Wednesday, August 3, 2011

အနာကြီးရောဂါသည်များကို ဒေါ်အောင်ဆန်းစုကြည် ရိက္ခာနှင့်အ၀တ်အစားလှူဒါန်း

August 2, 2011
နေသွင်

ရောဂါကြောင့် ကိုယ်လက်အင်္ဂါချိုယွင်းပြီး လုပ်ကိုင်မစားသောက်နိုင်တဲ့ အနာကြီး ရောဂါသည်တွေအတွက် ဒေါ်အောင်ဆန်း စုကြည် လှူဒါန်းတဲ့ အစားအစာ၊ အ၀တ်အစားတွေကို အဖွဲ့ချုပ် ဗဟိုအမျိုးသမီး လုပ်ငန်းအဖွဲ့က သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်း၊ လှည်းကူးအလွန်၊ မရမ်းချောင်း အနာကြီးရောဂါသည်တွေ ဂေဟာမှာ ဒီနေ့မနက် သွားရောက် လှူဒါန်းခဲ့တဲ့ အကြောင်း ကို အဖွဲ့ချုပ် ဗဟိုအမျိုးသမီးလုပ်ငန်း အဖွဲ့က ဘဏ္ဍာရေးမှူး ဒေါ်လဲ့လဲက ပြောပါတယ်။


“ကျမတို့ သွားလှူတာတော့ သူတို့အတွက် စားစရာတွေပေါ့။ မုန့်အမျိုးမျိုးပါပဲ။ ဒေါ်အောင်ဆန်းစုကြည် ကနေပြီးတော့ လိုအပ် နေတဲ့ နေရာတွေမှာ အစားအသောက် လှူမယ်ဆိုတဲ့ သူ့ရဲ့ ဆန္ဒကို အကောင်အထည် ဖော်တဲ့အနေနဲ့ သူ့ကို လှူထားတဲ့ မုန့်တွေကို ကျမတို့ သွားလှူပေးတာပါ။ သူတို့က ဘာပြောလဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ကနေ ဒီဝေဒနာ သည်တွေကို လှူဖို့စိတ်ဆန္ဒ အင်မတန်မှ ပြင်းပြ တယ်ဆိုတာ သိရတဲ့အတွက် သူတို့ အရမ်းဝမ်းသာပါတယ် ဆိုပြီး စခန်းမှာရှိတဲ့ တာဝန်ခံတွေက ပြောပါတယ်။”

မရမ်းချောင်း အနာကြီး ရောဂါသည်ဂေဟာကို စစ်အစိုးရ လက်ထက် လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က ဖွင့်လှစ်ခဲ့တာဖြစ်ပြီး လောလော ဆယ် ရောဂါသည် ၁၁၀ ကျော်ကို အစိုးရအစီ အစဉ်နဲ့ စောင့်ရှောက်ထားတယ်လို့ သိရပါတယ်။

အဖွဲ့ချုပ် ဗဟိုအမျိုးသမီးလုပ်ငန်းအဖွဲ့က ဒေါ်လဲ့လဲက မရမ်းချောင်းဂေဟာက ရောဂါသည် တွေအတွက် ရုပ်ဝထ္ထု ကူညီမှုမျိုးအပြင်၊ စိတ်ပိုင်းဆိုင်ရာ အင်အားဖြစ်စေမယ့် အစီအစဉ်တွေလည်း လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

“ကျမတို့ ဟိုရောက်သွားတဲ့အခါကျတော့ အဲဒီမှာ ကျမတို့ကို ကွန်ရက်ကနေ အကူအညီပေးနေတဲ့ ဖြိုးမင်းသိမ်းက ကားနဲ့ အကူ အညီပေးပါတယ်။ သူကနေ တနေ့စာအတွက် အသားဟင်းဖိုး သုံးသောင်းကိုလည်း ဒေါ်အောင်ဆန်းစုကြည် နာမည်နဲ့ လှူခဲ့သလို ကျမတို့တွေလည်း လှူခဲ့တယ်။ ဒေါ်မေ၀င်းမြင့်ကလည်း လှူခဲ့တယ်။ နောင်ကိုလည်း အလျဉ်းသင့်ရင် သင့်သလို သွားလှူဖို့လည်း အစီအစဉ်ရှိပါတယ်။ ဒီလိုလှူဖို့အပြင်ကို သူတို့စိတ်ချမ်းသာမယ့် ပျော်ပွဲရွှင်ပွဲလေးတွေတောင်မှ လုပ်ပေးနိုင်ရင် ကောင်းမလားလို့ ကျမတို့ အဲဒီလို စဉ်းစားတဲ့အနေအထားထိ ရှိပါတယ်။”

အနာကြီးရောဂါဟာ မြန်မာအပါအ၀င်၊ အာရှနှင့် အာဖရိကဒေသက အပူပိုင်းဒေသနိုင်ငံတွေမှာ တွေ့ရလေ့ရှိတဲ့ အရေပြားနဲ့ အရိုး ဆွေးမြည့်တဲ့ ကူးစက်ရောဂါတမျိုးဖြစ်ပြီး၊ နောက်ပိုင်း ဆေးပညာ တိုးတက်မှုနဲ့အတူ ကမ္ဘာတ၀ှမ်းလုံးမှာ ရောဂါကို ထိန်းချုပ် နိုင်ခဲ့ ပါတယ်။ အခုချိန်မှာတော့ကမ္ဘာတ၀ှမ်းလုံးမှာ ရောဂါသည် လက်ကျန် ၄ သိန်းပဲ ရှိတော့တယ်လို့ သိရပါတယ်။

အခုအချိန်မှာတော့ လူသားမျိုးနွယ်ရဲ့ ၉၀ ရာခိုင်နှုန်းမှာ ဖြစ်ပွားဖို့ မရှိတော့သလို၊ မရမ်းချောင်း ဂေဟာက ရောဂါသည်တွေ က လည်း အသက် ၇၀- ၈၀ အရွယ်တွေ အများစုလို့ သိရပါတယ်။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့