ္ပဏီနှင့် အေးရှားဝေါလ် ကုမ္ပဏီပိုင်ရှင် ဦးထွန်းမြင့်နိုင်၏ Asia Mega Link ကုမ္ပဏီတို့က GSM မိုဘိုင်းလ်ဖုန်းများ ချထားပေးခြင်း၊ ရေဒီယို ဆက်သွယ်ရေးစခန်းများ တည်ဆောက်ခြင်း စသည့် လုပ်ငန်းများကို မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် ပူးပေါင်း ဆောင်ရွက်ရန် ကန်ထရိုက် ရရှိ ထားသည်ဟု သိရသည်။

ကျပ် ၅ သိန်းတန်GSM ဖုန်းချထားပေးသည့် လုပ်ငန်းများကို ရတနာပုံ တယ်လီပို့ကုမ္ပဏီ၊ E-Lite Tech ကုမ္ပဏီ နှင့် Asia Mega Link ကုမ္ပဏီတို့က ဇွန်လအတွင်း ရရှိခဲ့ကြပြီးနောက် ကျပ် ၅ သိန်းထက် တန်ဖိုးနည်းသော GSM ဖုန်းများ ထပ်မံ ချထားပေးမည့် စီမံကိန်းကို အထက်ပါ ကုမ္ပဏီ ၄ ခုက လုပ်ပိုင်ခွင့် ရရှိခြင်းဖြစ်သည်။

ထပ်မံချပေးမည့် GSM များကို ကျပ် ၃ သိန်းဖြင့် ချထားပေးမည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း အဆိုပါ သတင်း မှန်ကန်မှုမရှိဘဲ တန်ဖိုး မသတ်မှတ်ရသေးကြောင်း၊ ကျပ် ၅ သိန်းထက်မူ လျော့နည်းမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ် ရေး လုပ်ငန်းမှ အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦးက ပြောသည်။

“လာမယ့် ဒီဇင်ဘာလနဲ့ ၂၀၁၂ ခုနှစ် နှစ်ဆန်း ပိုင်းလောက်မှာ ဖုန်းတွေကို စပြီး ချပေးနိုင်မယ်။ ဒီတခါ ချပေးမှာက နိုင်ငံခြား မှာလို ဖုန်းကတ်ကို ကုန်တိုက်တို့၊ စတိုးဆိုင်တို့မှာ လိုသလို ၀ယ်နိုင်တဲ့ ပုံစံမျိုးအထိ လုပ်ဖို့ရှိပါတယ်” ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တဦးက ဆိုသည်။

တန်ဖိုးနည်း GSM ဖုန်းများကို တလလျှင် လိုင်းပေါင်း ၂ သိန်းနှုန်းဖြင့် ချထားပေးမည်ဖြစ်ပြီး ပထမနှစ် စီမံကိန်းအတွက် ကျပ်ဘီလျံ ၅၀၀ ခန့် ရင်းနှီးမြှုပ်နှံမည်ဖြစ်ကာ တနိုင်ငံလုံးအနှံ့ BTS (Base transceiver station) မိုဘိုင်းလ် စက်မှု အဆောက် အအုံနှင့် တာဝါတိုင်ပေါင်း ၁၄၀၀ ကျော်ခန့် တည်ဆောက်မည်ဟု သိရသည်။

ထို့အပြင် ယင်းစီမံကိန်း၌ အင်တာနက် Gateway အသစ် တခုတည်ဆောက်ခြင်း၊ တယ်လီဖုန်း ဆက်သွယ်မှု အရည်အသွေး ကောင်းမွန်ရေးအတွက် Trunk Gateway များ တပ်ဆင်ခြင်း စသည့်လုပ်ငန်းများ ပါဝင်မည်ဖြစ်သည်။

GSM (ဂျီအက်စ်အမ်) မိုဘိုင်း တယ်လီဖုန်းစနစ်များ တိုးချဲ့တပ်ဆင် ဆောင်ရွက်နိုင်ရန်အတွက်နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ ပြည်၊ တောင်ကြီးနှင့် မော်လမြိုင်တို့တွင် စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးမှ စုံစမ်း သိရှိ ရသည်။

မြန်မာအစိုးရက ၂၀၁၁ ခုနှစ်တွင် GSM မိုဘိုင်းလ်ဖုန်း အလုံးရေ ၄ သန်း၊ ၂၀၁၂ ခုနှစ်တွင် ဖုန်းအလုံးရေ ငါးသန်း၊ ၂၀၁၃ ခုနှစ်တွင် ဖုန်းအလုံးရေ ခြောက်သန်း၊ ၂၀၁၄ ခုနှစ်တွင် ဖုန်းအလုံးရေ ၇ သန်း၊ ၂၀၁၅ ခုနှစ်တွင် ဖုန်းအလုံးရေ ၈ သန်း စုစုပေါင်း သန်း ၃၀ ချထားပေးပြီး တဖြည်းဖြည်း တန်ဖိုးလျှော့ချလာကာ လူတိုင်း ဖုန်းအသုံးပြုနိုင်ရန် စီမံ ဆောင်ရွက်သွား မည်ဟု မြန်မာ့ဆက်သွယ်ရေး ၀န်ကြီး ဦးသိန်းထွန်းက နေပြည်တော်တွင် ကျင်းပ ပြုလုပ်သော အထူးစီမံကိန်းများ ညှိနှိုင်း အစည်းအဝေး (၁/ ၂၀၁၁) တွင် ပြောဆိုခဲ့သည်။

ရန်ကုန်အခြေစိုက် စီးပွားရေး လုပ်ငန်းရှင်တဦးက “နိုင်ငံတိုင်းမှာ ဖုန်းတွေ ဖောဖောသီသီ၊ အလကား နီးပါးဈေးနဲ့ သုံးလို့ ရနိုင်တဲ့အချိန်မှာ ကျနော်တို့ဆီမှာ ငွေကျပ် သိန်းချီ ပေးနေရတယ်။ အစအရာရာ နောက်ကျနေတယ်။ အစိုးရပိုင်းက ဆက်သွယ်ရေးကဏ္ဍကို နိုင်ငံရေးအမြင်နဲ့ ကြည့်ပြီး ထိန်းချုပ်ချင်တာကြောင့် အခုလိုဖြစ်နေတာ” ဟု ပြောသည်။

လူဦးရေ သန်း ၅၀ ကျော်ရှိသော မြန်မာနိုင်ငံတွင် ဖုန်းလိုင်းအရေအတွက် ၂ သန်းနှင့် ၃ သန်းအကြားသာ ရှိကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ တရားဝင် စာရင်းဇယားများအရ သိရသည်။

Auto Exchange ဖုန်းစနစ် ပြောင်းလဲ သုံးစွဲခွင့် ပြုစဉ် အချိန်က မြန်မာနိုင်ငံ၌ ဖုန်းအလုံးရေပေါင်း ၇၄၈၅၅ ရှိခဲ့ကြောင်း၊ အဆိုပါ ဖုန်းသုံးစွဲမှု ကျယ်ပြန့်လာသော အချိန်ကာလများတွင် စစ်တမ်းများအရ ဖုန်းသုံးစွဲသူ ပမာဏ ၁.၀၉ သန်းခန့် ရှိခဲ့ကြောင်း၊ ယခုနောက်ပိုင်းတွင် CDMA 800 MHz ၊ CDMA 450 MHz ဖုန်းများနှင့် GSM မိုဘိုင်းဖုန်းများ ချထားပေးခဲ့ ချိန်တွင် ဖုန်းသုံးစွဲသူပေါင်း ၂. ၀၁ သန်း ခန့် ရှိနေပြီဖြစ်ကြောင်း၊ ယခု ကျပ် ၅ သိန်းထက် တန်ဖိုးနည်းသော GSM ဖုန်းများ ချထားပေးပြီးပါက မြန်မာနိုင်ငံ၌ ဖုန်းသုံးစွဲမှု အခြေအနေမှာ ၃ သန်းမှ ၄ သန်းအထိ ရှိလာနိုင်မည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ခန့်မှန်းထားသည်။

Ref: ဧရာဝတီ

0 comments:

အပေါ်သို့