Monday, August 1, 2011

သစ်သီးများ စစ်ကားစီးပြီ

01 August 2011

မြ၀တီ ကုန်သွယ်ရေးဇုန်တွင် တင်သွင်းခွင့် ပိတ်ထားသော ထိုင်းသစ်သီးဝလံ မျိုးစုံကို စစ်ဆေးရေးဂိတ်များ ဖြတ်ကျော်ပြီး ဈေးကွက်သို့ ပို့နိုင်ရန် စစ်တပ်သုံးကားဖြင့် တင်ဆောင်ခြင်း၊ လူအားဖြင့် တောလမ်းမှ သယ်ယူခြင်း စသည့် နည်းများကို သုံးနေရကြောင်း သစ်သီးကုန်သည်များက ပြောသည်။


ယခုရက်ပိုင်းအတွင်း ဂိတ်တချို့တွင် စစ်ဆေး ဖမ်းဆီးမှု ပိုမို များပြားလာသဖြင့် ထိုနည်းလမ်း များကို သုံးလာကြခြင်း ဖြစ်သည်ဟု ဆိုသည်။

"တောလမ်းကနေ ဇုန်ကို ကျော်ပြီး သယ်နေရတော့ အချိန်ကုန် ငွေကုန်ဖြစ်တယ်။ ကုန်သည် အများ စုကတော့ မြ၀တီက စစ်ကားကြီးတွေကို ငှားပြီး သစ်သီးတွေကို သယ်ကြတယ်" ဟု သစ်သီး ကုန်သည် တဦးက ဧရာဝတီသို့ ပြောသည်။

သစ်သီးတင်မည့် စစ်ကားတစီး ငှားရမ်းခမှာ ကျပ် ၁ သိန်း ဖြစ်ကြောင်း၊ ဂိတ်တွင် တာဝန်ကျသူများက စစ်ကားများကို စစ်ဆေးခြင်း မပြုကြကြောင်း သိရသည်။

ဂိတ်ကြေး အဆမတန်ပေးရသည့် မြ၀တီမြို့မှအထွက် ၂ မိုင်ခန့်တွင်ရှိသည့် ကုန်သွယ်ရေးဇုန်ဂိတ်၊ မြို့နှင့် ၁၀ မိုင်ခန့် အကွာရှိ တံတားကျိုး စစ်ဆေးရေးဂိတ်တို့ကို ကျော်ဖြတ်ရန် ထိုစစ်ကားများကို အသုံးပြုကြသည်ဟု ကုန်သည်များက ပြောသည်။

ထိုဂိတ်များကို ဖြတ်သန်းပြီးပါက သစ်သီးဝလံတို့ကို ပုံမှန် သုံးနေကျ ယာဉ်များပေါ်သို့ ပြောင်းလဲ တင်ဆောင်ကြသည်ဟု ဆိုသည်။

မြ၀တီနှင့် ကော့ကရိတ်မြို့ကြား စစ်ဆေးရေးဂိတ်ကြီး ၆ ခု ခန့်ကို ငွေကြေး အနည်းငယ် ပေးကမ်းခြင်းဖြင့် အနှောက်အယှက်မရှိ ဖြတ်သန်းနိုင်သည်ဟု ယာဉ်မောင်းတဦးက ပြောသည်။

ထိုသို့ တရားမ၀င်နည်းဖြင့် တင်သွင်းကြသည့် ကုန်ကျစားရိတ်မှာ သစ်သီးတန်ဘိုး၏ ထက်ဝက်နီးပါး ရှိသည်ဟုလည်း မြန်မာ ပြည်သား ကုန်သည်တဦးဖြစ်သည့် ကိုယူနွတ်က ရှင်းပြသည်။

သစ်သီးဝလံ အစို တင်သွင်းခွင့်ကို လွန်ခဲ့သည့် ၁၈ နှစ်ခန့်က စတင် ပိတ်ထားခြင်း ဖြစ်သည်။

သစ်သီးဝလံများ အတားအဆီးမရှိ ဈေးကွက်သို့ရောက်ရေးအတွက် အာဏာပိုင်အဖွဲ့များကို လာဘ်ထိုးနေရသော်လည်း ဖမ်းဆီး သိမ်းဆည်းမှု မကြာခဏ ပြုလုပ်တတ်ကြောင်း၊ တကြိမ်အဖမ်းခံရပါက ကျပ် သန်းနှင့်ချီ နစ်နာဆုံးရှုံးရကြောင်း မြန်မာသစ်သီး ကုန်သည် ကိုအာလီက ပြောသည်။

"ပြီးခဲ့တဲ့အပတ်က ဆိုရင် ကျနော်တို့ကား ၇ စီး အောက်မှာ ဒူးရင်း တင်ပြီး၊ အပေါ်မှာ ကြက်မောက်သီးဖာတွေ တင်တားတယ်။ အဖမ်း အဆီး ရှိလို့ ပစ္စည်းတွေကို တရက် ခေါက်လိုက်ရတော့ အောက်က ဒူးရင်းသီး အပူရှိန်နဲ့ အပေါ်က ကြက်မောက်သီးတွေ အကုန် မည်းသွားတယ်။ ရန်ကုန်ရောက်တော့ လုံးဝ ရောင်းလို့ မရတော့ဘူး" ဟု ကိုအာလီက ပြောသည်။

ထိုင်းနှင့်မြန်မာကြားတွင် နယ်စပ်ဂိတ် များစွာ ရှိသည့်အနက် မဲဆောက် မြ၀တီလမ်းကို ရွေးရခြင်းမှာ သစ်သီးများ အချိန်တိုဖြင့် ဈေးကွက်သို့ ရောက်နိုင်သောကြောင့် ဖြစ်ကြောင်း၊ ၂၆၅ မိုင် ရှိသည့် မြ၀တီ-ရန်ကုန် ခရီးသည် ၁၂ နာရီခန့်သာ ကြာကြောင်း ကုန်သည်များက ပြောသည်။

မြ၀တီမှ တရက်ခြား ထွက်ခွာသည့် ယာဉ်တန်းတွင် သစ်သီးတင် ကုန်ကားအရေအတွက်က ၇၀ ခန့် ပါဝင်သည်ဟု ဆိုသည်။

အိမ်နီးခြင်းနိုင်ငံများက မြန်မာပြည်သို့ သစ်သီးမျိုးစုံ တင်သွင်းကြသော်လည်း အရည်အသွေး ပိုမို ကောင်းမွန်သည့် ထိုင်းသစ်သီး ၀လံများက ဈေးကွက် နေရာ အများစုကို ရရှိထားသည်ဟု မြန်မာကုန်သည်များက ပြောသည်။

မြန်မာဈေးကွက်သို့ သွားနေသည့် ထိုင်းသစ်သီးဝလံများမှာ ပန်းသီးမျိုးစုံ၊ စပျစ်သီးမျိုးစုံ၊ လိမ္မော်၊ ကြက်မောက်၊ နဂါးမောက်၊ ဒူးရင်း၊ ထောပတ်၊ သြဇာ၊ သရက်၊ ရေငန်း၊ မာလကာ၊ ကျွဲခေါင်း၊ သလဲ၊ သစ်တော်၊ သကြားသီး စသည်တို့ ဖြစ်သည်။

Ref: ဧရာဝတီ

0 comments:

အပေါ်သို့