Wednesday, August 3, 2011

SSC က အမှုတခု ရုပ်သိမ်း

သန်းထိုက်ဦး
02 August 2011

SSC အထူးကုဆေးရုံက HOT NEWS ဂျာနယ်ကို တရားစွဲဆိုထားသော အမှု နှစ်ခုအနက် တခုကို သောကြာနေ့က ပြန်လည် ရုပ်သိမ်းလိုက်သည်ဟု သိရသည်။

ရုပ်သိမ်းလိုက်သည့် အမှုမှာ လျော်ကြေး သိန်းပေါင်း နှစ်သောင်း ရလိုမှု ဖြစ်ကြောင်း ဂျာနယ်အတွက် ရှေ့နေလိုက်ပေးနေသူ ဦးသိန်းညွန့်က ဧရာဝတီသို့ပြောသည်။


“အချင်း မပွားလိုတဲ့ အတွက်ကြောင့် တဖက်နဲ့တဖက် သဘောတူညီမှု ရရှိလို့ အမှုကို ရုပ်သိမ်းတယ် လို့တော့ တရားရုံးတော်မှာ တင်ပြထားတယ်” ဟု ရှေ့နေ ဦးသိန်း ညွန့်က ဆိုသည်။

ကျန်ရှိသည့် အသရေဖျက်မှုကိုလည်း SSC က ယခုလ ၅ ရက်နေ့တွင် ရုပ်သိမ်း ဖွယ်ရှိကြောင်း ရှေ့နေ ဦးသိန်းညွန့်က ဆက်ပြောသည်။

အသရေဖျက်မှုမှာ ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ် တရားရုံး တွင် စွဲဆိုထားခြင်းဖြစ်သည်။ ရုပ်သိမ်းလိုက်သည့် အမှုကို ရန်ကုန် တိုင်းဒေသကြီး တရားလွှတ်တော်တွင် စွဲဆိုခဲ့ သည်။

SSC နှင့် HOT NEWS တို့ မည်သို့မည်ပုံ ညှိနှိုင်းပြီး အမှု ရုပ်သိမ်းရန် သဘောတူခဲ့ခြင်းနှင့် ပတ်သက်ပြီး အသေးစိတ် မသိရသေးပေ။

ထိုအမှုများသည် ဇွန်လ ၃ ရက်နေ့ထုတ် HOT NEWS တွင် ဖော်ပြထားသော “ပုဂ္ဂလိက ဆေးရုံ SSC ၏ ၀န်ဆောင်မှု” အမည်ရှိ ဆောင်းပါးနှင့် ပတ်သက်ပြီး ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ထိုဆောင်းပါးတွင် SSC ၏ ဝန်ဆောင်မှု အားနည်းချက်များကြောင့် လူနာရှင်တချို့ နစ်နာဆုံးရှုံးမှုများ ရှိနေကြောင်း ရေးသားထားချက်ကြောင့် ဇူလိုင်လ ၆ ရက်နေ့က တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

“၀န်ဆောင်မှုတွေမှာ အားနည်းချက်လေးတွေ ရှိတဲ့အပြင် ပြည်သူလူထု နစ်နာနေတာလေးတွေ တွေ့လို့ ဖော်ထုတ် ရေးသားပြတဲ့ သဘောပါပဲ” ဟု ဂျာနယ် အယ်ဒီတာချုပ်က ဧရာဝတီနှင့် ဆက်သွယ်မေးမြန်းခန်း တခုတွင် ပြောပြသည်။

အယ်ဒီတာချုပ် မဟေမာ (ခေါ်) မမ သည် ဒုဗိုလ်ချုပ်ကြီးဟောင်း ခင်မောင်သန်း၏ သမီးဖြစ်ပြီး ခင်ပွန်း ဖြစ်သူမှာလည်း ဗိုလ်မှူးကြီးဟောင်း တဦး ဖြစ်သည်ဟု သိရသည်။

ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်ရှိ SSC သည် ၂၀၀၉ ခုနှစ် အောက်တိုဘာလတွင် သေဆုံးခဲ့သူ လူနာတဦးဖြစ်သော အသက် ၁၅ နှစ် အရွယ် မခိုင်ရွှန်းလဲ့ရည်နှင့် ပတ်သက်ပြီး ပိုမို လူသိများလာသည့် ဆေးရုံ ဖြစ်သည်။

ဆက်စပ်ဖတ်ရှုရန် အင်တာဗျူး

Ref: ဧရာဝတီ

0 comments:

အပေါ်သို့